
ရမ်းဗြဲ၊ ဇန်နဝါရီ ၁၁၊ ၂၀၂၅။
ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာလေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သားပြည်သူ ၂၆ ဦးသေဆုံးပြီး လူနေအိမ် ၃၉၈ လုံး မီးလောင်ကျွမ်းခဲ့ သည်ဟု အာရက္ခတပ်တော်(အေအေ)က ဇန်နဝါရီ ၁၀ ရက်တွင် ထုတ်ပြန်သည်။

စစ်ကောင်စီသည် ဇန်နဝါရီ ၈ ရက် နေ့လယ် ၁ နာရီကျော်အချိန်၌ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ရွာတောင်ပိုင်းရပ်ကွက်၊ ရွာအလယ်ပိုင်းရပ်ကွက်နှင့် မြောက်ပိုင်း ရပ်ကွက်တို့ မီးအပြင်းအထန်လောင်ကျွမ်းခဲ့ပြီး နေအိမ်ပေါင်း ၃၉၈ လုံး မီးလောင်ကျွမ်းသွားခဲ့သည်ဟု ဆိုသည်။

သက်ကြီးရွယ်အိုများနှင့် ကလေးငယ်အများအပြား မီးလောင်ကျွမ်းမှုထဲပါသွားခဲ့ပြီး လက်ရှိအချိန်အထိ AA ၏ ပြုစုနေသောစာရင်းများအရ သေဆုံးသူ ၂၆ ဦး၊ အလတ်စား၊ ပြင်းထန်ဒဏ်ရာရသူ ၁၂ ဦး နှင့် အသေးစား ဒဏ်ရာရရှိသူ ၁၅ ဦး အထက်ရှိခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထို့အပြင် အလောင်းရှာမတွေ့ဘဲ ပျောက်ဆုံးနေသော သူများရှိနေသေးသောကြောင့် သေဆုံး ဒဏ်ရာရသူများ အရေအတွက် ထပ်မံတိုးလာနိုင်ပြီး နောက်ထပ် သေဆုံး ဒဏ်ရာရသူများစာရင်း ရရှိပါက ထပ်မံဖော်ပြပေးသွား မည်ဖြစ်သည်ဟု အေအေက ဆိုသည်။

ရခိုင်ပြည်တွင် စစ်ရှုံးနေသည့် စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာများတွင် ပြည်သူများကို ပစ်မှတ်ထားပြီး ဆေးရုံများ၊ ဆေးခန်းများ၊ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများ၊ ဈေးများ၊ လမ်းတံတားများ နှင့် လူနေရပ်ကွက်များကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကို နေ့စဉ်နှင့်အမျှ ပြုလုပ်လျက်ရှိပြီး စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက် ကျူးလွန်လျက်ရှိသည်ဟု အာရက္ခတပ်တော်(အေအေ)၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူဦးရေမှာ ၄၁ ဦးရှိသည်ဟု သတင်းမီဒီယာ များက ရေးသားခဲ့ကြသလို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီဌာနကလည်း ထုတ်ပြန် ခဲ့သည်။

ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ အကြမ်းဖက်ကျူးလွန်သူ များကို အပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန် တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း NUG လူ့အခွင့် အရေးဆိုင်ရာဝန်ကြီးဌာနက ဇန်နဝါရီ ၁၀ ရက်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။
#ရမ်းဗြဲ #ကျောက်နီမော် #ရခိုင် #လေကြောင်း #ဗုံးကြဲ