သံတွဲ၊ ဇူလိုင်၁၇၊ ၂၀၂၄။
ဆန်ပြတ်လပ်ခြင်းနှင့် ငွေကြေးမတတ်နိုင်ခြင်းတို့ကြောင့် ဆန်ကွဲကို ချက်ပြုတ် စားသောက်နေရာမှ ဇူလိုင်လလယ်တွင် ဆန်ကွဲထပ်မံ ပြတ်လပ်လာနေကြောင်း သံတွဲမြို့ခံ စစ်ဘေးရှောင်များထံမှ သတင်းရရှိသည်။
“ဆန်ကွဲတပြည်ကို ၄ ထောင်၊ တချို့နေရာတွေမှာ ဆန်ကွဲတောင် ဝယ်လို့မရတော့ဘူး၊ ကျမရောက် နေတဲ့နေရာမှာတော့ ရန်ကုန်သွားဖို့လူက ရောင်းခဲ့တဲ့ ဆန်ကွဲကို ပြန်ဝယ်ကြတာ။ ဆန်ကွဲ ၁၀ အိတ်က တရက်တည်းနဲ့ ကုန်သွားတယ်” ဟု သံတွဲမြို့၏ တောင်ဘက် ကျေးရွာတရွာတွင် စစ်ဘေးရှောင်နေရသည့် အမျိုးသမီးတဦးက ပြောသည်။
အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ်တို့ကြား ဆက်တိုက်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုများကြောင့် သံတွဲမြို့တဝိုက်မှ ဘေးလွတ်ရာသို့ နည်းမျိုးစုံဖြင့် ထွက်ပြေးတိမ်းရှောင်နေရသူများသည် စားနပ်ရိက္ခာနှင့် နေစရာ အခက်အခဲများစွာတွေ့ကြုံနေကြရကြောင်း သိရသည်။
“အခုက နေဖို့နေရာလည်း အခက်အခဲဖြစ်နေကြတယ်။ ဘုန်းကြီးကျောင်းတွေမှာလည်း မကန်(မဆံ့)တော့ဘူး၊ အရေးပေါ်ပြေးလာတဲ့လူတွေကို နေရာထိုင်ခင်းရှာနေတုန်း ဘုန်းဘုန်းက ခဏတဖြုတ်တော့ တည်းခွင့်ပေး တယ်” ဟု စစ်ဘေးရှောင် တဦးက ပြောသည်။
သံတွဲ-ဂွကားလမ်းပေါ်ရှိ ကျေးရွာအသီးသီးတွင် စစ်ဘေးရှောင်နေသည့် ပြည်သူများသည် အိမ်ငှားနေရန် ငွေကြေး မတတ်နိုင်သလို၊ စားနပ်ရိက္ခာအတွက်လည်း အကျပ်အတည်းကြုံနေကြရသည်။
“ဘုန်းကြီးကျောင်းမှာ နေခွင့်ရတဲ့လူတွေကတော့ ဘုန်းဘုန်းကတဆင့် အလှူတွေရရင် ထမင်းမငတ်ဘူး၊ အခုက အပြင်မှာ ကြုံသလိုနေနေကြရတဲ့လူတွေ တအားအခက်အခဲ ကြုံနေတယ်၊ တချို့က အိမ်ငှားစားတာ မဟုတ်ဘူး၊ အိမ်ငှားခလည်း မတောင်းဘူး၊ ၁လကို ဆန်တအိတ်ပဲ ပေးပါလို့ ပြောတယ်၊ ဆန်ကြမ်းတအိတ်ဟာ ၂ သိန်း ပေါက်ဈေးရှိနေတယ်။ ငွေရှိသူက ဝယ်မယ်ဆိုရင်လည်း လွယ်လွယ်ဝယ်လို့ မရ” ဟု သံတွဲမြို့နှင့် မိုင် ၂၀ အကွာရှိ ကျေးရွာတခုတွင် လူစုကာ ဂိုထောင်ကဲ့သို့ အဆောက်အအုံ တခု ငှားနေကြရသည့် စစ်ရှောင်တဦးက ပြောသည်။
၂၀၂၃ခုနှစ်၊ နိုဝင်ဘာ ၁၃ က စတင်ကာ စစ်ကောင်စီက ရခိုင်ပြည်နယ်သို့ ဝင်ထွက်ရာလမ်းများကို ပိတ်ဆို့ထား ခဲ့သလို၊ အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ်တို့ ကြား တိုက်ပွဲများဖြစ်ပွားနေသည်မှာ ၃ လ ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ တိုက်ပွဲကာလ ၃ လစွန်းစွန်းတွင် သံတွဲမြို့ကို အေအေက ထိန်းချုပ်ထားနိုင်ပြီဖြစ်ပြီး၊ မြို့တွင်း ပိတ်မိနေသူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနေသည်။
ပုံစာ- စစ်ဘေးရှောင်လာသူများ ယာယီစားသောက်ရေးအတွက် ထမင်းဟင်းများ ကူညီနေသည့် ကျိန္တလီမြို့ခံများ။ / ဓာတ်ပုံ- ကျိန္တလီ ဒေသခံတဦး။