
တောင်ကုတ်၊ ဇူလိုင် ၁၀၊ ၂၀၂၄
တောင်ကုတ်မြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံတပ်များသည် အာရက္ခတပ်တော်(အေအေ) ရှိသည့်နေရာများကို ဖြတ်သန်းနိုင်ရန် အရပ်သားများနှင့် အရပ်ဘက်မော်တော်ယာဉ်များကို အသုံးပြုအကာအကွယ်ယူပြီး ရိက္ခာ၊ လက်နက်နှင့် လူအင်အားဖြည့်တင်းခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရှိရသည်။
တောင်ကုတ်မြို့နယ်ရှိ စစ်ဘေးရှောင်လိုသည့် ပြည်သူများသည် မော်တော် ယာဉ်များနှင့် ဘေးလွတ်ရာသို့ တိမ်းရှောင်ကြရာ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၎င်းတို့၏ ရိက္ခာနှင့် လက်နက်များကို စစ်ရှောင်ပြည်သူများ စီးနင်းလိုက်ပါသည့် မော်တော်ယာဉ်များနှင့် သယ်ဆောင်နေကြခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ်၏ စစ်ရေးအခြေအနေကို လေ့လာနေသည့် တောင်ကုတ်မြို့ ဒေသခံတစ်ဦးက ပြောသည်။
“သူတို့နဲ့နီးစပ်တဲ့သူတွေက ကားအထွက်ရှိတယ်၊ ဖြတ်သန်းလို့ရတယ်ပြောပြီး လိုင်းပေါ်မှာ ဈေးညှိတယ်၊ ဒေသခံတွေ ပါလာတော့ သူတို့ရိက္ခာတွေပါ ရောတင်ပြီးတော့ တပ်တော်ရှိတဲ့နေရာတွေကို ဖြတ်သန်း သွားလို့ရအောင်လုပ်တယ်၊ သူတို့စခန်းတွေကိုလည်း စစ်ကူလည်း တိုးပြီးပို့နေကြတယ်” ဟု အမည်မဖော်လိုသည့် တောင်ကုတ်မြို့ခံ တစ်ဦးက ပြောသည်။
စစ်ကောင်စီသည် စစ်ကူလိုသောကြောင့် ဒေသခံကားများ၊ ဆိုင်ကယ်များကို အကာအကွယ်ယူကာ စစ်ကောင်စီတပ်စခန်းများကို စစ်ကူထောက်ပံ့နေကြကြောင်း၊ အရပ်သားများနှင့်အတူ ဖြတ်သန်းနေ သည့်အတွက် တိုက်ပွဲ ပိုမိုကြန့်ကြာနေကြောင်း အာရက္ခတပ်တော် အေအေနှင့် နီးစပ်သူတစ်ဦးက
ဒွါရာဝတီသတင်းဌာနသို့ ပြောသည်။
ရခိုင်ပြည်နယ်တောင်ပိုင်းနှင့် ရိုးလမ်းတလျှောက်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်လာနိုင်သည့် အတွက် အသွားအလာဆင်ခြင်ကြရန် သတိပြုသင့်ကြောင်း ၎င်းကဆက်ပြောသည်။
“လမ်းခရီးကို လွယ်လင့်တကူ ပို့ပေးနေတယ်ဆိုတဲ့သတင်းတွေကို လိုင်းပေါ်မှာတွေ့ရင် နားယောင်ပြီး မသွားလာကြဖို့ စစ်ရေးအသိ သတိနဲ့ ဆင်ခြင်နေကြဖို့၊ မြို့ကို ဝင်လို့ရတယ်ဆိုတဲ့ သတင်းတွေ့ပြီး မဝင်ကြဖို့၊ လူသားဒိုင်းအနေနှင့်အသုံးချဖို့ ကြံရွယ်တာကို သတိထားဖို့အရေးကြီးတယ်” ဟု၎င်းက ဆိုသည်။
တောင်ကုတ်မြို့တွင် ဇွန် ၁၅ရက်က တောင်ကုတ်တက္ကသိုလ်အနီးတွင် အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ်တို့ကြား ပထမဆုံးအကြိမ် တိုက်ပွဲဖြစ်ပြီး နောက်ပိုင်း ထပ်မံ၍ တိုက်ပွဲ ဖြစ်ပွားခြင်း မရှိသော်လည်း ပြည်-ပန်းတောင်း-တောင်ကုတ် ရိုးမဖြတ် ကျော် လမ်းတလျှောက် စစ်ကောင်စီ တပ်စခန်းများအနီးတွင် မကြာခဏထိတွေ့ တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း အေအေနှင့်နီးစပ်သည့် သတင်းရင်းမြစ်တဦးက ဒွါရာဝတီသို့ ပြောသည်။
ရိုးလမ်းတိုက်ပွဲဖြစ်ပွားရာနေရာများသို့ ဇူလိုင်လ ၇ ရက်နေ့ နေ့လည်ပိုင်းတွင် တကြိမ်၊ ညနေပိုင်းတွင် ၁ ကြိမ် စစ်ကောင်စီတပ်က လေယာဉ်နှင့် ဗုံးကျဲခြင်းများရှိသကဲ့သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း များရှိနေသည်။
အလားတူ ဇူလိုင်လ ၁၀ ရက် ညနေ ၆ နာရီကစတင်ကာ ည ၇ နာရီခွဲအချိန်အထိ တောင်ကုတ်မြို့ရှိ စကခ ၅ နှင့် ၃၄၆ တို့မှ လက်နက်ကြီး ပစ်ခတ်သံများ ကျယ်လောင်စွာ ကြားနေရသောကြောင့် မြို့ပေါ်ဒေသခံများ ထိတ်လန့် လျက်ရှိကြောင်း၊ မည်သည့်နေရာသို့ ကျရောက် ပေါက်ကွဲသည်ကို မသိရှိရသေးကြောင်း ဒေသခံများပြောသည်။
တောင်ကုတ်မြို့တောင်ဘက် မိုင် ၄၀ကျော်အကွာရှိ သံတွဲမြို့တွင်လည်း စစ်ကောင်စီက လေကြောင်း ဗုံးကြဲမှုများ အဆက်မပြတ်ပြုလုပ်နေခြင်းကြောင့် တောင်ကုတ်မြို့မှနေ၍ ကျန်းမာရေးအရ မဖြစ်မနေ ခရီးသွားရန် လိုအပ်နေသူများအတွက် အခက်ကြုံလျှက်ရှိသည်။
ရခိုင်ပြည်နယ်တောင်ပိုင်းတွင် စစ်မျက်နှာကျယ်ပြန့်လာသည်နှင့်အမျှ စစ်ကောင်စီတပ်စခန်း အတော်များများ ဆုတ်ခွာနေကြရ၍ လေကြောင်းနှင့် ရေကြောင်းပစ်ကူများဖြင့် ပစ်ခတ်လျက်ရှိသလို မြေမြှုပ်မိုင်းများ ထောင်ထားခြင်းကြောင့် ဒေသခံများ သေဆုံးထိခိုက်သူဦးရေ တိုးပွားလာလျက် ရှိသည်။
ပုံ- ဇွန်လအတွင်းက တောင်ကုတ်မြို့မှ စစ်ဘေးရှောင်ကြသည့် ပြည်သူများ။
ဓာတ်ပုံ-CJ