တပတ်ကျော်သတိလစ်နေသည့် ကလေးလူနာ သတိပြန်ရ၊ ရန်ကုန်သို့ လွှဲပြောင်းကုသရန် အကူအညီလိုအပ်နေ
//ကူကြမယ်၊ လှူကြမယ်//
ဒွါရာဝတီ၊ ဇူလိုင် ၂၀၊ ၂၀၂၄။
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ဆပ်သွားတိုက်နယ်ဆေးရုံတွင် ဥဏှောက်ပိုးဝင်ကာ ၇ရက်ကြာ သတိလစ် မေ့မျောနေသည့် အသက် ၂နှစ်ခွဲအရွယ် လူနာကလေးငယ် ယနေ့ သတိပြန်ရလာပြီဖြစ်ကြောင်း ဝိုင်းဝန်းကူညီပေးနေသည့် လင်းရောင်ခြည် လူမှုကူညီရေးအသင်း(ကမ်းသာယာ)မှ သိရသည်။
သတိပြန်လည်ရရှိသော်လည်း ကလေးငယ်မှာ လှုပ်ရှားနိုင်စွမ်းနည်းပါသည့်အတွက် ဆပ်သွားဆေးရုံက ရန်ကုန်ဆေးရုံသို့ လွှဲပြောင်းပေးသော်လည်း နွမ်းပါးသည့်လူနာရှင်မိဘများက ရန်ကုန်သို့ သွားရန် ကြောက်ရွှံ့စိတ်ရှိခြင်း၊ လူနာစောင့်အပိုမရှိခြင်း၊ ခက်ခဲသောမိသားစုဖြစ်၍ လူနာစောင့်အဖြစ်လိုက်ပါကူညီနိုင်သူ နားလည်တတ်ကျွမ်းသူဆွေမျိုးသားချင်းမရှိခြင်းကြောင့် ကလေးအတွက် အချိန်မီ ကုသမှုမခံယူနိုင်မည်ကို စိုးရိမ်ကြောင်း အသင်းတာဝန်ရှိသူတဦးက သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် အသိပေးဖော်ပြထားသည်။
ကလေးအတွက် ဆေးကုသနိုင်ရန် ဝိုင်းဝန်းကူညီကြသူများထံမှ စုစုပေါင်း အလှူငွေ ၁၈သိန်းနီးပါးခန့်ရှိထားပြီး၊ လူမှုကူညီရေးအသင်းအနေနှင့်လည်း ရန်ကုန်သို့ ကူညီပို့ဆောင်ပေးရန် အသင့်ရှိနေသည့်အတွက် ဆက်လက်ကုသနိုင်ရန် ကြိုးစားခွင့်ရှိနေသော်လည်း လူနာရှင်မိဘများ၏ အထက်ပါအခက်အခဲကြောင့် မိသားစုနှင့်အတူ လိုက်ပါနိုင်မည့် လူနာစောင့်တဦး ရရှိနိုင်စေလို ကြောင်း သူက ဆိုထားသည်။
အဆိုပါကလေးငယ်သည် ဂွမြို့နယ်၊ သိုင်းကျွန်းကျေးရွာမှ ဖခင်မဲ့ကလေးငယ်တဦးဖြစ်ပြီး၊ ဆေးဖိုးဝါးခမတတ်နိုင်သည့်အတွက် ကာယကံရှင်မိသားစုကိုယ်စား ဒေသခံတဦးက လူမှုကွန်ရက်တွင် အကူအညီတောင်းခဲ့သည်။
အဆိုပါ ကလေးငယ် ရန်ကုန်ကလေးဆေးရုံကြီးသို့ တက်ရောက်ကုသနိုင်ရန်အတွက် နားလည်တတ်ကျွမ်းသော လူနာစောင့် လိုအပ်နေသည့် ကလေးအား ကူညီပေးနိုင်သူများသည် ကိုစိုးလွင်၊ လင်းရောင်ခြည်လူမူ့ကူညီရေးအသင်း၊ ကမ်းသာယာ ဂွမြို့နယ်၊ ရခိုင်ပြည်နယ်၊ ဖုန်း 09421755014.09673681013 များသို့ အချိန်မီဆက်သွယ်နိုင်ပါရန် ဒွါရာဝတီက ဖော်ပြအပ်ပါသည်။
စာဖတ်သူများကလည်း ကလေးငယ်အား ဝိုင်းဝန်းကူညီနိုင်သူနှင့် တွေ့ရှိနိုင်စေရန်အတွက် ဤသတင်းအား မျှဝေပေးကြပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။