သံတွဲ၊ ဩဂုတ် ၁၊ ၂၀၂၄။
အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ်များကြား တိုက်ပွဲပြင်းထန်နေသည့် ငပလီ ကမ်းခြေမြို့ ၊ ဂျိတ္တောငါးဖမ်းဇုန်အား ဇူလိုင် ၂၆ ရက်နေ့မှ စတင်ကာ အင်တာနက်နှင့် ဖုန်းလိုင်းများ ဖြတ်တောက်ထားပြီး အဆက်အသွယ်ပြတ်တောက်နေသည်မှာ ၆ရက် ခန့်ရှိပြီဖြစ်ကာ၊ မြေပြင်တွင် မည်သို့ ဖြစ်ပျက်နေသည်ကို မသိရတော့ကြောင်း အဝေးရောက် မိသားစုဝင်များထံမှ သိရသည်။
အဆက်အသွယ်မပြတ်တောက်မီရက်ပိုင်းက စစ်ကောင်စီက ဂျိတ္တောနှင့် မြပြင်ရပ်ကွက်အား ကြည်း၊ ရေ၊ လေ ပူးပေါင်း တိုက်ခိုက်နေပြီး၊ မြေပြင်တွင် စစ်ကောင်စီတပ်သားများက အရပ်သားများအား သူတို့ ကယ်ထုတ်သွားမည်ဟု ဆိုကာ ထွက်ပြေးရန် ကြိုးစားခဲ့ခြင်းရှိကြောင်း သိရသည်။ အလားတူ စစ်ကောင်စီတပ်သားများ လှေဖြင့်ထွက်ပြေးခဲ့ခြင်းများလည်း ရှိခဲ့ကြောင်း မျက်မြင်တွေ့သူ တဦးထံမှ သိရသည်။
“သောကြာနေ့က နောက်ဆုံး အဆက်အသွယ်ရတာ၊ တိုက်ပွဲပြင်းထန်နေတယ်လို့ပြောတယ်၊ ရွာမှာ ပိတ်မိနေတဲ့လူတွေအားလုံးကို စစ်တပ်က တောင်ဘက်ခေါ်သွားပေးမယ်၊ စားစရာ၊ နေစရာပူစရာ မလိုဘူး ဆိုပြီး လူတွေကိုခေါ်တယ်၊ မိုးက ကြီးနေတော့ ရာသီဥတာကောင်းတာနဲ့ သူတို့ဆုတ်မယ်၊ ပြီးရင် ရွာကိုဗုံးကြဲမယ်လို့ ရွာသားတွေကို ပြောတယ်လို့ နောက်ဆုံးသိရတာ၊ ရွာသားတွေက သူတို့နဲ့ မလိုက်ချင်ဘူးတဲ့၊ ပြီးတာနဲ့ အဆက်အသွယ် ပြတ်သွားတာ” ဟု အမည်မဖော်လိုသည့် ဒေသခံတဦးက ပြောသည်။
တိုက်ပွဲပြင်းထန်နေသည့် ဂျိတ္တော၊ မြပြင်ကမ်းခြေဘက်သို့ စစ်ကောင်စီက ယခုရက်ပိုင်းအတွင်း လေယာဉ်ဖြင့် နေ့စဉ် ဗုံးကြဲနေသည်ကို မြင်နေရသည့် ကျေးရွာတရွာမှ ဒေသခံတဦးက “ဂျိတ္တော ဘက်ကမ်းကို လေယာဉ်နဲ့ နေ့တိုင်း တချိန်လုံးကြဲနေတယ်၊ နာရီမခြားကြဲနေတယ်၊ ဖွက်ဖွက်ညက်ညက် ကျေပြီး စစ်တလင်းလိုဖြစ်နေရောမယ်”ဟု အဝေးရောက် မိသားစုဝင်တဦးအား ယမန်နေ့ ညနေက ပြောသည်။
အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီတို့ကြား ဇီးဖြူကုန်းနှင့် ငပလီရပ်ကွက်များတွင် အပြင်းအထန် ဖြစ်ပွားနေစဉ်ကတည်းက ဒေသခံ ၈၀ ရာခိုင်နှုန်းခန့် စစ်ဘေးမှ တိမ်းရှောင်သွားကြ သော်လည်း ငွေကြေးအခက်အခဲ၊ ကျန်းမာရေးမကောင်းသည့် သက်ကြီးရွယ်အိုများဖြစ်ခြင်း၊ နေအိမ်ကို စောင့်ရှောက်ရန် စသည့် အကြောင်းအမျိုးမျိုးကြောင့် စစ်ဘေးမှ မတိမ်းရှောင်နိုင်ဘဲ ပိတ်မိ ကျန်နေခဲ့သည့် ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုများအပြင် လူပေါင်း ထောင်ချီ ရှိနေသေးသည်။
“အဆက်အသွယ်မပြတ်ခင်က ရာသီဥတုလည်းဆိုးနေတယ်၊ မိုးကြီး လေလည်းတိုက်တော့ အုန်းသီးတွေကြွေတာကောက်ထားတယ်၊ စားစရာမကျန်တော့ရင် အုန်းသီးခွဲစားနေမယ်လို့ ပြောတယ်၊ ကလေးတွေရော၊ အသက်ကြီးတဲ့လူတွေရော မိသားစု ၃/၄စု စုနေကြတယ်” ဟု ပြီးခဲ့သည့် ဇူလိုင် ၂၆ ရက်နေ့က ဂျိတ္တောနှင့် နောက်ဆုံး အဆက်အသွယ်ရရှိခဲ့သူတဦးက ပြောသည်။
လွန်ခဲ့သည့် ၃ရက်ခန့်က ဂျိတ္တောရပ်ကွက်မှ ထွက်ပြေးလာနိုင်ခဲ့သည့် ဒေသခံအမျိုးသမီးတဦး၏ ပြန်လည်ပြောပြချက်အရ စစ်ကောင်စီရေတပ်စခန်းမှ ဂျိတ္တောဘက်ခြမ်းသို့ လက်နက်ကြီးဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့ရာ ဂျိတ္တောရပ်ကွက် အထိနာခဲ့ကြောင်းသိရသည်။
အလားတူ စစ်ရှောင်ဂျိတ္တောဒေသခံတဦးက “မနေ့က အသိတယောက် အခြေအနေကြည့်ဖို့သွားတာ လင်းသာအထိပဲ ဝင်လို့ရခဲ့တယ်၊ မြပြင်နဲ့ ဂျိတ္တောကို ဝင်ခွင့်မရခဲ့ဘူး၊ နယ်မြေရှင်းလင်းရေး လုပ်ရ ဦးမယ်လို့သိရတယ်၊ ဂျိတ္တောကို နှာခေါင်းစည်း အထပ်ထပ်အုပ်ပြီးသွားတာတောင် အနံ့အသက်တွေ ဆိုးလွန်းလို့ သွားဖို့ ခက်ခဲနေတဲ့ အနေအထားကို ပြောပြလိုက်တယ်၊ အခြေအနေအတိအကျ ဘာမှ သိခွင်မ့ရခဲ့သေးပါဘူး”ဟု ဒွါရာဝတီသို့ ပြောသည်။
ဇူလိုင် ဒုတိယပတ်အတွင်း တိုက်ပွဲပြင်းထန်ခဲ့သည့် ရခိုင်ပြည်နယ်၊ သံတွဲမြို့ပေါ်နှင့် အနီးတဝိုက် တွင်လည်း စစ်ကောင်စီ၏ နေ့ရောညပါ အဆက်မပြတ် လေကြောင်းဗုံးကြဲမှုကြောင့် တာဝါတိုင် ပျက်စီးကာ တယ်လီဖုန်းလိုင်းနှင့် အင်တာနက်လိုင်း ပြတ်တောက်နေခဲ့သည်မှာ ဇူလိုင် ၁၃ရက်နေ့ ကတည်းက ယနေ့အချိန်အထိဖြစ်သည်။
ပုံ-ယခင်က ရေလုပ်ငန်းများဖြင့် စည်ကားခဲ့သည့် ဂျိတ္တောကမ်းခြေကို တွေ့ရစဉ်။