
ဂွ၊ အောက်တိုဘာ ၁၂၊ ၂၀၂၄။
ရခိုင်တောင်ပိုင်းဒေသ၊ ဂွမြို့နယ်၊ ကုလားပြင်(ရတနာမြိုင်)ကျေးရွာအနီး အာရက္ခတပ်တော် (အေအေ)နှင့် စစ်ကောင်စီတပ်များကြား ပြင်းထန်နေသည့် တိုက်ပွဲများအတွင်း ဂွအခြေစိုက် ခ.မ.ရ ၅၆၃ မှ ဗိုလ်ကြီးအဆင့်ရှိသူ ၂ဦး ဒဏ်ရာပြင်းထန်ခဲ့ကြောင်း စစ်တပ်နှင့် နီးစပ်သည့် သတင်းရင်းမြစ်တဦးထံမှ သိရသည်။
“ဘဲအင်းဘက်မှာထိတာလို့ ပြောတယ်၊ ဗကစစ်နိုင်နဲ့ နောက်တယောက်က ဗက ဌေးကြည်၊ ၅၆၃ ကားနဲ့သယ်ထုတ်သွားတယ်၊ အတိုအပြတ်တွေကို ညဖက်ကားအဖြူနဲ့ လာသယ်သွားတယ်” ဟု အောက်တိုဘာ ၉ရက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်ခဲ့သည့် အခြေအနေများကို အဆိုပါ သတင်းရင်းမြစ်က ပြောသည်။
ထို့ပြင် ယခုရက်ပိုင်းအတွင်း ပိုမိုပြင်းထန်လာသည့် ဂွမြို့နယ်အပိုင် ကုလားပြင်၊ သပြုချောင်း၊ ဘဲအင်း၊ ဒယ်ပုတ်စသည့် ကျေးရွာတခွင်ရှိ တိုက်ပွဲဇုန်အတွင်းမှ စစ်ကောင်စီတပ်သား ၄၀ ဝန်းကျင်ထွက်ပြေးသွားကြောင်း သိရသည်။
“၃သုတ်ခွဲပြီးပြေးတာ၊ ဗိုလ်ကြီးက ဦးဆောင်ပြီး ရိက္ခာအပြည်နဲ့ ရိုးကိုကျော် ပြေးတာ၊ နောက်ဆုံးအသုတ်က အခုလောက်ဆို အရှေ့ဘက်ခြမ်း(ပြည်မဘက်)ကို ရောက်နေပြီလို့ ခန့်မှန်းတယ်” ဟု အဆိုပါ စစ်တပ်နှင့်နီးစပ်သူတဦးက ပြောသည်။
ထို့ပြင် လက်နက်နှင့် ထွက်ပြေးသွားသည့် အခြား တပ်သား အချို့သည် လိုက်ဖမ်းသည့် စစ်ကောင်စီအဖွဲ့နှင့် ဂွတောင်ကြားလမ်း ၁၁မိုင်ဝန်းကျင်တွင် အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး ၂ဦးသေကာ ၄ဦးလွတ်မြောက်သွားကြောင်း သိရသည်။
စစ်ကောင်စီသည် အောက်တိုဘာ ၇ရက်နေ့တွင် ကျိန္တလီချောင်းကူးတံတားကို မိုင်းခွဲဖျက်ဆီးကာ ကုလားပြင်(ရတနာမြိုင်)ကျေးရွာမှ ၅မိုင်ကျော်အကွာရှိ ကြွေချိုင်ကျေးရွာသို့ တပ်ဆုတ် အထိုင်ချခဲ့သည်။ ကြွေချိုင်ကျေးရွာသည် လက်ရှိ တိုက်ပွဲဖြစ်ပွားနေသည့် ဇုန်နှင့် အနီးဆုံးတွင် ရှိသည့် ပင်လယ်ကမ်းနားရွာဖြစ်သည်။
ကြွေချိုင်တွင် အထိုင်ချကာ တပ်သားများကို ကျောက်တင်ကားများဖြင့် တိုက်ပွဲဇုန်ဆီသို့ ကြိုပို့နေပြီး၊ အရာရှိအချို့က အိမ်စီးကားကို အသုံးပြုကာ သွားလာလျှက် ရှိကြောင်း သိရသည်။
စစ်ကောင်စီသည် ငါးသိုင်းချောင်း-ဂွ ရိုးမဖြတ်ကျော်လမ်းကို အသုံးပြုကာ စစ်ကားများဖြင့် နေ့စဉ်စစ်အင်အားဖြည့်တင်းနေကြောင်း ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်အစပ်တွင်နေထိုင်သည့် ဒေသခံတဦးက ပြောသည်။
လက်ရှိ ကြွေချိုင်ကျေးရွာတွင် စစ်အင်အား အများအပြား တိုးခဲ့ချထားပြီး ကျေးရွာအနီးတွင် စစ်ကူအင်အား ၁၀၀ကျော် ရှိနေကြောင်း အထက်ပါပုဂ္ဂိုလ်ထံမှ သိရသည်။
ဂွမြို့နယ်၊ ကျိန္တလီမြို့နယ်အတွင်း တိုက်ပွဲများစတင်စဉ်ကာလ သြဂုတ်လလယ်ခန့်က ကုလားပြင်ကျေးရွာတွင်အထိုင်ချနေသည့် စစ်ကောင်စီတပ်သားများက ရွာသားများကို ဘေးလွတ်ရာသွားရှောင်ကြရန်သတိပေးခဲ့သလို၊ အေအေတပ်သားများ ထိုးစစ်ဆင်လာပါက ရွာများကို မီးရှို့ကာ သူတို့ကိုယ်တိုင်လည်း ထွက်ပြေးမည်ဟု ရွာသားများကို ခြိမ်းခြောက်ခဲ့သေးသည်။ ယခုလ ၇ရက်က ကျိန္တလီချောင်းကူးတံတားကို မိုင်းခွဲချိုးဖျက်ကာ စစ်ကောင်စီတပ်သား အချို့ ထွက်ပြေးခဲ့ကြသလို၊ ကြွေချိုင်ဘက်သို့ ဆုတ်ခွာခဲ့ကြသည်။



Your point of view caught my eye and was very interesting. Thanks. I have a question for you. https://accounts.binance.bh/register/person?ref=IHJUI7TF
Thanks for sharing. I read many of your blog posts, cool, your blog is very good.