ArticleNews Feature

“ပျက်စီးဆုံးရှုံးမှုများခဲ့သည့် တောင်ကုတ်ရေဘေး”

တောင်ကုတ်၊ ဩဂုတ် ၁၊ ၂၀၂၄။

ဇူလိုင်နောက်ဆုံးပတ်အတွင်း မိုးသည်းထန်စွာရွာသွန်းကာ ရေကြီးရေလျှံမှုများကြောင့်တောင်ကုတ်မြို့နယ်အတွင်း တွေ့ကြုံခဲ့ကြရသည့် ရေဘေးသည် နှစ်တိုင်းထက် ပို၍ ဆုံးရှုံးမှုများရှိခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ဇူလိုင် ၂၅နှင့် ၂၆ ရက်များတွင် မိုးကြီး ရေလျှံခဲ့ခြင်းများကြောင့် တောင်ကုတ်မြို့ပေါ် ကုန်းမြင့်ပိုင်း လူနေရပ်ကွက်များအထိ နစ်မြုတ်ခဲ့ပြီး၊ ပတ်ဝန်းကျင် ကျေးရွာများတွင် အနည်းဆုံး လူ ၄ဦး သေဆုံးခဲ့ကာ၊ ရေတိုက်စားမှုများကြောင့် စပါးခင်းနှင့် လယ်ယာမြေများစွာ ဆုံးရှုံးခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ဒေသခံများ၏ အတည်ပြုချက်အရ ဇူလိုင်လ ၂၅ ရက်နှင့် ၂၆ ရက်တွင် ကင်းတောင်တိုက်နယ်၊ ကင်းတောင်ကျေးရွာမှ သွားစိုက်ဆရာ ဦးကိုကိုကြီး၊ သင်္ချီကုန်းကျေးရွာမှ စစ်ဘေးရှောင်နေရသည့် ၁၂တန်း ကျောင်းသား တဦး၊ အသက် ၃၄ နှစ်အရွယ်အမျိုးသားတဦးနှင့် လမူးမော်တိုက်နယ်၊ လမူးမော်ရွာတွင် ကျား၊ မ၊ အသက် ခွဲခြားရန် ခက်သည့် အလောင်း တလောင်းတို့ကို သင်္ဂြိုလ်ခဲ့ရ ကြောင်း သိရသည်။

“သွားစိုက်ဆရာက တရဘရွာနဲ့ သင်္ချီကုန်းရွာကြားက ရေစီးသန်နေတဲ့ မြေနိမ့်ပိုင်းကွင်းပြင် လမ်းကျော ကို ဖြတ်ကူးတုန်း မျောတာဖြစ်နိုင်တယ်၊ ရေကျချိန်မှာ ပတ်ဝန်းကျင် လယ်သမားတွေက တွေ့လို့ သူတို့အိမ်ကိုသယ်ခဲ့ရတယ်” ဟု ကင်းတောင်တိုက်နယ်မှာ ဒေသခံတဦးက ဒွါရာဝတီသို့ ပြောသည်။

သင်္ချီကုန်းကျေးရွာနှင့် အဆက်အသွယ်ရသည့် ဒေသခံတစ်ဦးကလည်း “သင်္ချီကုန်းရွာမှာ ၁၂ တန်း တက်ရမယ့် စစ်ဘေးရှောင်ကျောင်းသားလေးတစ်ယောက် ရေဆင်းကူးတာ ရေစီးထဲ မျောပြီး သေသွားတယ်” ဟု ပြောသည်။

ထို့ပြင် အတည်မပြု နိုင်သေးသည့် သတင်းများအရ တောင်ကုတ်မြို့နယ်၊ လမူးမော်တိုက်နယ် အတွင်း သေဆုံးမှုအရေအတွက် ဆယ်ဂဏန်းဝန်းကျင်ရှိသည်ဟု ကြားရကြောင်း တောင်ကုတ် ဒေသခံတဦးက ပြောသည်။

တောင်ကုတ်မြို့ပေါ်နှင့် အနီးဝန်းကျင်ကျေးရွာများတွင် ဖုန်းလိုင်းများ ပြတ်တောက်နေခြင်းကြောင့် အခြေအနေ အသေးစိတ် စုံစမ်းသိရှိနိုင်ရန် ခက်ခဲနေရာ အဝေးရောက်ဒေသခံအချို့က မိသားစုများကို စိုးရိမ်ပူပန်လျက် ရှိကြသည်။

ယင်းသို့ ရေကြီးခြင်း၊ ရေတိုက်စားခြင်းများကြောင့် တောင်ကုတ်မြို့နယ်၊ မြို့ပေါ်နှင့်ကျေးရွာများတွင် မိုးစာ စပါးများ ဆုံးရှုံးရသလို၊ စပါးစိုက်ခင်း ၈၀ ရာခိုင်နှုန်းခန့် ပျက်စီးခဲ့ကြောင်းဒေသခံများထံမှ သိရသည်။

“စပါးခင်းတွေပျက်စီးသွားတယ်၊ စပါး လှောင်ထားတာတွေ ပျက်စီးကြတယ်၊ တောင်ကုတ်မြို့နယ် အတိုင်းအတာအရ လယ်မြေ ၁၀ ရာခိုင်နှုန်းလောက်ပျက်စီးတယ်၊ စပါးစိုက်ခင်း ၈၀ ရာခိုင်နှုန်းလောက် ပျက်စီးတယ်” ဟု တောင်ကုတ်မြို့နယ်၊ ဗြဟ္မစိုရ်ဖောင်ဒေးရှင်းမှ ဆရာတော် ဦးပုညက မြေပြင်အချက် အလက်များအပေါ် အခြေခံ၍ ဒွါရာဝတီသို့ မိန့်သည်။

အလားတူ နတ်မော်ရွာနှင့် သလိန်ပြင် ရွာကြားလမ်းအပိုင်း သုံးပိုင်းပြတ်တောက်သွားကြောင်း၊ အချို့ကျေးရွာများတွင် လူနေအိမ်အချို့ ပြိုကျ မျောပါသွားခြင်းများလည်း ရှိခဲ့ကြောင်း သိရသည်။

“ရေကြီးတဲ့နေ့က ရွာမမှာ အိမ်တွေ မျောတာ၊ ပြိုတာ သုံးအိမ်ရှိတယ်၊ ပျက်စီးဆုံးရှုံးတာတွေက အတော်များကြတယ်၊ တချို့ အနိမ့်ပိုင်းက အိမ်တွေ ခုထိ ထမင်းချက်မရ၊ ချက်စရာလည်း မရှိ၊ ပိုခက်ခဲလာနေကြတယ်၊ ဖုန်းလိုင်းတွေကလည်း မရသေးဘူး” ဟု ဒေသခံ တစ်ဦးက ပြောသည်။

သူက ဆက်လက်၍ “ရွာမက သေတာမရှိ၊ ထိခိုက်တာပဲရှိတယ်၊ ရေကြီးပြီးမှ ချော်လဲလို့ ခြေလက် ထိခိုက်ပြီး ဆေးကုနေရတယ်” ဟု ပြောသည်။

တောင်ကုတ်မြို့သည့် နှစ်စဉ်မိုးရာသီတိုင်း မြေနိမ့်ပိုင်းများ ရေလျှံလေ့ရှိသော်လည်း ယခုနှစ် ရေဘေး သည် နှစ်တိုင်းနှင့် မတူဘဲ အမြင့်ပိုင်းများအထိ နစ်မြုတ်ခဲ့သလို၊ ရေစီးကြမ်းကာ ရေတိုက်စားသည့် ဖြစ်စဉ်များဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရေပြန်ကျသွားပြီးနောက်ပိုင်း ကျေးရွာချင်းဆက် တံတားငယ်များပေါ်သို့ ဖြတ်သန်းစဉ် ပြိုကျခြင်းများ၊ လမ်းပျက်ခြင်း၊ မြေသား မညီမညာဖြစ်ခြင်းများ၊ လမ်းမများပေါ်တွင် နုန်းမြေများနှင့် ရေညှိများ တင်ကျန်နေခြင်းကြောင့် ကား၊ ဆိုင်ကယ်နှင့် စက်တပ်ယာဉ်များ ဖြတ်သန်းစဉ် လမ်းချော်မှုများ ဖြစ်ပွားကာ ထိခိုက်ဒဏ်ရာရသူ အများအပြားရှိနေကြောင်း ဒေသခံများက ပြောသည်။

ရေပြန်ကျပြီးနောက် ဇူလိုင်လ ၂၇ ရက်က တောင်ကုတ်မြို့နယ်၊ သွေးကျောက်ကျေးရွာမှ စာချဆရာတော်တစ်ပါးနှင့် ရွာသားတစ်ဦး ဆိုင်ကယ်လမ်းချော်၍ ဆရာတော် ပေါင်ကျိုးဒဏ်ရာရရှိရာ တောင်ကုတ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း၊ ယင်းဆေးရုံတွင် ဆေးဝါးနှင့် ဆရာဝန် မပြည့်စုံသဖြင့် ပြည်မြို့ဆေးရုံသို့ သွားရောက်ဆေးကုသမှု ခံယူနေရကြောင်း ကူညီပို့ဆောင်သူ ဒေသခံတစ်ဦးက ပြောသည်။

“ရေကြီးပြီးခါမှ သင်္ချေကုန်းရွာနဲ့ တရဘ ရွာကြားက လမ်းပိုင်းမှာ ဖြစ်တာ၊ ဆိုင်ကယ်မောင်းသူလဲ ထိခိုက်ဒဏ်ရာ ရသွားတယ်” ဟု ၎င်းက ဒွါရာဝတီသို့ ပြောသည်။

မိုးသည်းထန်စွာရွာသွန်းမှု၊ ချောင်းရေသာမက ပင်လယ်ဒီရေ မြင့်တက်မှုများကြောင့် တောင်ကုတ်မြို့ နယ်၊ ကု-လားရောင်၊ အောင်မင်းချောင် စသည့်ကျေးရွာများတွင် သောက်သုံးရေတွင်း အားလုံးနီးပါးနှင့် လမ်းများ၊ လယ်ကွင်းများ အားလုံး ရေတိုက်စားသွားကြပြီဖြစ်ကြောင်း ရေပြန်ကျပြီး နောက် အဆိုပါ ကျေးရွာသို့ သွားရောက်ခဲ့သည့် တောင်ကုတ်မြို့နယ်၊ ဗြဟ္မစိုရ်ဖောင်ဒေးရှင်းမှ ဆရာတော် ဦးပုညက မိန့်ကြား သည်။

ဆရာတော်က “အခု ဓာတ်ပုံထဲက ရေတွင်းဆိုရင် ထူးထူးဆန်းဆန်းကျန်နေလို့ ဓာတ်ပုံရိုက်လာတာ၊ ဒီပုံကိုကြည့်ပြီး ရေတိုက်စား၊ ကမ်းပါးပြိုတဲ့အနေအထားကို မှန်းလို့ရတယ်၊ လမ်းတွေ၊ အိမ်တွေ အကုန်ပျက်တယ်၊ ကျွန်းမြေတွေပြိုတယ်၊ ပြီးခဲ့တဲ့ ရက်က မိုးကြောင့် အိမ်ခြေ ၂၀ လောက် ပြိုသွားတယ်” ဟု ဒွါရာဝတီသို့ မိန့်သည်။

အဆိုပါကျေးရွာများမှာ ပင်လယ်ကမ်းနားကျေးရွာများဖြစ်ပြီး နှစ်စဉ် ပင်လယ်ရေတိုက်စားမှုဒဏ်ကို ခံရကာ ယခင်နှစ်ကတည်းက လယ်မြေနှင့် ကိုင်းကျွန်းများ ပြိုကျကာခဲ့သလို ယခုနှစ်တွင် ရွာနားအထိ ရောက်ရှိလာပြီဖြစ်ကာ စုစုပေါင်း အိမ်ခြေ ၁၀၀ ခန့်ပျက်စီးခဲ့ကြောင်း အထက်ပါပုဂ္ဂိုလ်ထံမှ သိရသည်။

တောင်ကုတ်မြို့ပေါ်ရပ်ကွက်များတွင်မူ ရေဘေးကြောင့် သေဆုံး၊ ထိခိုက်မှုမရှိကြောင်း မြို့ပေါ်ဒေသခံ များနှင့် ပရဟိတအသင်းများက ဒွါရာဝတီသို့ ဖြေကြားသည်။

“မြို့ပေါ်မှာ သေဆုံးထိခိုက်သူတော့ မရှိပါဘူး၊ ဒါပေမယ့် ဟင်းရှာထွက်သူတွေ၊ နေ့စားအလုပ်သမားတွေ ပိုခက်ခဲလာတယ်၊ ငတ်သူ ပိုတိုးလာတယ်” ဟု တောင်ကုတ်မြို့နယ်၊ ဗြဟ္မစိုရ်ဖောင်ဒေးရှင်းမှ ဆရာတော် ဦးပုညက မိန့်ကြား သည်။

ရခိုင်ပြည်နယ်တွင် အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီကြား တကျော့ပြန်တိုက်ပွဲများ ဖြစ်ပွားခဲ့သည့်နောက် ရခိုင်ပြည်နယ်နှင့် ပြည်မသို့ ဆက်သွယ်သွားလာရေး လမ်းကြောင်းများကို ပိတ်ဆို့ဖြတ်တောက်ခဲ့ခြင်းကြောင့် ဒေသခံများအကြား စီးပွားရေးကျဆင်းကာ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ သွားလာဆက်သွယ်ရေးအကြပ်အတည်းများ ရင်ဆိုင်နေကြရသည်။

တောင်ကုတ်မြို့နယ်အတွင်း အေအေနှင့် စစ်ကောင်စီကြား ထိတွေ့တိုက်ပွဲ ၁ကြိမ်ဖြစ်ပွားကာ မြို့နေပြည်သူအများအပြား စစ်ဘေးရှောင်နေကြရသည်။ အကြောင်းအမျိုးမျိုးကြောင့် မြို့မှ မထွက်ခွာဘဲကျနေသူအနည်းစုနှင့် သံတွဲတိုက်ပွဲများအတွင်းမှာ စစ်ဘေးရှောင်လာကြသူများသည် စစ်ဘေးစိုးရိမ်မှုနှင့် ရင်ဆိုင်နေရချိန်တွင် ယခုကဲ့သို့ သဘာဝဘေးနှင့် ထပ်ဆင့် ရင်ဆိုင်ခဲ့ကြရခြင်း ဖြစ်သည်။

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button