နိုဝင်ဘာ ၂၈ ရက်ညပိုင်းက စစ်ကောင်စီကို ပံ့ပိုးပေးနေတဲ့ ခရိုနီသူဌေး ဦးတေဇပိုင်တဲ့ ငပလီက Aureum Palace ဟိုတယ်မီးလောင်မှု ဖြစ်ပွားခဲ့သည်။ ထိုသတင်းကို ရခိုင်အခြေစိုက်မီဒီယာများသာမက ၊ ပြည်မသတင်းများ အားထားရေးသော သတင်းဌာန များက ပါ ဖော်ပြကြသည်။ ဟိုတယ် တစ်ခု ၏ မီးလောင်မှု သတင်းသည် ဘာကြောင့် သည်လောက်စိတ်ဝင်စားစရာ ကောင်းပါသလဲ။ တေဇသည် ခရိုနီတစ်ဦးဖြစ်လို့ ဒါပါပဲ။
ဒီကနေ ဆက်စပ်ကြည့်လိုက်မည် ဆိုလျှင် ငပလီ တွင် ခရိုနီများ ပိုင်သော ဟိုတယ်များ မနည်းမနောပင်ဖြစ်သည်။ ငပလီကမ်းခြေ၏ အချက်အခြာ ကျ သော နေရာ အားလုံးသည် စစ်တပ်အသိုင်းအဝိုင်းနှင့် ခရိုနီများ၏ ဇိမ်ခံ နေရာများ အဖြစ် ရှိနေသည်။
ငပလီလမ်းဆုံတွင် စစ်တပ် ၏ အခြေစိုက် ၅၅ တပ်ရင်းရှိသည်။ ကမ်းခြေ Sea View တွင် ဘိုတဲများရှိသည်။ အများပြည်သူတို့ လမ်းဖြတ်မလျှောက်ရ ဓာတ်ပုံမရိုက်ရသော ရေသူမ အရုပ်ရှိသည်။ စစ်တပ်၏ ပိုင်ဆိုင်မှုသည် ကမ်းခြေ၏ ထက်ဝက်ခန့်ရှိသည်။
ထိုထက်ဝက်ခန့်သည် စစ်တပ်အသိုင်းအဝိုင်းတို့ လာရောက်နားနေရန် ဘိုတဲများ ၊ဂေါက်ကွင်းများ စသည်ဖြင့် ငပလီ ကို တပ်မြို့သဖွယ် အပိုင်သိမ်းထားခြင်းဖြစ်သည်။
ဘာကြောင့်များ စစ်တပ်က ငပလီမှာ ဘိုတဲဆောက်လုပ်ဖို့ လိုပါသလဲ။ ဘာကြောင့်များ ငပလီမှာ ဂေါက်ကွင်းထားပြီး ဇိမ်ခံဖို့ လိုပါသလဲ ။ ဒါဟာ စစ်ရေးအရ ဘယ်နေရာမှာ အရေးပါ ပါသလဲ။ ဘာကြောင့်လဲ ဆိုရင်တော့ ရိုးရှင်းပါသည်။
ဘယ်သူ့ကိုမှ ဂရုစိုက်စရာမလိုပဲ သိမ်းခွင့်ရလို့ဟု ဆိုရပေမည်။
ငါ့အင်ပါယာ ၊ ငါ့နယ်နိမိတ်ဆိုပြီး တည်ထောင်ခွင့်ရလို့ တည်ထောင်ခြင်းသာဖြစ်သည်။ ဒေသခံတွေ ကို လည်း ဘာမှ မသိနားမလည် တဲ့ ၊ သိရင်လည်း သူ့တို့ အုပ်စု ကို မော်မကြည့်ရဲတဲ့ အဆင့်အတန်းနိမ့်တဲ့ လူရိုင်းတစ်စု ၊ လူမျိုးတစ်စု လို့ သဘောထားလို့ အခုလို နေရာတွေယူထားခြင်းဖြစ်သည်။
စစ်တပ်သည် ဒီလောက်နှင့် ကျေနပ်သလားဆိုခဲ့လျှင် မကျေနပ်သေးချေ ။ သူနဲ့ အလျဉ်းသင့်သော အပေါင်းအပါ များ ခရိုနီများ ၏ 5 Star အဆင့်မှီ ဇိမ်ခံဟိုတယ်များ ၊ ဒေါ်လာ နှင့် ပေးချေမှ တည်းခိုခွင့်ရသော ဒိတ်ဒိတ်ကျဲ အပန်းဖြေနေရာများ ဖြစ်သည်။
ဒေသခံများသည် ထိုဟိုတယ်များရှေ့ ကမ်းခြေတွင် လမ်းပင်ဖြတ်မလျှောက်ရ။
စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက်တွင် ရုရှားနှင့်ပူးပေါင်း၍ ငပလီတွင် အဆင့်မြင့်အိမ်ယာစီမံကိန်းများ တည်ဆောက်ရန် လက်မှတ်ရေးထိုးထားသေးသည်။ ဒေသခံများအတွက် မည်သည့် ထည့်သွင်းစဉ်းစားချက် မှ မပါဝင် ။ သူသိမ်းထားသော မြေတွင် သူအိမ်ယာစီမံကိန်းဆောက်ခြင်းသက်သက်ဖြစ်သည်။ အာဏာနှင့် လူတွင်ကျယ်လာလုပ်နေသည့် လုပ်ရပ်များသည် ရင်နာစရာကောင်းလှသည်။
ငပလီဒေသခံ ၊ သံတွဲဒေသခံများသည် ကမ်းခြေကို ဖင်ခုထိုင်ထားပါလျှက်၊ မငတ်ရုံတမယ် အလုပ်လုပ်ကြရသည်။
ဒေသတွင်း က တချို့ ဒေသခံများ အသေးစား တည်းခိုခန်း လေးများ ဆောက်လုပ်ကာ ငပလီ ကမ်းခြေ၏ ခရီးသွားလုပ်ငန်းတွင် တစ်စိတ်တစ်ပိုင်း လုပ်ကိုင်ကြသည်။ ငပလီ လို နေရာ ရှိနေပါလျှက် လူထု အများစု ဆင်းရဲကြသည်။
ခေတ်နဲ့လျော်ညီစွာ ဖွံ့ဖြိုးတိုးတက်တဲ့ ဒေသအရင်းအမြစ်များကိုတန်ဖိုးထားပြီး ဈေးကွက်ဖော်ဆောင်ထားတဲ့ ဒေသတွင်းက ခရီးသွားနေရာ ၊ စွန့်ဦးတည်ထွင် လုပ်ငန်းရှင်များ ၊ ဒေသခံ ခရီးသွားလုပ်ငန်းများ အတွက် စိတ်လက်ပေ့ါပါးစွာ ပျော်ရွှင်စွာ လုပ်ပိုင်ခွင့်တွေ ဖန်တီးထားတဲ့ နေရာ တစ်ခု အဖြစ်ရရှိနိုင်ဖို့ဆိုလျှင် ၊ စစ်တပ်နှင့် သူ၏ အပေါင်းအပါများကို မောင်းထုတ်မှသာရမည်ဖြစ်သည်။
မိတ်ဆွေရဲ့ မျက်လုံးထဲမှာ စစ်တပ်၏ တပ်ပိုင်မြေများ ၊ အဆောက်အဦများ ကို ဖယ်ကြည့်လိုက်ပါ။
ထိုနေရာများတွင် အများပြည်သူအပန်းဖြေမည့် နေရာများ၊ ကလေးငယ်များ လွတ်လပ်စွာဆော့ကစားနိုင်မည့် ကစားကွင်းများ ၊ ဒေသခံများအတွက် အဆင့်အတန်းမြင့်စွာဆောက်လုပ်ပေးထားသော Shopping Center များ၊ ဒေသထုတ်ကုန်တွေကို ခင်းကျင်းရောင်းချသော ဈေးများ ၊ ဒေသလက်မှုပညာ ပြခန်းများ၊ သဘာ၀ အနှစ်သာရများ ကို ဝံ့ကြွားစွာ ဖော်ထုတ်ထားမှုများ ၊ ခရီးသွားလုပ်ငန်းးဖွံ့ဖြိုးရေး အတွက် သင်ကြားပေးမယ့် ခေတ်မှီတက္ကသိုလ်များ၊ အစားထိုးကြည့်ပါ။
ကျွန်တော့်ကို စိတ်ကူးယဉ်နေပြီ ဟု မိတ်ဆွေထင်နေ လောက်ပြီ။ကျွန်တော် စိတ်ကူးယဉ်နေ ခြင်းမဟုတ်ပါ။
မြန်မာပြည်က လွဲလျှင် မည်သည့် တိုင်းပြည်မဆို အဲ့ဒီလို သူတို့ ဒေသခံတွေကို လုပ်ပေးထားပါသည်။
ကမ္ဘာ ပေါ်က မည်သည့် ကမ်းခြေ ကို မှ တပ်ပိုင်မြေအဖြစ် သိမ်းမထားပါ။