
သံတွဲ၊ စက်တင်ဘာ ၂၉၊ ၂၀၂၄။
ယခုလ ၂၆ရက်နံနက်ပိုင်းက စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကို ခံခဲ့ရသည့် သံတွဲမြို့ အထွက်ရှိ စစ်ဘေးရှောင်စခန်းမှ သေဆုံးသူ ၅ဦးထပ်တိုးပြီး၊ စုစုပေါင်း သေဆုံးသူ ၁၉ဦး ထိရှိလာကြောင်း သံတွဲဒေသခံတဦးထံမှ သတင်းရရှိသည်။
စက်တင်ဘာ ၂၆ နံနက် ၈နာရီဝန်းကျင်တွင် သံတွဲမြို့အထွက်၊ ယခင် ၆၈ သစ်စက်ကြီးဝန်းအတွင်းရှိ စစ်ဘေးရှောင်ပြည်သူများ ခိုလှုံနေသည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဆောက်အအုံသစ်အား စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးသူငယ်များအပါအဝင် စုစုပေါင်း ၁၄ဦးသေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရသူများပြားခဲ့သည်။
“သေဆုံးသူတေက မော်ရုံကများတယ်၊ ပွဲချင်းပီး ၁၄ယောက်၊ နောက်ထပ်သေတာနဲ့ဆို ၁၉ယောက်၊ ထိခိုက်ဒဏ်ရာ ရတာက၂၀ကျော်” ဟု အထက်ပါ သံတွဲဒေသခံက ဒွါရာဝတီသို့ ပြောသည်။
စစ်ကောင်စီလေကြောင်းဗုံးကြဲခဲ့သည် စစ်ရှောင်စခန်းသည် သံတွဲမြို့ပြင်(မြို့အထွက် စာနီတောင်ဂိတ် အနီး) သံတွဲ-ဂွ လမ်းမပေါ်တွင်တည်ရှိသည်။
သေဆုံးသွားသူများမှာ စစ်ကောင်စီရေတပ်စခန်းဖြစ်သည့် မောင်ရွှေလေးရေတပ်စခန်းအနီး၊ မော်ရုံကျေးရွာမှ စစ်ဘေးရှောင်လာသည့် ရွာသူရွာသားများ အများဆုံးပါဝင်ကြောင်း သိရသည်။ သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူ စာရင်းကို ဒွါရာဝတီက ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
စစ်ကောင်စီသည် တချိန်တည်းတွင် ၂နေရာ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး၊ သံတွဲရဲစခန်းရှေ့ (ယခင်ဘောလုံးကွင်းဟောင်းနေရာ)တွင် တည်ဆောက်ထားသည့် မြို့နယ်ခန်းမ အဆောက်အအုံသစ် ကိုလည်း ထိမှန်ခဲ့ကာ အဆောက်အအုံတခုလုံး ပျက်စီးခဲ့သည်။
အဆိုပါမြို့နယ်ခန်းမသည်လည်း လူနေရပ်ကွက်နှင့် အနည်းငယ်လှမ်းပြီး၊ အစိုးရရုံးများဖြစ်သည့် အကောက်အခွန်ရုံး၊ အထွေထွေအုပ်ချုပ်ရေးရုံး၊ ရဲစခန်း၊ ဘဏ်များနှင့် အနီးဝန်းကျင်တွင် တည်ရှိသည်။
စက်တင်ဘာ ၃ရက်နေ့ ည ၉နာရီကျော်တွင် စစ်ကောင်စီက လေကြောင်းဗုံးကြဲ ခဲ့သဖြင့် သံတွဲမြို့နယ်၊ ဆင်ခေါင်းကျေးရွာသို့ စစ်ရှောင်ရာမှ ပြန်လည်ရောက်ရှိ နေထိုင်နေသည့် အသက် ၈၀ ဝန်းကျင် အရပ်သား သက်ကြီးရွယ်အို ၁ဦးသေဆုံးပြီး၊ ၁ဦးဒဏ်ရာရရှိခဲ့သည်။ ( မှတ်တမ်းပုံများ ဖော်ပြနိုင်ခြင်းမရှိခဲ့ပါ)
ထို့ပြင် စက်တင်ဘာ ၂၂ရက်နေ့လည်ပိုင်းတွင် သံတွဲမြို့နယ်၊ ပေါက်တူးကျေးရွာ စာသင်ကျောင်းအနီးသို့ လေကြောင်းဗုံးကြဲခဲ့ရာ အနီးရှိ လူနေအိမ်တလုံးပေါ်သို့ ကျရောက်ခဲ့ပြီး ကလေးငယ်အပါအဝင် တမိသားစုတည်းမှ ၃ဦးသေဆုံးခဲ့ကာ၊ ၃ဦး ဒဏ်ရာပြင်းထန်ခဲ့သည်။
သံတွဲမြို့တွင် ဇွန်လ ၁၄ရက်နေ့ကတည်းက တယ်လီဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများပြတ်တောက်နေပြီး မြေပြင်နှင့် အဆက်အသွယ်ရရှိနိုင်ရန်နှင့် အရပ်သားများ လူ့အခွင့်အရေးချိုးဖောက်ခံရခြင်းအခြေအနေများကို
သတင်းဌာနများတွင် မှတ်တမ်းတင်နိုင်ရန် လွန်စွာခက်ခဲလျှက်ရှိသည်။