
ဒွါရာဝတီ၊ ဩဂုတ် ၂၆၊ ၂၀၂၅။
ရခိုင်ပြည်၊ မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်ကို အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ကလေး ၅ ဦးအပါအဝင် အရပ်သားပြည်သူ ၁၂ ဦးသေဆုံးခဲ့ရသည်ဟု အာရက္ခတပ်တော်(အေအေ)က ယနေ့၌ သတင်းထုတ်ပြန်သည်။
ဩဂုတ်လ ၂၅ ရက်၊ ည ၁၁ ခွဲခန့် အရပ်သားပြည်သူများ အိပ်မောကျနေသည့်အချိန်၌ မင်းအောင်လှိုင်စစ်တပ်က လေကြောင်းမှ ဗုံး ၂ လုံးကြဲချခဲ့တာကြောင့် အလှူလုပ်ရန်ပြင်ဆင်နေသည့် မိသားစုဝင်များနှင့် အနီးဝန်းကျင်မှ အရပ်သားပြည်သူများ ထိခိုက်ခဲ့ရာမှာ ကလေး ၅ ဦးအပါဝင် အရပ်သားပြည်သူ ၁၂ ဦးသေဆုံးခဲ့ကြောင်း၊ အရပ်သားပြည်သူ ၂၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ် ၈ လုံး ပျက်စီးခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ရခိုင်ပြည်အတွင်း စစ်ရှုံးထားသည့် မင်းအောင်လှိုင်စစ်တပ်သည် ၂၀၂၅ ခုနှစ် နှစ်ဆန်းမှစတင်၍ လေကြောင်း တိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်ခဲ့ခြင်းကြောင့် အရပ်သား ပြည်သူ စုစုပေါင်း ၆၈ ဦးအထိ သေဆုံးခဲ့ရ သည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုများမှာ မေလ ၁၄ ရက်နှင့် ၁၅ ရက်၌ ကျောက်တော်မြို့၊ ရွာမရပ်ကွက်သို့ ဂျက်ဖိုက်တာဖြင့် ၂ ရက်ဆက်တိုက် ဗုံးကြဲခဲ့တာကြောင့် အရပ်သားပြည်သူ ၈ ဦးသေဆုံးပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ မေလ ၁၃ ရက်တွင်လည်း ရသေ့တောင်မြို့နယ်၊ ထွန်းရဝေရွာဟောင်း စစ်ကောင်စီက ဗုံးကြဲခဲ့တာကြောင့် အရပ်သားပြည်သူ ၁၂ ဦးသေဆုံးပြီး ၂၃ ဦး ဒဏ်ရာကာ လူနေအိမ် ၃၁ လုံးမီးလောင်ခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ဇန်နဝါရီ ၁၈ ရက်တွင်လည်း မြောက်ဦးမြို့၊ ရမ်းချောင်းရွာအနီးကို မင်းအောင်လှိုင်စစ်တပ်က လေကြောင်းမှ တဆင့် ဗုံးကြဲခဲ့တာကြောင့် အေအေဖမ်းဆီးထားသည့် စစ်ကောင်စီ စစ်သုံပန်းမိသားစုဝင်ထဲမှ ကလေး အပါအဝင် အမျိုးသမီး စုစုပေါင်း ၂၈ ဦးသေဆုံးကာ ၂၅ ဦး ဒဏ်ရာရခဲ့ကြောင်း၊ အလားတူ ဇန်နဝါရီ ၈ ရက်မှာလည်း ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာကို လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် အရပ်သား ပြည်သူ ၂၆ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရကာ လူနေအိမ် ၄၀၀ နီးပါး မီးလောင်းပျက်စီးခဲ့သည်ဟု အေအေက ထုတ်ပြန်သည်။
နိုင်ငံတဝန်း၌ စစ်ရှုံးနေသော မင်းအောင်လှိုင်စစ်တပ်သည် စစ်ဘက်နှင့်မသက်ဆိုင်သည့် စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ ဈေးများ၊ ဘာသာရေးအဆောက်အုံများ၊ လမ်းတံတားများ၊ စစ်ဘေးရှောင်စခန်းများနှင့် လူနေထူထပ်သော မြိုရွာ ရပ်ကွက်နေရာများ စသည့် အပြစ်မဲ့ပြည်သူများအား ပစ်မှတ်ထား တိုက်ခိုက်သည့် လူစိတ်ကင်းမဲ့သောတိုက်ခိုက်မှုမျိုးကို ရခိုင်ပြည်တွင်းသာမက နိုင်ငံအနှံ့အပြား၌ နေ့စဉ်ရက်ဆက် ပြုလုပ်နေပြီး စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ကျူးလွန်လျက်ရှိသည်ဟု အေအေက ဆိုသည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးသွားခဲ့ရသော မိဘပြည်သူလူထုများ၏ မိသားစု၊ ဆွေမျိုးများနှင့် ထပ်တူဝမ်းနည်းရကြောင်း၊ အပြစ်မဲ့အရပ်သား အာရက္ခပြည်သူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုများကို နိုင်ငံအနှံ့ နေ့စဉ် ရက်ဆက် ကျူးလွန်နေသော စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေသော လုပ်ရပ်များကို ပြင်းထန်စွာရှုတ်ချပြီး ဤလုပ်ရပ်များကို သက်ဆိုင်ရာနိုင်ငံတကာအဖွဲအစည်းများထံသို ပေးပိုသွားမည်ဖြစ်သည့်အပြင် မိမိတို့အနေဖြင့် လုပ်သင့်လုပ်ထိုက်သည်များအား ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီ၏ ယခုတိုက်ခိုက်မှုနှင့်ပတ်သက်၍ နောက်ဆက်တွဲ ထိခိုက်၊ သေဆုံးမှုများရှိပါက ထပ်မံတင်ပြပေး သွားပါမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။