BattleNews

ဂွတောင်ကြားလမ်းတွင် ထောက်ပို့စစ်ကားတစီးမှောက်၊ ကျိန္တလီမြို့နယ်တိုက်ပွဲများဆက်လက်ပြင်းထန်နေ

ဂွ၊ အောက်တိုဘာ ၄၊ ၂၀၂၄။

ဧရာဝတီတိုင်းဘက်မှာ ရခိုင်တောင်ပိုင်းဒေသသို့လာသည့် စစ်ကောင်စီ၏ စစ်လက်နက်နှင့် ရိက္ခာ ထောက်ပံ့ရေး စစ်ကားတစီး ယနေ့မွန်းလွဲပိုင်းတွင် ဂွတောင်ကြားလမ်းပေါ်တွင် တိမ်းမှောက်ခဲ့ကြောင်း သတင်းရရှိသည်။

“ရိုးပေါ်က မိုင် ၂၀ မှာ စစ်တပ်ကို ထောက်ပို့သွားတဲ့ စစ်ကားမှောက်တာ၊ ကျည်ဆံနဲ့ အထဲက ပစ္စည်းတွေထွက်ကျကုန်တယ်လို့ ကိုယ်တိုင်မြင်ခဲ့တဲ့လူတွေဆီက သိရတယ်” ဟု ယနေ့ နေ့လည်တွင် မြေပြင်နှင့် အဆက်အသွယ်ရရှိခဲ့သူတဦးက ပြောသည်။

စစ်ကောင်စီသည် ရခိုင်တောင်ပိုင်းဒေသတိုက်ပွဲများအတွင်း ငါးသိုင်းချောင်း-ဂွရိုးမဖြတ်ကျော်လမ်းကို အသုံးပြုကာ လက်နက်အင်အား၊ လူအင်အား အဆက်မပြတ်ဖြည့်တင်းခဲ့သည်။

ဂွမြို့နယ်အပိုင်၊ ကျိန္တလီမြို့နယ်ခွဲအတွင်း စက်တင်ဘာ ၂၉ နှင့် ၃၀ က စတင်ကာ ဘဲအင်း၊ ဒယ်ပုတ်၊ ကုလားပြင်ကျေးရွာချင်းဆက် တောင်ကြောတဝိုက်တွင် တိုက်ပွဲများ ပြန်လည်ပြင်းထန်နေပြီး၊ စစ်ကောင်စီက လေကြောင်းပစ်ကူနေကြောင်းသိရသည်။

ဓာတ်ပုံ- ဧရာဝတီတိုင်းမှ ရခိုင်ပြည်နယ်သို့ ဝင်ရောက်နိုင်သည့် မိုးတွင်းကာလဂွတောင်ကြားလမ်းအပိုင်းတနေရာ။ (ပုံဟောင်း)

“တောင်ဘက်ခြမ်းကို မနေ့က မနက်ထ ကတည်းက တနေကုန် ၅ကြိမ်လောက်ကြဲတယ်၊ ညနေစောင်းမှာ သပြုချောင်းနားကို အမဲရောင် ထမင်းပေါင်းအိုးလောက်ရှိတဲ့ဟာက ကျလာပြီး အောက်ရောက်တော့ ပေါက်ကွဲတယ်လို့ ပြောတယ်” ဟု တိုက်ပွဲဧရိယာနှင့် နီးစပ်သည့်ကျေးရွာနှင့် ယမန်နေ့က အဆက်အသွယ်ရရှိခဲ့သူတဦးက ဒွါရာဝတီသို့ပြောသည်။

အလားတူ အောက်တိုဘာ လဆန်းအတွင်း ကုလားပြင်(ရတနာမြိုင်)ကျေးရွာနှင့် ရေကျော်ကျေးရွာသို့ ဖြတ်သန်း သွားလာသည့် လမ်းများကို လည်း စစ်ကောင်စီက ပိတ်ဆို့ထားကြောင်း ဒေသခံများထံမှ သိရသည်။

ထို့ပြင် ယမန်နေ့က ကျိန္တလီမြို့အနီးရှိ ဆားချက်ကျေးရွာ ဗုံးကြဲခံရပြီး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသော်လည်း ဒွါရာဝတီသတင်းဌာနက သီးခြားအတည်မပြုနိုင်သေးပေ။

ဘုန်းကြီးကျောင်းတော့ ကုန်သွားတယ်လို့သိရတယ်၊ ထပ်စုံစမ်းနေတယ်၊ ဖုန်းကလည်း မနေ့ကတည်းက အဲဒီဖက်ဆက်မရတော့တာ၊ ” ဟု မြေပြင်နှင့် အဆက်အသွယ်ရရှိခဲ့သူတဦးက ဒွါရာဝတီသို့ ပြောသည်။

ယခုရက်ပိုင်းအတွင်း အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီတို့ကြား ဖြစ်ပွားနေသည့် ကျိန္တလီမြို့နယ်တွင် တိုက်ပွဲများအတွင်း သေဆုံးခဲ့သည့် စစ်ကောင်စီတပ်သားများကို ကုလားပြင်သင်္ချိုင်းသို့ သယ်ယူကာ မြေမြှုပ်နေ ကြောင်း သိရသည်။

သြဂုတ် ၁၀ရက်နေ့တွင် စတင်ခဲ့သည့် ကျိန္တလီမြို့ပေါ်တိုက်ပွဲများအတွင်း စစ်ကောင်စီ၏ လေကြောင်း ဗုံးကြဲမှုများကြောင့် အရပ်သား ထိခိုက်သေဆုံးမှု များပြားခဲ့ပြီး ဆေးရုံ၊ သာသနိက အဆောက်အဦများ၊ ပြည်သူပိုင်အဆောက်အအုံများ ပျက်စီးခဲ့ရသည်။

စစ်ရှောင်များခိုလှုံနေသည့် ခရစ်ယာန်ဘုရားကျောင်းအား ဩဂုတ် ၁၂ ရက်က လေကြောင်းဗုံးကြဲ ခံရခြင်းကြောင့် အရပ်သား ၁၂ ဦးထက်မနည်း အစုလိုက်အပြုံလိုက်သေဆုံးခဲ့သည်။

ကျိန္တလီမြို့ တိုက်ပွဲများအတွင်းမှ ထွက်ပြေးလွတ်မြောက်လာသည့် ဒေသခံများ၏ ပြောကြားချက်အရ တိုက်ပွဲအတွင်း လက်နက်ကြီးနှင့် လေကြောင်းဗုံးများကြောင့် သေဆုံးသူ အများအပြားမြင်တွေ့ခဲ့ ရကြောင်း သိရသည်။

သို့သော် အင်တာနက်နှင့် တယ်လီဖုန်းလိုင်းများ ပြတ်တောက်နေခြင်းကြောင့် မြေပြင် သတင်းအချက် အလက်နဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရခြင်း၊ ပြည်သူတို့၏ နစ်နာဆုံးရှုံးမှုများကို မှတ်တမ်းတင်နိုင်ရန် ခက်ခဲနေဆဲဖြစ်သည်။

ဒေသခံများ၏အဆိုအရ စစ်ကောင်စီက သွားလာဆက်သွယ်ရေးနှင့် အခြေခံစားသောက် ကုန်စည်များသယ်ဆောင်ခြင်းကို ပိတ်ဆို့ဖြတ်တောက်ထားသည့်အတွက် ကျိန္တလီနှင့် ဂွမြို့ကြားရှိ ကျေးရွာများတွင် ခိုလှုံနေသည့် စစ်ရှောင် ပြည်သူများနှင့် ဒေသခံပြည်သူများသည် စားနပ်ရိက္ခာများ ပြတ်တောက်နေကြပြီး၊ အရေးပေါ် အကူအညီလိုအပ်နေသည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

ကျိန္တလီမြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲသည် ကာလအားဖြင့် ၂လနီးပါး ကြာမြင့် လာပြီဖြစ်သည်။

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button