
ဒွါရာဝတီ၊ ဒီဇင်ဘာ ၁၉၊ ၂၀၂၄။
စစ်ကောင်စီ၏ ဝါဒဖြန့်မီဒီယာတချို့သည် ၁၆ ရာစုက ဘုရင့်နောင် ရခိုင်ပြည်ကို သိမ်းခဲ့သည့်အကြောင်းပြောပြီး လက်ရှိ၌ စစ်ကောင်စီတပ်များ ရခိုင်ပြည်တွင် တိုက်ပွဲများအောင်မြင်နေသယောင် ဝါဒဖြန့်ခြင်းများ ပြုလုပ်လျက် ရှိသည်။
လက်တွေ့မြေပြင်တွင် စစ်ဌာနချူပ်များ၊ တပ်ရင်း၊ တပ်စခန်းများ ဆက်တိုက်ကျရှုံးပြီး ဗိုလ်မှူးချုပ်အပါအဝင် အရာရှိစစ်သည်ပေါင်းများစွာ သေဆုံးဖမ်းဆီးခံရကာ အကြီးအကျယ်စစ်ရှုံးနေသည့်အချိန်၌ စစ်ကောင်စီ၏ ဝါဒဖြန့်မီဒီယာတချို့က ယခုကဲ့သို့ ဆက်တိုက်ဝါဒဖြန့်ချိနေကြခြင်းဖြစ်သည်။
၁၆ ရာစုက ဘုရင့်နောင်နှင့်တပင်ရွှေထီး၏ ရခိုင်ပြည်အား သိမ်းခဲ့သည့်ဇာတ်ကြောင်းကို အမျိုးသားတဦးက ပြန်လည်ဖတ်ပြပြီး အတိတ်တချိန်က ဗမာဘုရင်များ ရခိုင်ပြည်တွင် စစ်နိုင်ခဲ့သည့်အကြောင်း၊ စစ်မတိုက်ဘဲ အညံ့ခံပါက မြို့မပျက် ပြည်သူများအထိအခိုက်မရှိသည့်အကြောင်း၊ စစ်ရေးဗျူဟာအရ ဘုရင့်နောင်ကဲ့သို့ မြို့တက်မသိမ်းဘဲ မြို့အနီးဝန်းကျင်မှနေပြီး မြို့ထဲသို့ အမြောက်များဖြင့် ပစ်သည့်အကြောင်းများကို ဖတ်ပြသွား ခဲ့သည်။
အဆိုပါ အသံဖိုင်ကို စစ်ကောင်စီထောက်ခံဝါဒဖြန့်မီဒီယာဖော်ပြထားရာတွင် ရခိုင်ပြည်တွင် စစ်ကောင်စီက တိုက်ပွဲများအောင်မြင်နေသယောင်ဖော်ပြထားသကဲ့သို့ တချို့သော ရေးသားဖော်ပြထားသည့် အသုံးနှုန်းများ သည် ရခိုင်နှင့် ဗမာတိုင်းရင်းသားကြား သွေးခွဲရေးသားထားသည့် သဘောမျိုးကိုလည်းတွေ့ရသည်။
ဗမာနှင့် ရခိုင်တိုင်းရင်
ဘုရင့်နောင် မင်းတရားကြီး ရဲ့ဘုန်းတော်
ကံတော်ပါလာရင် ရခိုင်ကို သံတွဲကနေ
စသိမ်းနိုင်မှာပါ။
အခု ဂွမှာ AA ရ**တွေ အရေးနိမ့်လာ
ပြီ ဂွ အရေးနိမ့်ရင် သံတွဲ အထိ ပြန်ပေးရမယ်။
စစ်တွေက ပုဏ္ဏကျွန်းကို စသိမ်းမယ်။
တကယ်လုပ်အဟုတ်ဖြစ်ပါလိမ့်မည်။
မြန်မြန်လေး ဆုံးဖြတ်ချက်ချစေ ချင်ပါတယ်။
ဘုရင်နောင်မင်းတရားကြီး ရဲ့ ရခိုင်သိမ်း
တိုက်ပွဲ ဗျူဟာ အတိုင်း မြင်တွေ့ကမယ်
ထင်ပါတယ်။
စသဖြင့် ရိုင်းစိုင်းသည့်အသုံးအနှုန်ူး၊ တိုင်းရင်းသားများကြား သွေးခွဲရန်တိုက်ပေးသည့် အသုံးအနှုန်းများကို တွေ့ရသည်။
၂၀၁၂ တုန်းကလည်း စစ်တပ်ကျောထောက်နောက်ခံပြုသည့် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာများ၌ လူမျိုးရေး၊ ဘာသာရေးခွဲခြားသည့် အသုံးအနှုန်းများ သုံးစွဲခဲ့သည့်အတွက် ၂၀၁၂ ခုနှစ်တွင် ရခိုင်ပြည်၌ လူမျိုးရေး၊ ဘာသာရေး အဓိကရုန်းများဖြစ်ပွားခဲ့သည်။