People VoiceSharing & Charity

“စားစရာမရှိလို့ ဒီဘဝမှာ မနေချင်တော့ဘူး” ဆိုတဲ့ တောင်ကုတ်မြို့၊ မှင်သန်းရွာက ဦးကုလား

ရခိုင်တောင်ပိုင်းဒေသ တောင်ကုတ်မြို့၊ မှင်သန်းရွာမှာ ဦးကုလားနဲ့ ဒေါ်ခင်ဌေးဝင်းတို့ နေထိုင်ကြပါတယ်။

သားသမီးကျောထောက်နောက်ခံမရှိတဲ့ သူတို့ဇနီးမောင်နှံမှာ ဦးကုလားကတော့ အနာကြီးရောဂါ ကူးစက်ခံထားရတဲ့ နာတာရှည်ရောဂါခံစားနေရသူတဦးဖြစ်ပြီး၊ ဒေါ်ခင်ဌေးဝင်းက ဟင်းသီးဟင်း ရွက်တွေ ရောင်းချပြီး အိမ်ရဲ့စားစရိတ်ကို ရှာဖွေသူဖြစ်ပါတယ်။

ဒီလိုနေထိုင်လာခဲ့ကြတဲ့ သူတို့တွေဟာ အဆပေါင်းများစွာ မြင့်တက်နေတဲ့ ရခိုင်ပြည်နယ်ထဲက ကုန်ဈေးနှုန်းတွေနဲ့ သူတို့ဝင်ငွေနဲ့ မမျှတတဲ့အခါ ဝမ်းရေးခက်ခဲလာပါတော့တယ်။ ထမင်းနပ်မမှန်တဲ့ ကာလတွေကို ခက်ခက်ခဲခဲ ကျော်ဖြတ်နေရတဲ့အပြင်၊ ကျန်းမာရေး မကောင်းတာ၊ လိုအပ်တဲ့ ဆေးဝါးတွေ ဝယ်ယူသောက်သုံး နိုင်တဲ့ ငွေကြေးတပြားတချပ် မရှိတော့တာတွေကြောင့် ဦးကုလားရဲ့ အဖြစ်ချင်ဆုံးဆန္ဒက ဒီလောကကြီးက ထွက်သွားဖို့ပါပဲ။

ဟင်းသီးဟင်းရွက်ရောင်းချပြီး သူတို့အိမ်ရဲ့ စားရေးအတွက် တနေ့စာတနေ့ ရှာဖွေနေရတဲ့ ဒေါ်ခင်ဌေးဝင်းတယောက်ဟာ မျက်လုံး တိမ်စွဲနေတဲ့အတွက် အမြင်အာရုံလည်း သိပ်မကောင်း တော့ပါဘူး။

သူတို့ ဇနီးမောင်နှံရဲ့ ဝမ်းရေးနပ်မှန်ဖို့အတွက် အရင်ကလည်း သူတို့ကို ဆန်လိုရင်ဆန်၊ ငပိလိုရင် ငပိ တတ်နိုင်သလောက် တပိုင်တနိုင် မကြာခဏ ကူညီပေးဖူးတဲ့ အိမ်တအိမ်ကို သွားရောက်ပြီး ဆန်အလှူခံပါတော့တယ်။

“အဲ့ဦးလေးက ဘယ်မှ မသွားနိုင်ဘူး၊ ထမင်းမစားရလို့ အဲ့အဒေါ်က အိမ်ကိုရောက်လာပြီး ဆန်အလှူခံတယ်၊ ပြီးတော့ အိမ်မှာ ဘာမှမရှိတော့လို့ ဆိုပြီး ပြောပြ‌တော့ ဆန်နည်းနည်း လှူလိုက်တယ်” လို့ သူတို့ကို ဆန်လှူပေးလိုက်တဲ့ အမျိုးသမီးငယ်က ပြောပြပါတယ်။

တိုက်ပွဲတွေကြောင့် လမ်းပန်းဆက်သွယ်ရေးတွေပြတ်တောက်၊ ကုန်စည်စီးဆင်းမှုတွေ ရပ်တန့်နေတဲ့ ရခိုင်ပြည်နယ်ထဲမှာ အိမ်ထောင်စုတိုင်း၊ မိသားစုတိုင်း စားဝတ်နေရေး ခက်ခဲကြပ်တည်းနေကြချိန်ဖြစ်ပါတယ်။ မိုးတွင်းကာလလည်းဖြစ်တဲ့အခါ သူတို့မိသားစု ကိုယ်တိုင်လည်း ကြပ်တည်းနေတဲ့အချိန်ဖြစ်လို့ ထိထိရောက်ရောက်မကူညီပေးနိုင်တဲ့အတွက် စိတ်တူ ကိုယ်တူ သူငယ်ချင်းတွေနဲ့ တိုင်ပင်ပါတော့တယ်။

တယောက်ကို ဆန် ၂ဘူးပဲ လှူနိုင်လှူနိုင် လှူကြမယ်ဆိုပြီး သူငယ်ချင်းတစု ဝိုင်းဝန်းစုဆောင်းလိုက် လို့ရလာတဲ့ ဆန်နဲ့ ငွေကြေးလေးကို ဦးကုလားတို့ဆီကို အိမ်တိုင်ယာရောက် သွားကူညီကြ ပါတော့တယ်။

သူတို့လိုပဲ ကူညီချင်သူတွေ ဝိုင်းဝန်းကူညီနိုင်ဖို့အတွက် ရုပ်သံဖိုင်လေးတွေ၊ ဓာတ်ပုံတွေရိုက်ကူးပြီး၊ တောင်ကုတ်သူ တောင်ကုတ်သားတွေ စုဝေးရာ လူမှုကွန်ရက်အဖွဲ့လေးမှာ တင်လိုက်တယ်။

“အဲ့ ဦးလေးကကြိုးဆွဲချ ေ-သချင်တာကထမင်းနပ်မှန်အောင်မစားရတာရယ် သူ့ရဲ့ရောဂါကို မကုနိုင်တော့တာကြောင့် စိတ်ညစ်လို့သတ်သေမယ်ပြောတယ်၊ အဲ့လို မသေဖို့ မှာခဲ့တယ်” လို့ ဦးကုလားရဲ့ အခြေအနေကို ရည်ညွှန်းပြီး ကူညီပေးတဲ့ အမျိုးသမီးငယ်က ပြောပြတယ်။

ဦးကုလားဟာ အကြားအာရုံလည်း ချို့တဲ့နေပြီး၊ စကားကို လေသံနဲ့သာ ပြောနိုင်တဲ့ အခြေအနေနဲ့ စိတ်ဓာတ်ကျနေပုံကို သူ့မျက်လုံးတွေမှာ မြင်နိုင်ပါတယ်။ ဦးကုလားရဲ့ လက်ချောင်းတွေမှာ အနာကြီးရောဂါကူးစက်ခံထားရခြင်းရဲ့ ပြင်းထန်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို မြင်တွေ့နေရပါတယ်။

သူတို့အိမ်ကိုရောက်လာပြီး စားသောက်စရာတွေပေး၊ သတင်းမေးရင်း ကိုယ့်ကိုယ်ကို အဆုံးစီရင်တာ မလုပ်သင့်တဲ့အကြောင်းတွေပြောပြနေတဲ့သူတွေရဲ့စကားကို သူမကြားပါဘူး။ သူအမျိုးသမီးဖြစ်သူက သူ့နားကို အတင်းကပ်ပြီး အသံကျယ်ကျယ်နဲ့ အော်ပြောတဲ့အခါကျမှ သူခံစားနေရတာတွေနဲ့ သူ့ကိုယ်သူ အဆုံးစီရင်မယ့်အကြောင်းတွေ၊ လည်ပင်းနဲ့ တဲခေါင်မိုးကို လက်ညှိုးထိုးပြပြီး ခြေဟန်လက်ဟန်နဲ့ ပြောပြနေတဲ့ မြင်ကွင်းက ရင်နင့်စရာကောင်းလှပါတယ်။

သူဟာ အနာကြီးရောဂါအတွက် လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ လက်လှမ်းမမီသလို၊ လတ်တလော လိုအပ်နေတဲ့ ပိုးသတ်ဆေးနဲ့ အကိုက်အခဲပျောက်ဆေး ဝယ်ယူသောက်သုံးဖို့တောင် ငွေကြေးမရှိတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရသူဖြစ်ပါတယ်။

ဆန်မရှိ၊ ဆီမရှိ၊ နနွင်းမရှိ၊ ငပိမရှိ စားစရာနတ္ထိအခြေအနေကို အဲဒီဗီဒီယိုမှတ်တမ်းထဲမှာ မြင်တွေ့ရ ပါတယ်။

“ငတ်လို့သေတဲ့ မသာမရှိ” ဆိုတဲ့စကားကို ပြောလေ့ရှိကြတဲ့ တိုင်းပြည်မှာ ငတ်လို့ သေဆုံးကြရတဲ့ လူဦးရေတွေ တိုးသထက်တိုးလာနေချိန်မှာ သူတို့ဘဝအပေါ် စာနာကူညီသူတွေရှိသေးတယ်ဆိုတဲ့ ခံစားချက်လေး ပေးစွမ်းနိုင်ဖို့အတွက် ဒွါရာဝတီ အယ်ဒီတာအဖွဲ့က ဒီစာစုကို ဖော်ပြအပ်ပါတယ်။

“စားစရာမရှိလို့ ဒီဘဝမှာ မနေချင်တော့ဘူး၊ ကိုယ့်ကိုယ်ကို အဆုံးစီရင်တော့မယ်” ဆိုတဲ့ တောင်ကုတ်မြို့မှင်သန်းရွာက ဦးကုလားတို့ကို ဝိုင်းကူညီချင်သူတွေအနေနဲ့ ဦးဆောင်ကူညီ ပေးနေတဲ့လူငယ်လေးတွေထဲက တဦးဖြစ်တဲ့ မနော်နော်လွင် ရဲ့ ကေပေးနံပတ် 09984535598 ကနေတဆင့် ဝိုင်းဝန်းကူညီနိုင်ပါတယ်။

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button