BattleNews

သံတွဲမြို့ကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲပြီး လေယာဉ်ပေါ်မှ စစ်သေနတ်ဖြင့် လိုက်လံပစ်ခတ်

သံတွဲ၊ ဒီဇင်ဘာ ၃၀၊ ၂၀၂၄။

စစ်ကောင်စီလေတပ်သည် ၎င်းတို့လက်လွှတ်ဆုံးရှုံးထားရသည့် သံတွဲမြို့ကို ဒီဇင်ဘာနှောင်းပိုင်းက လေကြောင်း တိုက်ခိုက်ရုံသာမက လေယာဉ်ပေါ်မှ စစ်သေနတ်ဖြင့်ပါ လိုက်လံပစ်ခတ်ခြင်းများကိုလည်း ပြုလုပ်ခဲ့ခြင်းကြောင့် မြို့ပေါ်ရပ်ကွက်အချို့မှ ပြည်သူများ ဘေးလွတ်ရာသို့ ထပ်မံစစ်ဘေးရှောင်နေ ကြရကြောင်း မြေပြင်နှင့် အဆက် အသွယ်ရရှိသည့် ဒေသခံများထံမှ သတင်းရရှိသည်။

“တပိုင်းလုံးနီးပါး ရွာနီးချုပ်စပ်တွေကို ရှောင်သွားကြတယ်၊ အိမ်မှာ မနေရဲကြတော့ဘူး။ မြို့ထဲပြန် မဝင်ရဲကြ တော့ဘူး၊ နေ့တိုင်းနီးပါး ကြဲတယ်၊ လေယာဉ်နဲ့ ကြဲရုံမက နိမ့်နိမ့်လေးကပျံပြီး သေနတ်နဲ့ လှမ်းပစ်တယ်လို့ ကျမအစ်ကိုနဲ့ အဆက်အသွယ်ရလို့ ပြောပြတယ်” ဟု အမှတ် ၄ ရပ်ကွက်တွင် နေထိုင်ခဲ့သည့် ဒေသခံ စစ်ရှောင် အမျိုးသမီးတဦးက ဒွါရာဝတီသို့ပြောသည်။

လေကြောင်းဗုံးကြဲခြင်းများကို အဆက်မပြတ်ပြုလုပ်နေပြီး အရပ်သား ထိခိုက်မှုများ ရှိသော်လည်း အဆက်အသွယ်ပြတ်တောက်နေကြခြင်းကြောင့် မြေပြင် သတင်းများကို နောက်ကျမှ ကြားသိနေကြရသည်။

ဒီဇင်ဘာ ၂၀ ရက်မတိုင်မီက အမှတ် ၄ ရပ်ကွက် မန်းရွှေတိဂုံ(မန်းတောင်)ဘုရား ကုန်းအနီးသို့ လည်းကောင်း၊ ဒီဇင်ဘာ ၂၃ ရက်က ညောင်ပင်ဈေးရပ်ကွက်သို့လည်းကောင်း စစ်ကောင်စီက လေကြောင်းဗုံးကြဲခဲ့ရာ မန်းတောင်ဇရပ် အဆောင်အချို့ပျက်စီးခဲ့ပြီး၊ ညောင်ပင်ဈေးရှိ နေအိမ်အချို့ပြိုကျခြင်း၊ ပျက်စီးခြင်းတို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“မန်းတောင်ကိုကျတဲ့နေ့က ဆံတော်တောင်လမ်းပေါ်က မြေပဲဆားလှော်ရောင်းတဲ့ အရီးတယောက် အစမှန်ပြီး ဆုံးတယ်လို့ သတင်းကြားရတယ်၊ ဒါပေမယ့် အတည်ပြုနိုင်ဖို့ ခက်နေတယ်၊ အဲ့ဘက်က ဆက်လာမှ ထပ်မေးလို့ရဖို့” ဟု နောက်ထပ် စစ်ရှောင်ပြည်သူတဦးက ပြောသည်။

သူက ဆက်လက်၍ “ညောင်ပင်ဈေးမှာ ကိုဇော်မိုး(ပရိဘောဂ)အိမ်ခေါင်းရင်းအခြမ်း အကုန်ပြိုတယ်၊ အဲ့အိမ်ကနေ ယာဉ်ထိန်းရဲဦးအေးမောင်အိမ်အထိက တလုံးလည်းအကောင်းမကျန်တဲ့၊ ခေါင်မိုး ပေါက်တဲ့ အိမ်ပေါက်၊ ဟိုဟာကျိုး၊ ဒီဟာပဲ့၊ မှန်တွေအကုန်ကွဲ သွားတယ်တဲ့” ဟု ဒွါရာဝတီသို့ ပြောသည်။

ဒီဇင်ဘာ ၁၇၊ ၁၈ နှင့် ၁၉ ရက်များတွင် အမှတ် ၁ ရပ်ကွက် (စံပါယ်လမ်းထိပ်)၊ အမှတ် ၄ ရပ်ကွက် (စစ်ကောင်စီ အစိုးရရုံးများ ရုံးစိုက်ရာ ဗိုလ်ကုန်းရပ်) နှင့် အမှတ် ၇ ရပ်ကွက် (ရေအားလျှပ်စစ်လမ်း အနီးဝန်းကျင်) ပေါ်သို့ စစ်လေယာဉ်များဖြင့် လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ အမှတ် ၇ ရပ်ကွက်မှ သူနာပြု အမျိုးသမီးတဦး ဒဏ်ရာပြင်းထန်ကာ သွေးထွက်လွန် သေဆုံးမှု ဖြစ်ပွားခဲ့သည်။

“ဒီဇင်ဘာ ၁၈ ရက်က ငကျော်တောင် ခြင်္သေ့သုံးကောင်အိမ်ခေါင်းရင်းအိမ်ကို ကျတယ်လို့ ပြောတယ်၊ ပြိုတာ၊ လူထိတာ မပြောသွား၊ ဖုန်းလိုင်းတွေကလည်း မကောင်း” ဟု မြေပြင်နှင့်အဆက်အသွယ်ရခဲ့သည့် အထက်ပါ သတင်းရင်းမြစ်က ပြောသည်။

ဒီဇင်ဘာ ၂၃ ရက် ညနေပိုင်းတွင် အမှတ် ၄ ရပ်ကွက်(သမုဒ်ချောင်းအပိုင်း)သို့ လေကြောင်း တိုက်ခိုက်ခဲ့ရာ အရပ်သား ၁ ဦးသေဆုံးပြီး အခြားထိခိုက်ဒဏ်ရာရမှုများ၊ နေအိမ်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့သည်။

အင်တာနက်နှင့် တယ်လီဖုန်းလိုင်းများ ပြတ်တောက်နေ(ဖုန်းလိုင်းမိသည့်နေရာများသို့ သွားရောက် ဆက်သွယ် ကြရ)ခြင်းကြောင့် ထိခိုက်ပျက်စီးမှုများကို အသေးစိတ်သိရှိနိုင်ရန် ခက်ခဲနေသည်။

သံတွဲမြို့သည် ဇူလိုင်လလယ်တွင် အာရက္ခတပ်တော်(အေအေ)ထံ စစ်ကောင်စီက လက်လွှတ်ဆုံးရှုံးခဲ့သည်။

စစ်ရေးရှုံးနိမ့်ခဲ့သော်လည်း အဆက်မပြတ်လေကြောင်းတိုက်ခိုက်ခံနေရခြင်းကြောင့် ဒေသခံများ ဘေးလွတ် မည်ထင်သည့် အရပ်များသို့ အရေးပေါ်ထပ်မံ ရွှေ့ပြောင်းနေကြရခြင်းဖြစ်သည်။

#သံတွဲ #လေကြောင်းဗုံးကြဲ #စစ်သေနတ် #စစ်ကောင်စီ #အေအေ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button