
ကျိန္တလီ၊ ဩဂုတ် ၁၆၊ ၂၀၂၄
ရခိုင်ပြည်တောင်ပိုင်း၊ ဂွမြို့နယ်၊ ကျိန္တလီ ခရစ်ယာန် ဘုရားရှိခိုးကျောင်းကို စစ်ကောင်စီက ယနေ့ မွန်းလွဲပိုင်းတွင် လေကြောင်းတိုက်ခိုက်ခဲ့ရာ စစ်ဘေးရှောင်နေသည့် ကလေး ၂ဦးအပါအဝင် ပြည်သူ ၁၁ဦးသေဆုံးကာ၊ ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရခိုင်ပြည်နယ် အခြေစိုက် ဒေသတွင်း မီဒီယာတခုဖြစ်သည့် Arakan Princess Media တွင် ဖော်ပြချက်အရ သိရှိရသည်။
အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ်တို့ကြား ယခုလ ၁၀ ရက် ညနေကတည်းက ပြင်းထန်နေသည့် ကျိန္တလီတိုက်ပွဲသည် ရက်သတ္တ ၁ပတ်ကြာမြင့်ခဲ့ပြီး၊ အဆိုပါတိုက်ပွဲကာလ တလျှောက် စစ်ကောင်စီက ကြည်း၊ ရေ၊ လေ အင်အားများ သုံးကာ လက်နက်ကြီးများ၊ လေကြောင်း ဗုံးများဖြင့် ပစ်ကူခဲ့ကြောင်း ဒေသခံများက ပြောသည်။
“ဒဏ်ရာရသူတွေကိုတော့ အေအေက ခေါ်ယူပြီး ဆေးကုသပေးနေတယ်လို့ သိရတယ်၊ ကျန်တဲ့ အသေးစိတ်ကိုတော့ မသိရသေး” ဟု စစ်ဘေးရှောင်နေသူ ဒေသခံတဦးက ဒွါရာဝတီသို့ပြောသည်။
သေဆုံးသွားသူများမှာ ကျိန္တလီမြို့ အမှတ် ၂ ရပ်ကွက်မှ
(၁) မငြိမ်းရတီ (၁၂ နှစ်)၊
(၂)မောင်လှမင်းထွန်း (၁၅ နှစ်)၊
(၃) ဒေါ်လှဆန်း (၃၀ နှစ်)၊
(၄) ဒေါ်ညွန့်တင် (၆၃ နှစ်)၊
(၅) ကိုပြည့်ဖြိုးအောင်(၂၉ နှစ်)၊
(၆) ဦးကျော်စိန် (၆၃ နှစ်)၊
(၇) ဒေါ်ကြူကြူဝင်း (၆၁ နှစ်)၊
(၈) ဦးမင်းထွန်းသိန်း(၃၈ နှစ်)၊
(၉) မဇင်မျိုးထွန်း (၂၁ နှစ်)၊
(၁၀) ဒေါ်လှလှဝင်း (၆၅ နှစ်)
(၁၁) ဒေါ်ခင်မိုးဝေ (၃၇ နှစ်)
တို့ဖြစ်ကြပြီး၊ ထိခိုက်ဒဏ်ရာရရှိသူများမှာ ကျိန္တလီမြို့ အမှတ် ၂ ရပ်ကွက်မှ
(၁) ဒေါ်ခင်လပြည့်
(၂) ဒေါ်မေမြင့်၊
(၃) နံ့သာဖြူ၊
(၄) အိရွှစင်၊
(၅) ဒေါ်စီစီ၊
(၆) ဒေါ်ခင်လှ၊
(၇) ဦးတင်အုန်း၊
(၉) တင်ဇော်ထွေး၊
(၉) သျှင်မွေလ၊
(၁၀) ခင်ဇော်ထွေး
(၁၁) မောင်ဝင်းတင်
တို့ဖြစ်ကြောင်း Arakan Princess Media တွင် ဖော်ပြထားချက်အရ သိရသည်။
စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုကြောင့် ကျိန္တလီပြည်သူ့ဆေးရုံလည်း ထိခိုက်ပျက်စီးမှု များပြားခဲ့ကြောင်း ဒေသတွင်း ရခိုင်သတင်းဌာနများတွင် ဓာတ်ပုံမှတ်တမ်းများနှင့်တကွ ဖော်ပြထားသည်။
ကျိန္တလီမြို့တွင် မနေ့ကအထိ တိုက်ပွဲများ ရှိနေခဲ့ပြီး၊ ညနေပိုင်းတွင်း စစ်ကောင်စီတပ်သားအချို့ ကစဉ့်ကလျား ထွက်ပြေးခြင်းများ ရှိခဲ့ကြောင်း သိရသည်။
“မနေ့ကတိုက်ပွဲက တော်တော်ပြင်းထန်တယ်၊ တောက်လျှောက်ပစ်တာ၊ ကျိန္တလီဘက်က ပြေးလာတဲ့ စစ်သား ၃ယောက်နဲ့ ရဲတယောက် လက်နက်တွေမပါ၊ ယူနီဖောင်းတွေနဲ့ ကုလားပြင် ဘက်ကို ရေကူးပြီးထွက်ပြေးတယ်တဲ့” ဟု ကိုယ်တိုင်မြင်တွေ့လိုက်သူနှင့် အဆက်အသွယ် ရရှိခဲ့သည့် စစ်ရှောင်ဒေသခံတဦးက ဒွါရာဝတီသို့ ပြောသည်။
အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ်များကြား ယခုလ ၁၀ ရက်နေ့ကစတင်ခဲ့သည့် ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့နယ်ခွဲ တိုက်ပွဲအတွင်း စစ်ကောင်စီက ကြည်း၊ ရေ၊ လေ ပူးပေါင်းကာ မြို့ရွာများကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ယင်းသို့ တိုက်ခိုက်ခဲ့ခြင်းများကြောင့် စစ်ပွဲနှင့် သက်ဆိုင်ခြင်းမရှိသည့် ဘာသာရေးဆိုင်ရာ သာသနိကအဆောက်အအုံများ၊ စာသင်ကျောင်းများနှင့် အရပ်သားများနေထိုင်ရာ နေအိမ်များထိုခိုက်ပျက်စီးခဲ့ရသည်။
စစ်ကောင်စီသည် မြန်မာပြည်အနှံ့အပြားတွင်ဖြစ်ပျက်နေသည့် အာဏာရှင်ဖြုတ်ချရေး တိုက်ပွဲများ အတွင်း စစ်နှင့် သက်ဆိုင်ခြင်းမရှိသော အရပ်သားပိုင်ဆိုင်မှုများ၊ အများပိုင် စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ခရစ်ယာန်ဘုရားကျောင်းများ၊ ဗလီများ စသည့် ဘာသာရေးဆိုင်ရာ သာသနိက အဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည့် သက်သေအထောက်အထား များစွာ ရှိခဲ့ပြီးဖြစ်သည်။
ပုံစာ- စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုကြောင့် သံတွဲမြို့နယ်၊ စေတီကွင်းကျေးရွာတွင် ပျက်စီးဆုံးရှုံးခဲ့ရသည့် သာသနိက အဆောက်အအုံတခု။