အရည်မရ၊ အဖတ်မရတွေ မပြောဘဲ စစ်ကြီးကို ကျော်ဖြတ်ကြစို့
သံတွဲမြို့အနီးကို စစ်ကြီးချဉ်းကပ်လာတဲ့အခါ မြို့ခံတချို့က ဘေးလွတ်ရာကို တိမ်းရှောင်ဖို့ ကြိုးစားကြတယ်။ တိုက်ပွဲတွေပြင်းထန်လာတဲ့အခါမှာလည်း သံတွဲမြို့ကနေ တိမ်းရှောင်သွားကြတဲ့သူတွေလည်း မနည်းလှပါဘူး။ တချို့ကလည်း အကြောင်းအမျိုးမျိုးကြောင့် မြို့က မခွာနိုင်ဘဲ ဆက်နေကြတယ်။
ဒီနေရာမှာ ပြဿနာက ဘာလဲဆိုတော့ မြို့ကနေထွက်သွားတဲ့သူတွေဟာ “မြို့ကိုမချစ်လို့”၊ မြို့မှာ နေခဲ့တဲ့သူ တွေက “ငါတို့က မြို့ကို ပိုချစ်လို့”၊ “ငါတို့သည်သာ မြို့ကိုအချစ်ဆုံး” ဆိုပြီး ခပ်နိမ့်နိမ့်အတွေးအခေါ်တွေနဲ့ ပြောနေ ကြတာတွေ့ရတယ်။ ရယ်စရာအနေနဲ့ပြောရရင် “မင်းစော်ထက် ငါ့စော် ပိုမိုက်တယ်၊ ငါ့စော်ပိုမိုက်တယ်” ဆိုပြီး သီချင်း လူငယ်တွေ သီချင်းလုပ်ဆိုသလိုပေါ့။
လူငယ်တွေ သီချင်းအနေနဲ့ပဲလုပ်ဆိုလို့ကောင်းတာ၊ ဒါပေမဲ့ ငါ့မြို့ကို ငါက အချစ်ဆုံးကွ၊ မင်းထက် ငါက မြို့ကို ပိုချစ်တာကွလို့ အပြန်အလှန်စကားနာထိုးနေရင် တစ်ယောက်နဲ့တစ်ယောက် ထချဖို့သာရှိတယ်။ ပြဿနာဖြစ် ရုံကလွဲလို့ ဘာအကျိုးမှ ထူးမှာလည်း မဟုတ်ဘူး။
အဲတော့ အရည်မရ၊ မဖတ်မရတာတွေ မပြောဘဲ အခု ရင်ဆိုင်နေရတဲ့ စစ်ကြီးကို သံတွဲသူ၊ သံတွဲသားတွေ ဘယ်လိုကျော်ဖြတ်ကြမလဲ၊ တစ်ယောက်နဲ့ တစ်ယောက် ဘယ်လိုတွေ ဖေးမကူညီကြမလဲဆိုတာတွေပဲ တွေးတောသင့်တယ်၊ ပြောဆိုသင့်တယ်။
သံတွဲမြို့မှာ ကျန်ခဲ့တဲ့သူနဲ့ တိမ်းရှောင်သွားကြတဲ့သူ အများစုက ဒီသဘောကို နားလည်ကြပါတယ်။ ဒါပေမဲ့ တချို့က ကဗျာလိုလို၊ စာလိုလို ဘယ်သူအတွက်မှ အကျိုးမရှိဘဲ ကိုယ့်မြို့ခံတွေအတွက် အဆိပ်အတောက် ဖြစ်စေမယ့်၊ စိတ်ဝမ်းကွဲစေမယ့် စကားတွေကို ပြောဆိုနေတာတွေ့လို့ ပြောရတာပါ။
အခုအချိန်မှာ အကူအညီဖြစ်စေမယ့် အကြောင်းအရာတွေကိုသာ အပြန်အလှန်မျှဝေသင့်တယ်။ မြို့ပေါ်က လက်လုပ်လက်စားသမားတွေ အလုပ်မရှိလို့ အခက်အခဲတွေဖြစ်နေတယ်။ စစ်ရှောင်လာသူတွေရှိနေတယ်။ ရေရှည်မှာ ဒီသူတွေ စားသောက်ရေး၊ ကျန်းမာရေး ဘယ်လိုလုပ်မလဲ၊ အဝေးရောက် သံတွဲသူ၊ သံတွဲသား တွေဆီကနေ ဘယ်လိုအကူအညီတွေ ရနိုင်မလဲ၊ ဘယ်လိုတွေ ကူညီကြမလဲ ဒီလိုအကျိုးရှိစေမယ့် အကြောင်း အရာတွေကို မျှဝေသင့်တယ်။ ပြောဆို ဆွေးနွေးဖို့ကောင်းတယ်။
အခုသံတွဲမှာ ဆေးဝါးတွေ ပြတ်လပ်နေတယ်၊ ဘာတွေဆက်ဖြစ်နေလဲ၊ ဒီသူတွေကို ဘယ်လိုကူညီကြမလဲ၊ ကလေးဒိုက်ဘာတွေ မရှိလို့ ဒုက္ခရောက်နေကြတဲ့ မိခင်တွေရှိတယ်။ သူတို့ကြုံနေရတဲ့ပြဿာနတွေကို ဘယ်လို ဖြေရှင်းကြမလဲ။
အခုလိုအရေးကြုံလာတဲ့အခါ ကိုယ့်မြို့ကိုယ်ချစ်တယ်၊ သံတွဲမြို့ကြီးကို တကယ်ချစ်တယ်ဆိုရင် ကိုယ့်မြို့သူ၊ မြို့သားတွေကို အချင်းချင်းကူညီရိုင်းပင်ရမယ်။ ဒါမှ မြို့ကိုချစ်တယ်ဆိုတာ ဖြစ်မှာပေါ့။
ဒါကြောင့် အရည်မရ၊ အဖတ်မရတာတွေ မပြောဘဲ ချစ်တဲ့သံတွဲမြို့ကြီးက မြို့သူ၊ မြို့သားတွေကို ကူညီကယ် တင်နိုင်အောင် ကြိုးစားကြပါလို့ ပြောပါရစေ။
သံတွဲသား
၁၁.၆.၂၀၂၄။