
သံတွဲ၊ ဩဂုတ် ၂၊ ၂၀၂၄။
ရခိုင်ပြည်နယ်၊ သံတွဲမြို့နှင့် ငပလီကမ်းခြေမြို့များမှ စစ်ဘေးရှောင်ပြည်သူများ ခိုလှုံနေသည့် သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာကို စစ်ကောင်စီရေတပ်က ယနေ့ညနေပိုင်းတွင် လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့ကြောင်း မိသားစုနှင့် အဆက်အသွယ်ရရှိခဲ့သည့် သံတွဲဒေသခံတဦးက ဒွါရာဝတီသို့ ပြောသည်။
စစ်ကောင်စီရေတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်သည် ကျောက်ကြီးကျေးရွာအတွင်းရှိ ရဲစခန်း၊ ကျော်မင်းဦးအရက်ဆိုင်ရှေ့၊ ဓမ္မရောင်ခြည် ဘုန်းကြီးကျောင်းနောက်ကျောဘက်နှင့် ကျောက်ကြီး တံတားအနီး စသည့်နေရာများသို့ ကျရောက်ခဲ့ပြီး ထိခိုက်ပျက်စီးမှအခြေအနေကို မကြားသိရသေ်ကြောင်း ၎င်းကပြောသည်။
“အခုတော့ တရွာလုံးတိမ်း(တိတ်ဆိတ်)လို့တဲ့၊ လူတွေဟာ အိမ်ပေါ်တွေမှာ မနေရဲလို့ အိမ်အောက်ထပ်တွေမှာ ကန်စ(တာပေါ်လင်စ)ခင်းပြီးနေနေကြတယ်လို့ပြောတယ်၊ ခုလည်းဆက်တိုတ်ကျနေတယ် ပြောတယ်” ဟု ကျောက်ကြီးတွင် ကျန်နေခဲ့သော မိသားစုနှင့် အဆက်အသွယ်ရသည့် သံတွဲဒေသခံ တဦးက ဒွါရာဝတီသို့ ယနေ့ ည ၇နာရီဝန်းကျင်က ပြောသည်။
ကျောက်ကြီးကျေးရွာသည် သံတွဲမြို့နှင့် ကျိန္တလီမြို့ကြားတွင်တည်ရှိပြီး၊ ရွာတန်းရှည် အမျိုးအစား ဖြစ်သည်။
ကျောက်ကြီးတံတားသည် ကိုလိုနီခေတ်ကတည်းကတည်ဆောက်ခဲ့သည့် ရှေးဟောင်း တံတားတလက် လည်းဖြစ်သည်။

ပုံ-နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိသည့် ကျောက်ကြီးတံတား။
ယမန်နေ့ကလည်း ဇလွန်-မေရိုးဘေးကားလမ်းပေါ်ရှိ ဆင်ဒင်လေးကျေးရွာအနီး၊ စစ်ကောင်စီမိုင်းခွဲဖျက်ဆီး ထားသည့် သာယာကုန်းတံတားကို ပြန်လည်ပြုပြင်နေသူ ၂ ဦး စစ်ကောင်စီရေတပ်က ပစ်ခတ်ခဲ့သည့် လက်နက် ကြီးကျည်ထိမှန်ကာ ထိမှန်သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
အင်တာနက်နှင့် တယ်လီဖုန်းလိုင်းအခက်အခဲများကြောင့် ဖြစ်စဉ်အသေးစိတ်ကို မေးမြန်းရန် ခက်ခဲနေသည်။
စစ်ကောင်စီရေတပ်သည် စစ်ဘေးရှောင်များခိုလှုံနေသည့် မဲနယ်ကွင်း၊ သရက်ပင်ကွင်း၊ အဘဲ စသည့် ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများကို ဇူလိုင်လလယ်ကလည်း အကြိမ်ကြိမ် ပြုလုပ်ခဲ့ပြီး အဘဲကျေးရွာနှင့် သရက်ပင်ကွင်းကျေးရွာတို့တွင် မူလတန်းကျောင်းသားအရွယ် ကလေးငယ်တဦး အပါအဝင် အနည်းဆုံး အရပ်သား ၆ ဦးသေဆုံးခဲ့ဖူးသည်။



Can you be more specific about the content of your article? After reading it, I still have some doubts. Hope you can help me.