
ဂွ၊ နိုဝင်ဘာ ၁၀၊ ၂၀၂၄။
ရခိုင်ပြည်နယ်၊ ဂွမြို့နှင့် မိုင် ၂၀ ဝန်းကျင်အကွာရှိ၊ ဆပ်သွားကျေးရွာအပိုင် ဆားချက်ကလေး၊ ဆားချက်ကြီး ကျေးရွာဖြတ်လမ်းတဝိုက်တွင် အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီ တပ်များကြား ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားနေပြီး၊ စစ်ကောင်စီက လေကြောင်းမှ ပစ်ကူပေးနေကြောင်း မြေပြင် သတင်းရင်းမြစ်ထံမှ သိရသည်။
“ဂျိုင်ကောက်ကနေ ဆားချက်ဘက်ကို ဖြတ်တဲ့ တောလမ်းဘက်က ခအုန်းတောင် လို့ခေါ်တဲ့နား တဝိုက်မှာ ဖြစ်နေတယ်၊ လက်နက်ကြီးက တချက်၊ နှစ်ချက်လောက်ပဲ၊ လက်နက်ငယ်ပဲပစ်နေတာ၊ ဂျက်ဖိုက် တာနဲ့ ၂ ကြိမ် လာ ကြဲပြီး လက်နက်ငယ်သံတိတ်သွားတယ်” ဟု စစ်ရေးစောင့်ကြည့်နေသည့် အဆိုပါ သတင်းရင်းမြစ်က ယနေ့မွန်းလွဲပိုင်းတွင် ဖြစ်နေသည့် တိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ ဒွါရာဝတီသို့ ပြောသည်။
အလားတူ နိုဝင်ဘာ ၈ ရက်ကလည်း ဆပ်သွားကျေးရွာအပိုင်၊ ဂျိုင်ကောက်ကျေးရွာထိပ်တွင် ထိတွေ့ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး၊ စစ်သင်္ဘောမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်းသိရသည်။
“အဲ့နေ့ နေ့ခင်းပိုင်းမှာ နေဗီက လက်နက်ကြီးနဲ့ချလို့ ရွာနားမှာ ကွဲတယ်ထင်တယ်၊ ဂျိုင်ကောက်ရွာမှာ တရွာလုံးအိမ်ခေါင်တွေ အစမှန်တယ်” ဟု အဆိုပါကျေးရွာနှင့် အဆက်အသွယ် ရရှိခဲ့သူတဦးက ပြောသည်။
နိုဝင်ဘာ ၆ ရက်ညပိုင်းတွင် ဂွမြို့နယ်၊ တိုင်ကျိုးကျေးရွာအထွက်ရှိ အုန်းခင်းအတွင်းအထိုင်ချထားသည့် စစ်ကောင်စီတပ်သားများနှင့် အေအေတပ်သားများကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး၊ နိုဝင်ဘာ ၈ရက်တွက် စစ်ကောင်စီတပ်များက ကင်းပုံရဲစခန်းသို့ တပ်ဆုတ်သွားခဲ့သည်။
ထို့နောက် ကမ်းသာယာရဲစခန်း၊ ကင်းပုံရဲစခန်းနှင့် ဆပ်သွားဆေးရုံတွင်တပ်စွဲထားသည့် လက်နက်ကြီးဖြင့် တိုင်ကျိုးကျေးရွာဘက် ပြန်လည်သို့ ပစ်ခတ်ခဲ့သည်။
အေအေနှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲများကြောင့် ဒေသတွင်း ကျေးရွာအသီးသီးမှ ဒေသခံ ထောင်နှင့်ချီ စစ်ဘေးမှ အရေးပေါ်ထွက်ပြေးတိမ်းရှောင်နေကြရသလို၊ စစ်ဘေးမှမရှောင်နိုင်ဘဲ ဒေသတွင်း ပိတ်မိနေသူများ လည်းရှိနေသည်။
တယ်လီဖုန်းလိုင်းနှင့် အင်တာနက် လိုင်းများ ပြတ်တောက်လုနီးပါးဖြစ်နေရာ မြေပြင်အခြေအနေများကို သတင်းရယူနိုင်ရန် ပိုမိုခက်ခဲလာနေသည်။
ဂွမြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများသည် ယနေ့ ၃ လတိတိပြည့်ပြီဖြစ်သည်။