
မောင်တော၊ အောက်တိုဘာ ၇၊ ၂၀၂၄။
အခြေခံစားသောက်ကုန်ပစ္စည်းများဝယ်ယူပြီးပြန်လာသည့် အရပ်သားကားတစီးကို ARSA မွတ်ဆလင်လက်နက် ကိုင်တပ်ဖွဲ့များက လမ်းတစ်လျှောက် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားအမျိုးသမီး ၁ ဦးသေဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
အောက်တိုဘာ ၇ ရက် ယနေ့ အာရက္ခတပ်တော်(အေအေ)၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
အောက်တိုဘာလ ၆ ရက် ညနေ ၄ နာရီ ၁၅ မိနစ်အချိန်တွင် မောင်တောမြို့ တောင်ပြိုမှ အခြေခံစားသောက် ကုန်ပစ္စည်းများဝယ်၍ ပြန်လာသော ကားမောင်းသူ နှင့် အရပ်သား (၆) ဦးပါ တေဘာကားတစီးကို ARSA မွတ်ဆလင် လက်နက်ကိုင်တပ်ဖွဲများမှ လမ်းတစ်လျှောက် အဆင့်ဆင့် ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့သည်။

အဆိုပါပစ်ခတ်တိုက်ခိုက်မှုကြောင့် မောင်တောမြို့ အောင်မင်္ဂလာကျေးရွာမှ အသက် ၃၈ နှစ်အရွယ် ဒေါ်ဆန်းဆန်းဦးမှာ ဝဲဖက်နားထင်အား ကျည်ထိမှန်၍ သေဆုံးခဲ့ရပြီး အခြား ၄ ဦးမှာလည်း လက်နက်ငယ် ဒဏ်ရာများရရှိခဲ့ကြသည်။
လတ်တလောတွင် ဝမ်းဗိုက်တွင် ပြင်းထန် ဒဏ်ရာ ရရှိသူ ၁ ဦး နှင့် ဦးခေါင်းတွင် ပြင်းထန်ဒဏ်ရာရရှိသူ ၁ ဦးတို့ကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ ဆေးကုသပေးလျက်ရှိသည်။

တပြိုင်နက်တည်းတွင် အပြစ်မဲ့အရပ်သားပြည်သူများအား အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်သွားခဲ့သော ARSA မွတ်ဆလင် အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့ဝင်များကို အာရက္ခတပ်တော်မှ လိုက်လံရှင်းလင်းလျက်ရှိသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
#ရခိုင် #မောင်တော #အရပ်သား # ARSA