
ဒွါရာဝတီ၊ ဇန်နဝါရီ ၂၈၊ ၂၀၂၅။
ရခိုင်ပြည်မြို့တော်၊ စစ်တွေမြို့အနီးဝန်ကျင်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(အေအေ)ကြား လက်နက် ကြီး၊ စနိုက်ပါ၊ ဒရုန်းများဖြင့် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများရှိနေပြီး ရခိုင်ရိုးမပေါ်ရှိ စစ်ကောင်စီ၏ တပ်စခန်းများကိုလည်း AA က ဆက်လက်သိမ်းပိုက်လျက်ရှိသည်ဟု သိရသည်။

အာရက္ခတပ်တော်သည် ရခိုင်ရိုးမတောင်တန်းတလျှောက်ရှိ စစ်ကောင်စီ၏ လက်ကျန်စခန်းများကို တခုပြီးတခု ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီသည် ပဲခူးတိုင်းဘက်မှ တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသော ကြောင့် ပဲခူးတိုင်း-ရခိုင် အစပ်နေရာများနှင့် ရခိုင်ရိုးမတောင်တန်းထက်တွင်လည်း တိုက်ပွဲများ နေ့စဉ်ဖြစ်ပွား လျက်ရှိသည်ဟု အာရက္ခတပ်တော်(အေအေ)က ဇန်နဝါရီ ၂၇ ရက်က ထုတ်ပြန်သည်။

ရခိုင်ပြည်၊ တောင်ကုတ်မြိုနယ်၊ ရခိုင်ရိုးမတောင်တန်းထက်ရှိ စစ်ကောင်စီ၏ စခန်းတခုဖြစ်သည့် မိုးထိတောင်စခန်းကို ဇန်နဝါရီ ၂၁ ရက်တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း၊ ၅ ရက်ခန့် အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် ဇန်နဝါရီ ၂၆ ရက်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်အသုံးအဆောင်၊ လက်နက်ခဲယမ်း၊ အလောင်းအချို့ကို သိမ်းဆည်းရမိခဲ့သည်။

ထို့အပြင် ဧရာဝတီ-ရခိုင်အစပ်၊ ဧရာဝတီတိုင်းအတွင်းရှိ အာရက္ခတပ်တော်မှ သိမ်းပိုက်ထားသည့် ပွိင့် (၂၆၃) စခန်းကို ရန်သူသည် ဇန်နဝါရီ ၂၇ ၌ လေကြောင်း၊ လက်နက်ကြီးပစ်ကူများနှင့်အတူ ထိုးစစ်ဆင်တိုက်ခိုက် လျက်ရှိသောကြောင့် တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း၊ အာရက္ခတပ်တော်သည် ပွိင့် (၂၆၃) စခန်းကို ဇန်နဝါရီ ၂၆ ရက်တွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီး ဇန်နဝါရီ ၂၁ ရက်ကလည်း ပွိင့် (၃၆၉) စခန်းကို သိမ်းပိုက်ရရှိခဲ့သည်ဟု ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

မကွေးတိုင်း၊ ငဖဲမြိုနယ်၊ ဂုတ်စီးရိုးကျေးရွာအနီး (အမ်း-ပဒါန်း ကားလမ်းမထက်) တွင် ဇန်နဝါရီ ၂၇ ယနေ့ နေ့၌လည်း စစ်ကောင်စီ၏ တမခ (၉၉) လက်အောက်ခံ ခမရ (၄၁၉) ၊ (၁၄) တပ်ရင်းတို့ ပူးပေါင်းစစ်ကြောင်းနှင့် အာရက္ခတပ်တော်တို့သည် နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ အေအေ၏ တန်ပြန်ခုခံစစ်ကို မယှဉ်နိုင်သော စစ်ကောင်စီသည် ဂုတ်စီးရိုးကျေးရွာဘက်သို့ ဆုတ်ခွာသွားသဖြင့် လိုက်လံရှင်းလင်း တိုက်ခိုက်လျက်ရှိရာ ရန်သူ့အလောင်းနှင့် လက်နက်ခဲယမ်းအချို့ကို ထပ်မံသိမ်းဆည်းရမိခဲ့သည်ဟု အေအေက ထုတ်ပြန်သည်။
#ရခိုင် #အေအေ #မကွေး #စခန်းသိမ်း