ArticleNews Feature

သံတွဲဒေသတစ်ဝိုက် စစ်ရှောင်များ စားနပ်ရိက္ခာ ပြတ်ပြီး အရေးပေါ်အကူအညီ လိုအပ်နေကြ

သံတွဲ၊ ၈၊ ၇၊ ၂၀၂၄။

ရခိုင်ပြည်နယ်၊ သံတွဲဒေသတဝိုက်တွင် ဇူလိုင်လဆန်းမှစတင်ကာ ဆန် ပြတ်တောက်လု နီးပါးဖြစ်နေပြီး ဝယ်ယူရခက်ခဲနေကြောင်း ဒေသခံစစ်ဘေးရှောင်များထံမှ စုံစမ်းသိရှိရသည်။

“ဆန်ပြတ်နေပြီ၊ ဆန်ရနိုင်တယ် သတင်းကြားတဲ့ ရွာတွေကို လိုက်ရှာဝယ်နေရတယ်၊ ဆန်ရဖို့ မလွယ် တော့ဘူး” ဟု သံတွဲ-ဂွလမ်းပေါ် ရွာတရွာတွင် စစ်ဘေးရှောင်နေသည့် သံတွဲဒေသခံတဦးက ပြောသည်။

အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ်တို့ကြား ဇွန်လဆန်းက စတင်ကာ ငပလီမြို့နယ်အတွင်း ပြင်းထန်လာသည့် တိုက်ပွဲများကြောင့် ငပလီ၊ သံတွဲမြို့ပေါ် နှင့် အနီးဝန်းကျင်ကျေးရွာများမှ ပြည်သူများ သည် သံတွဲမြို့၏ တောင်ဘက် တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးသည့်ဒေသသို့ အလုံးအရင်း တိမ်းရှောင် နေကြရသည်။

စစ်ရှောင်ခါစလွန်ခဲ့သည့် တလနီးပါးခန့်က ဆန်ကြမ်းတပြည်လျှင် ကျပ် ၅ ထောင်ခန့်ရှိခဲ့သော်လည်း၊ ယခု ၈ ထောင်ကျပ်မှ ၁ သောင်းကျပ်အထိ ဈေးမြင့်တက်လာခြင်းကြောင့် ဝယ်မစားနိုင်သည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း စစ်ရှောင်ပြည်သူတဦးက ပြောသည်။

“ရှေ့ဆက်ပြီး ဘယ်လိုဝယ်စားကြရဖို့မှန်းတောင် မသိတော့ဘူး၊ ငွေပါပြီး ဆန်မပါတဲ့လူတွေက ဝယ်မရ ဖြစ်နေသလို၊ ငွေလည်းမရှိ၊ ဆန်လည်း မရှိတဲ့လူတွေလည်း ရှိနေကြတယ်၊ ရှိတဲ့ဆန်ကို ရေရှည်ခံအောင် ထမင်းတနပ်ပဲ စားရဖို့ အခြေအနေဖြစ်နေပြီ” ဟု သံတွဲမြို့၏ မိုင် ၂၀ ဝန်းကျင်တွင် စစ်ရှောင်နေသူ တဦး က ပြောသည်။

သံတွဲမြို့မှ ဂွမြို့ဘက်သို့ သွားရာလမ်းတလျှောက်ရှိ ကျေးရွာများရှိ ဘုန်းကြီးကျောင်းများတွင် စစ်ဘေး ဒုက္ခသည်အများစု စုဝေးခိုလှုံနေကြသလို၊ အချို့က ဆွေမျိုးများရှိရာအိမ်များတွင်လည်းကောင်း၊ ငွေကြေး တတ်နိုင်သူအချို့က အိမ်ငှား၍လည်းကောင်း နေထိုင်လျှက်ရှိကြသည်။

ယခုလက်ရှိ ရှားရှားပါးပါးဝယ်ယူရရှိနေသည့် ဆန်များသည် ဒေသထွက် ကောက်ငယ်ဆန် အမျိုးအစားများ ဖြစ်သည်။ ပြည်မမှ ဆန်နှင့် အခြေခံစားသောက်ကုန်စည်များဝင်မည့်လမ်းကြောင်းကို စစ်ကောင်စီက ပိတ်ဆို့ထားပြီး မှောင်ခိုလမ်းကြောင်းဖြင့်ဖြစ်စေ၊ ထောက်ခံစာအဆင့်ဆင့်ဖြင့်ဖြစ်စေ စစ်ကောင်စီကို ဆက်ကြေးပေးကာ တင်သွင်းနေရသည်မှာ နှစ်ဝက်နီးပါးရှိနေပြီဖြစ်သည်။

“အခု ကုန်ကားတွေကို ရခိုင်ကအထွက်မှာ ကုန်တင်ခွင့်ပြုတယ်၊ ပြန်အဝင်ကို အခွံဝင်ရတယ်၊ ပြည်မဘက် ကနေ ဘာကုန်မှ တင်လာခွင့်မပေးဘူး၊ ကုန်ကားတချို့လောက်ပဲ သူတို့ကိုက်တဲ့ ကုန်မျိုးတင်ပြီး ထွက်ကြ တယ်၊ အများစုက မထွက်တော့ဘူး” ဟု ဒေသခံတဦးက ပြောသည်။

အလားတူ သံတွဲဒေသ၏ အစောဆုံးတိုက်ပွဲများဖြစ်ပွားရာ ရွှေလှေတိုက်နယ်အတွင်းတွင်လည်း နေရပ် မပြန်နိုင်သေးဘဲ သင့်တော်သလို ခိုလှုံနေရသည့် စစ်ရှောင်ပြည်သူများစွာရှိနေဆဲဖြစ်ပြီး စားသောက်ရေး အတွက် အခက်အခဲကြုံနေသည်မှာ ရက်သတ္တပတ်အတန်ကြာခဲ့ပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“ဆန်က အိမ်တိုင်းစေ့မဖူလုံဘူး၊ လက်လုပ်လက်စားသမားများတယ်၊ အဲဒီထဲမှာ တခြားရွာကနေ ဆွေမျိုးသားချင်း စစ်ရှောင်တွေက အဝတ်တထည်ကိုယ်တခုနဲ့ ထပ်ရောက်လာကြတော့ အချင်းချင်း အပြန်အလှန်ကူညီပေးနေကြပေမယ့် ကြာလာတော့ ဝန်ပိလာတယ်၊ ဘယ်သူ့မှာမှ ဝင်ငွေမရှိကြ တော့ဘူး၊ ဆင်ခေါင်းဘက်က ရောက်နေတဲ့သူတွေဆို အလုပ်ရှိရင် လုပ်ချင်တယ်ဆိုပြီး ခဏခဏလာ လာပြောကြတယ်” ဟု ရွှေလှေတိုက်နယ်မှ ဒေသခံတဦးက ပြောသည်။

စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုကြောင့် လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရသည့် ဆင်ခေါင်း ကျေးရွာမှ ဒေသခံအများစုသည်လည်း နေရပ်မပြန်နိုင်သေးသလို၊ ငပလီကမ်းခြေမြို့၊ ဂေါ့ရပ်ကွက် ဘက်မှ စစ်ရှောင်လာသူများလည်း နေရန်ပြန်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ရွှေလှေတိုက်နယ်တဝိုက်ရှိ အချို့ကျေးရွာများတွင် မိုးလှောင်စပါးများ ဝယ်ယူရရှိနိုင်နေပြီး၊ ပြည်သူ အချင်းချင်းကူညီသည့် အလှူငွေများဖြင့် ဝယ်ယူကြိတ်ခွဲကာ စစ်ဘေးရှောင်ပြည်သူများထံ လက်လှမ်းမီ သလောက် ဝေခြမ်းပေးနေရကြောင်း စေတနာ့ဝန်ထမ်းတဦးထံမှ သိရသည်။

အခြေခံလက်လုပ်လက်စားသမားများမှာ လေကြောင်းဗုံးကြဲမှုရန်နှင့် လက်နက်ကြီး အန္တရာယ်များကြောင့် အရေးပေါ် ထွက်ပြေးလာကြရပြီး ဆန်ဝယ်ယူစားသောက်ရန် ငွေလည်းမရှိသည့်အခြေအနေနှင့် ရင်ဆိုင် နေရသည်။

လတ်တလောတွင် ပြည်သူအချင်းချင်း တပိုင်တနိုင်ဝိုင်းဝန်းပံ့ပိုးနေကြသည့် ဝေခြမ်းရေးဆန် အချို့ကလည်း ရက်အနည်းငယ်အတွင်း ကုန်တော့မည်ဖြစ်ကြောင်း သိရသည်။

“အသက်ကြီးတဲ့လူတွေက အခုအခြေအနေကို ဂျပန်ခေတ်ကထက်ပိုဆိုးတယ် ဆိုတာမျိုးပြောကြ တယ်” ဟု ရွှေလှေတိုက်နယ်၊ ကျောင်းကုန်းကျေးရွာမှ စစ်ရှောင်လာသည့် ဒေသခံတဦးက ပြောသည်။

သံတွဲဒေသတဝိုက်တွင် အခြေခံစားသောက်ကုန်စည်များ အဆမတန်ဈေးနှုန်းမြင့်တက်ကာ ပြတ်တောက် လုနီးပါးဖြစ်နေခဲ့သည်မှာ လွန်ခဲ့သည့် လအနည်းငယ်ကပင်ဖြစ်ရာ ယခုလက်ရှိ အခြေအနေတွင် ပိုမိုဆိုးရွား လာနေခြင်းဖြစ်ကြောင်း ဒေသခံများကို မေးမြန်းချက်အရသိရသည်။

ထို့ပြင် ယခုနှစ်မိုးရာသီ စပါးစိုက်ပျိုးချိန်တွင်လည်း လယ်သမားအများစုက စစ်ဘေးမှ တိမ်းရှောင် နေရသည့်အတွက် လယ်ထွန်ရက်စိုက်ပျိုးနိုင်ခြင်းမရှိသလို၊ ထွန်ရက်နိုင်သည့် ဒေသများတွင်လည်း လိုအပ်သော ပစ္စည်းကိရိယာများ၊ ပိုးသတ်ဆေး၊ မြေဩဇာ စသည့် သွင်းအားစုများ ဝယ်ယူ၍ မရတော့ သည့် အခက်အခဲများရှိနေကြောင်း သံတွဲမြို့မြောက်ဘက် ရွှေလှေတိုက်နယ်မှ ဒေသခံလယ်သမားအချို့ ထံမှ စုံစမ်းသိရသည်။

သူက “ထယ်သွားတောင် အသစ်ဝယ်လို့ မရလို့ မနှစ်ကအကျန် အဆိုးတွေရှာဝယ်ပြီး ရတဲ့လူက ထွန်ရတယ်၊ မရတဲ့လူက အခက်တွေ့ကြတယ်၊ ဓာတ်မြေဩဇာကလည်း ဘယ်လိုမှ ဝယ်မရဘူး၊ ထွန်တာစိုက်တာကတော့ ပြီးအောင်လုပ်နိုင်ကြဖို့၊ ရိတ်တဲ့အချိန်ကျမှ ဒုက္ခရောက်ဖို့လည်း တွေးကြောက်နေရတယ်” ဟု ပြောသည်။

ပြည်မမှ ဝင်သည့် ဆန်ကလည်း အကန့်အသတ်များစွာဖြင့် မှောင်ခိုလမ်းကြောင်းက ဝင်နေသလို၊ ဒေသတွင်းစိုက်ပျိုးသည့် စပါးများ ရိတ်သိမ်းချိန်အထိ မရောက်ဘဲ တိုက်ပွဲများ ဖြစ်လာမည်ကို စိုးရိမ်ကြောင်း သံတွဲမြို့၏ တောင်ဘက်တွင် စစ်ဘေးရှောင်နေသည့် သံတွဲဒေသခံတဦးကပြောသည်။

“တောင်ဘက်မှာတော့ စိုက်နေကြတာကောက်ပင်လေးတွေ မနည်းရှည်လာပြီ၊ လာမယ့် တန်ဆောင်မုန်း မှာ အောင်အောင်မြင်မြင်နဲ့ စပါးရိတ်နိုင်ကြပါစေလို့ ဆုတောင်းနေရတယ်၊ ကိုယ့်အရပ်ဆန်သာ မထွက်နိုင်ရင် အငတ်ဘေးဆိုက်လိမ့်မယ်၊ အခုတောင် ငတ်နေကြပြီ” ဟု သူက ပြောသည်။

ရခိုင်ပြည်နယ်ကို ပြည်မနှင့် ဆက်သွယ်သွားလာရေးလမ်းကြောင်းများကို စစ်ကောင်စီက ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ရက်တွင် စတင်ပိတ်ပစ်လိုက်ပြီး၊ ဒေသတွင်း ကုန်စည်ဈေးနှုန်းများ ၅ ဆမှ ၁၀ ဆအထိ မြင့်တက်ခဲ့ပြီး ဒေသတွင်း တဦးချင်းဝင်ငွေများရပ်တန့်သလို၊ အသေးစား၊ အလတ်စား၊ ရေလုပ်ငန်းနှင့် ဟိုတယ်လုပ်ငန်းကဲ့သို့ အကြီးစားလုပ်ငန်းများပါ ရပ်တန့်သွားခဲ့သည်မှာ ၈လခန့် ကြာမြင့်ခဲ့ပြီဖြစ်သည်။

သံတွဲမြို့နယ်တွင် လွန်ခဲ့သည့် ဧပြီ ၁၃ မှစတင်ကာ တိုက်ပွဲများစတင်ခဲ့ပြီး မြို့နှင့် မိုင် ၂၀ အကွာမှ မြို့အနီးဝန်းကျင်သို့ တဖြည်းဖြည်းနီးကပ်လာနေသလို နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရသည့် ဒေသခံစစ်ရှောင်ဦးရေလည်း တဖြည်းဖြည်း တိုးပွားလာနေရာ စားနပ်ရိက္ခာအကူအညီများ အရေးပေါ် လိုအပ်လျှက်ရှိနေကြသည်။

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button