
“တိုက်ပွဲတွေဖြစ်တော့ ထွက်ပြေးပြီး၊ အေးချမ်းမှ ရခိုင်ကိုပြန်လာမယ်ဆိုတာ အချောင်ခိုစိတ်ပဲ၊ ရခိုင်က ထွက်သွားပြီးရင် ပြန်မလာကြနဲ့” တဲ့။
ရခိုင်ဒေသခံအများစုရှိတဲ့ လူမှုကွန်ရက်အဖွဲ့လေးတခုမှာ ရုတ်တရက် ဖတ်လိုက်ရတဲ့ စာ ၁ ကြောင်းကြောင့် စိတ်ထဲ ဗလောင်ဆူသွားတယ်။
ဒီစာကိုဖတ်လိုက်တော့ မျက်လုံးထဲမှာ သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေ၊ မသန်စွမ်းတွေနဲ့ ကျန်းမာရေးမကောင်းသူတွေကို ဘွားကနဲ မြင်ယောင်မိတယ်။
တိုက်ပွဲတွေ စိပ်လာပြီ၊ ကိုယ်နေတဲ့အရပ်မှာ မလုံခြုံတော့ဘူး၊ ကြိုတင်စစ်ရှောင်သင့်ပြီလို့ တွေးတဲ့ အခါ သူသူကိုယ်ကိုယ် လူတိုင်း ခံစားရတာက ကိုယ်နေထိုင်ကြီးပြင်ရာ အိမ်ကလေး၊ ဝင်းကလေးကို မစွန့်ခွာချင်ခြင်းဆိုတဲ့ ဝေဒနာပါပဲ။
“ငါ့ပန်းပင်လေးတွေ ဘယ်သူရေလောင်းပေးမလဲ” ၊ “ငါ့ခွေး၊ ငါ့ကြောင်လေးတွေကို ဘယ်လို ထားခဲ့ရ မလဲ” ဆိုတဲ့ သေးသေးဖွဲဖွဲက စလို့ “ငါထွက်သွားရင် မသွားနိုင်ဘဲ ကျန်နေခဲ့ကြမယ့် ဆွေမျိုးသားချင်း မိတ်ဆွေ သူငယ်ချင်းတွေအပေါ် ကိုယ်လွတ်ရုန်းသလိုဖြစ်မလား”၊ “ဒီအိမ်နဲ့ ဒီပစ္စည်းတွေကို ဒီတိုင်းထား ခဲ့လို့ ဘယ်လိုဖြစ်ပါ့မလဲ” စတဲ့ ကြီးကြီးမားမားအထိ အတွေးပေါင်းများ စွာ ဝင်ရပြန်ပါတယ်။
ဒါတင်မက အိမ်ကစထွက်ပြီဆိုကတည်းက အိမ်ပြန်ချိန်က ဘယ်လောက်ကြာမယ်မှန်းမသိနိုင်။ အိမ်နဲ့အဝေးမှာ ရှင်သန်ရပ်တည်ရမယ့် အခြေအနေတွေကိုလည်း မခန့်မှန်းနိုင်။ နေရာသစ်မှာ ဘယ်လိုနေသားကျအောင်နေရမလဲဆိုတာကလည်း မရေရာမသေချာ။
ဒါက စစ်ဘေးအန္တရာယ်နဲ့ နီးကပ်လာနေတဲ့အချိန်မှာ မြို့ကနေ ထွက်ခွာနိုင်ဖို့ အခြေအနေပေးသူတွေ အတွက် တွေးရတဲ့တွေးတောချက်တွေပါ။
အထူးသဖြင့် မိသားစုတစုမှာ အရင်ဆုံးရင်ဆိုင်ရတဲ့ ပြဿနာက သက်ကြီးရွယ်အိုတွေရဲ့ ငြင်းဆန်ခြင်း ပြဿနာပါ။ တွေဝေခြင်းနဲ့ တွန့်ဆုတ်ခြင်း ပြဿနာပါ။ သူတို့တသက်လုံး ရှာဖွေစုဆောင်းလာခဲ့တဲ့ အိမ်တွေ၊ ယာတွေ၊ ဥစ္စာစီးပွားတွေကို ထားခဲ့ပြီးထွက်သွားရမှာကို လက်မခံချင်တဲ့ ပြဿနာပါ။
နောက်တခုက “ငါတို့မြို့က ဘာမှ မဖြစ်နိုင်ဘူး” ဆိုတဲ့ ဘာမှမဖြစ်စေချင်တဲ့ မသိစိတ်ထဲက ဆန္ဒကို နှုတ်ကနေ တွင်တွင်ထုတ်ပြောပြီး လက်တွေ့အခြေအနေကို မျက်ကွယ်ပြုဖို့ ကြိုးစားတဲ့ ပြဿနာပါ။
လွန်ခဲ့တဲ့ ၆လ၊ ရခိုင်ကနေ ပြည်မကို ထွက်ခွာတဲ့ လမ်းတွေ ရုတ်တရက် ပိတ်ချလိုက်တဲ့အချိန်ဟာ ဒီဒေသမှာ စစ်ရေး၊ နိုင်ငံရေး လောကဓံတွေ မကြာခင်ခံစားရတော့မယ့်ဆိုတဲ့ အငွေ့အသက်ကို စတင်ခံစားခဲ့ရတယ်။ တမြို့နဲ့တမြို့၊ တရွာနဲ့တရွာ ဆက်သွယ်သွားလာလို့မရ၊ စားနပ်ရိက္ခာတွေ ပြတ်လပ်၊ အခြေခံ စားသောက်ကုန်တွေကို တနေ့တာဝင်ငွေထက်ပိုများတဲ့ဈေးတွေနဲ့ ဝယ်ခြမ်း စားသောက်နေရတဲ့ အခြေခံလူတန်းစားတွေဟာ အငတ်ဘေးနဲ့ စတင်ရင်ဆိုင်လာခဲ့ရတယ်။
လမ်းတွေပိတ်ဆို့ဖြတ်တောက်ပြီး ၃လအကြာ၊ လူတွေ ဆီတန်းစီ၊ ဆန်လုဝယ်နေရတဲ့ အကြပ် အတည်းတွေနဲ့ အဆိုးဆုံးရင်ဆိုင်နေရချိန် ဖေဖော်ဝါရီ ၁၁ ရက်မှာ ရေတပ်က ပင်လယ်ထဲကို အမြှောက်စပစ်ခဲ့တယ်။
အဲလိုကျယ်လောင်တဲ့အသံဆိုလို့ တောင်တွေဖြိုလို့ ကျောက်မိုင်းခွဲတာလောက်ပဲ ကြားဖူးတဲ့ သံတွဲသူ၊ သံတွဲသားတွေအတွက်တော့ အချက်ပေး ခေါင်းလောင်းသံပဲလို့ ဆိုရမယ်။ မြန်မာနိုင်ငံအနှံ့ က စစ်ဘေးဒါဏ်ခံပြည်သူတွေမချိအောင် ခံစားနေရတဲ့ အတွေ့အကြုံတွေလိုမျိုး သိပ်မကြာခင် ကာလမှာ ကိုယ့်ဒေသကို ရောက်လာတော့မယ်ဆိုတာ ချင့်ချိန်ဖို့ သတိပေးလိုက်တာလို့ဆိုရပါမယ်။
အဲဒီနောက်ပိုင်းမှာတော့ လုံခြုံရေးအသိလည်းရှိ၊ တနေရာကနေ တနေရာကို ရွှေ့ပြောင်းနေထိုင်ဖို့ အခက်အခဲမရှိတဲ့သူတွေက မြို့ကနေ စတင်ထွက်ခွာဖို့ ပြင်ဆင်ကြတယ်။
“ငါတို့မြို့ကလေးက ဘာမှမဖြစ်လာနိုင်ဘူး” ဆိုတဲ့ မျက်စိမှိတ်ယုံကြည်ခြင်းကို စွန့်လွှတ်ပြီး မြို့ကလေးကနေ တနယ်တကျေးကို ထွက်ခွာကြရတယ်။
အဲဒီအချိန်တုန်းက စစ်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံတဝှမ်းမှာ တွေ့ကြုံနေရတာတွေကို သင်ခန်းစာယူပြီး ဗုံးခိုကျင်းတွေတူးဖို့၊ လိုအပ်ရင် တိမ်းရှောင်ရွှေ့ပြောင်းဖို့ ပြောတဲ့အခါ တချို့က လှောင်ရယ် ကြတယ်။ တချို့က ထေ့ငေါ့ကြတယ်။
မြို့ကနေ ထွက်သွားတော့မယ် ဆိုတော့ “ငါ့ကို ဘယ်သူတွေကများ ကိုယ်လွတ်ရုန်းတယ်လို့ စွပ်စွဲကြမလဲ” ဆိုတဲ့ အတွေးက တကယ်ကို ခံစားရခက်ခဲစေပါတယ်။ ဒီမြို့မှာမွေး၊ ဒီမြို့မှာကြီး၊ ဒီမြို့မှာ ရှင်သန်ခဲ့ကြတဲ့ လူတွေအတွက်ကတော့ မြို့ကလေးက ထွက်ခွာဖို့ ဆုံးဖြတ်ချက်ကိုချနိုင်ဖို့ မလွယ်ကူလှဘူး။
ဒါပေမယ့် အဲ့ဒီလို ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေကို ပြတ်ပြတ်သားသား လျှစ်လျှူရှုဖို့အတွက် လက်ရှိ အခြေအနေက နောက်ဆုံးအခြေအနေလို့ဆိုရပါမယ်။ လက်နက်ကြီးနဲ့ လေကြောင်း ပစ်ခတ်မှု တွေကြောင့် သံတွဲမြို့နဲ့ မိုင် ၂၀ပတ်လည်အကွာအဝေးမှာ အသက်ဆုံးရှုံးလိုက်ရ သူတွေဟာ လူဦးရေ ၂၅ယောက်ထက်မနည်းဖြစ်လာပြီး တဖြည်းဖြည်းနဲ့တိုးလာနေတယ်။ မိသားစုတွေဟာ အိုးအိမ်တွေကို ဆုံးရှုံးလိုက်ကြရတယ်။
စစ်ပွဲဆိုတာ ကြားဖူးနားဝအခြေအနေကနေ စစ်နဲ့ ပက်ပင်းတိုးတဲ့ အခြေအနေကို ရင်ဆိုင်နေရပြီ ဖြစ်လို့ ဘေးလွတ်ရာကို ထွက်ခွာဖို့ အခြေအနေပေးသူတွေအနေနဲ့ မတွန့်ဆုတ်စေချင်ပါဘူး။
“ဘယ်သူက ငါ့ကို ငကြောက်လို့ စွပ်စွဲမလဲ” ဆိုတဲ့ စိတ်ကို ဖျောက်လိုက်ပါ။ ဘေးလွတ်ရာကို တိမ်းရှောင်တာဟာ အပြစ်မဟုတ်ပါဘူး။ အချောင်ခိုတာ မဟုတ်ပါဘူး။ စစ်ဘေးဒုက္ခ ကျရောက်ချိန်မှာ အစုလိုက်အပြုံလိုက် ဒုက္ခတွင်းထဲမှာ ရှိနေတာဟာ မျှဝေခံစားတာမဟုတ်ပါဘူး။ ကိုယ်က မျှဝေခံစားပေးလိုက်လို့ နောက်တယောက်က လျော့ပါးခံစားရမှာ မဟုတ်ပါဘူး။
တိုက်ပွဲပြင်းထန်နေချိန်မှာ တိုက်ပွဲထဲ အဓိကဇာတ်ကောင်အဖြစ်ပါဝင်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့က ပြည်သူတွေတိုက်ပွဲကြားမှာ ပိတ်မိမှာစိုးတဲ့အတွက် စစ်အန္တရာယ်ဇုန်ကနေ အမြန်ဆုံးထွက်ခွာဖို့ အတိအလင်း တရားဝင်သိပေးစာထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။ ဒီအချိန်ဟာ ဘယ်လိုနည်းနဲ့မှ တွေဝေတွန့်ဆုတ်နေသင့်တဲ့ အချိန်မဟုတ်တော့ပါဘူး။
မြို့ကနေထွက်ခွာဖို့ကလည်း အကန့်အသတ်တွေ အများကြီးရှိနေတဲ့အတွက် အကယ်၍များ ထွက်ခွာ နိုင်တဲ့ အခြေအနေရှိတယ်ဆိုရင် စစ်ရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ရင်ဆိုင်ဖို့ အင်အားအနည်းဆုံး သူတွေဖြစ်တဲ့ ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေ၊ ကျန်းမာရေး မကောင်းသူတွေဟာ မဖြစ်မနေ စစ်အန္တရာယ်ဇုန်ထဲကနေ တိမ်းရှောင်သင့်ပါတယ်။
အသက်ကို ဥာဏ်စောင့်ပါတယ်။ သင့်တင့်လျှောက်ပတ်တဲ့ အရပ်မှာ နေထိုင်ခြင်းဟာ မင်္ဂလာတပါး ဆိုတာကိုလည်း သတိမမေ့သင့်ဘူး။
အိုးအိမ်တွေကိုတွယ်တာစိတ်နဲ့ အိမ်က မစွန့်ခွာတဲ့ ဖခင်ကြီးကို စောင့်ရင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ သားအဖနှစ်ယောက်လုံး အသက်ဆုံးရှုံးရတဲ့ ကရင်နီပြည်နယ် (ကယားပြည်နယ်)လွိုင်ကော်မြို့က လက်တွေ့သာဓက အဖြစ်အပျက်မျိုးကို သင်ခန်းစာ ယူသင့်ပါတယ်။
ကိုယ့်အိမ်ခေါင်မိုးပေါ်ကို လက်နက်ကြီးကျည် မကျနိုင်ဘူးဆိုတာ သေချာရင်တောင် စစ်ပွဲကြားမှာ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ ပြတ်လတ်တဲ့ဒါဏ်ကို လှိမ့်နေအောင် ခံရနိုင်ပါတယ်။ သံတွဲဒေသအတွက် စားနပ်ရိက္ခာ အကန့်အသတ်ရှိနေတယ်ဆိုတာ အားလုံးသိပြီးသားဖြစ်ပါတယ်။
စစ်အန္တရာယ်ဇုန်ထဲကျရောက်နေပြီး မြို့နားကို တဖြည်းဖြည်းနီးကပ်လာတဲ့ အခြေအနေမှာ၊ စစ်ကောင်စီဟာ လေကြောင်း၊ ရေကြောင်းရော၊ ဖျက်အားပြင်းအမြှောက်ကြီးတွေနဲ့ပါ လူထုကို ပစ်မှတ်ထားတိုက်ခိုက် လာနေပါတယ်။
မြန်မာပြည်အနှံ့က တော်လှန်ရေးတိုက်ပွဲတိုင်းမှာ စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ လူထုကို လူသားဒိုင်းလိုသဘောထားပြီး ပြည်သူ့ဘဏ္ဍာ၊ ပြည်သူပိုင်ပစ္စည်းတွေကို တလွဲအသုံးချ၊ မီးကုန်ယမ်းကုန် မိုက်မဲနေတာဖြစ်ပါတယ်။
အဲတော့ မြို့ကို မစွန့်ခွာဖို့၊ မြို့ကို စွန့်ခွာတဲ့သူတွေဟာ မြို့ကို မချစ်လို့ဆိုတဲ့ အမျိုးမျိုးပြောဆို ကဲ့ရဲ့ တိုက်တွန်းနေကြတာတွေဟာ တကယ်တော့ ကိုယ့်မြို့သူ၊ မြို့သားတွေကို ဒုက္ခတွင်း၊ သေတွင်းထဲ ပို့နေသလိုဖြစ်နတယ်၊ စစ်ကောင်စီ ရဲ့ လူသားဒိုင်းအဖြစ်အသုံးချခံဖို့အတွက် တွန်းပို့နေတဲ့သဘော သက်ရောက်တယ်ဆိုတာ သတိမူ သင့်တယ်။
ကျမတို့မြို့က အခုမှ စစ်ဘေးဒုက္ခ စလုံးရေ စကြရတာဖြစ်လို့ ရှေ့က တွေ့ဖူးကြုံဖူးတဲ့ တိုင်းရင်းသား ဒေသတွေနဲ့ အညာဒေသ၊ မြေလတ်ဒေသတွေရဲ့ သင်ခန်းစာတွေကို ယူပြီး ကြံ့ကြံ့ခံရင်ဆိုင်ကြရမှာ ဖြစ်ပါတယ်။
လက်တွေ့ကျကျဖြစ်သင့်တာက ထွက်ခွာဖို့အတွက် အခြေအနေပေးသူတွေက ဘေးလွတ်ရာကို ထွက်ခွာပြီး အခက်အခဲ မျိုးစုံကြောင့် အခြေအနေမပေးလို့ မြို့ကနေ မထွက်နိုင်ကြတဲ့သူတွေနဲ့ ကိုယ်နဲ့ နီးစပ်ရာလူတွေကို ပြန်စောင့် ရှောက်ပါ။ ကိုယ်ချစ်တဲ့ မြို့ကလေးရဲ့ ပြန်လည်ထူထောင်ရေးကာလ အတွက်ကြိုတင် ပြင်ဆင်ကြပါ။
ဒီမြို့ကလေးကိုချစ်လို့ ဒီမြို့ကလေးကမခွာဘူးဆိုတဲ့သူတွေအနေနဲ့လည်း ရောက်လာနိုင်တဲ့ စစ်ဘေး အန္တရာယ်ကြားမှာ အကောင်းဆုံးရှင်သန်နိုင်ဖို့ စိတ်ရော၊ ကိုယ်ပါ ကြိုတင်ပြင်ဆင်နိုင်ကြ ပါစေလို့ ဆုတောင်းပါတယ်။
( မေ ၂၃၊ ၂၀၂၄ )