
ရက်သတ္တ တပတ်ကျော်ကြာ ပြင်းထန်နေသည့် ရခိုင်တောင်ပိုင်း၊ ကျိန္တလီတိုက်ပွဲများသည် မနေ့က ညနေပိုင်းကစတင်ကာ တောင်ဘက်မြို့အထွက်ဘက်သို့ ရောက်ရှိလာပြီး စစ်ကောင်စီက ကြည်း၊ ရေ၊ လေ ပစ်ကူခြင်းများ ဆက်တိုက်ပြုလုပ်နေကြောင်း အဆိုပါအနီးဝန်းကျင်မှ တိမ်းရှောင်လာသူများထံ မေးမြန်းချက်အရ သိရသည်။
စစ်ကောင်စီသည် အာရက္ခတပ်တော်(အေအေ)၏ ထိုးစစ်ကို ကျိန္တလီမြို့အထွက် ၂မိုင်ဝန်းကျင်အကွာရှိ ကျောက်ပါးစပ်ကျေးရွာမှ ခုခံနေပြီး၊ ကုန်းပေါ်တွင်အထိုင်ချထားသည့် လက်နက်ကြီးများဖြင့်လည်းကောင်း၊ ဂျက်ဖိုက်တာဖြင့်လည်းကောင်း၊ ကျိန္တလီအနီး ပင်လယ်ပြင်တွင် ပတ်မောင်းနေသည့် ရေတပ်စစ်သင်္ဘောမှလည်းကောင်း ပစ်ကူပေးနေကြောင်း သိရသည်။
“ကျောက်ပါးစပ်မှာတိုက်ပွဲဖြစ်နေတယ်၊ ည ၁၁နာရီလောက်က စဖြစ်တယ်၊ လက်နက်ကြီးတွေနဲ့ ရမ်းပစ်နေတယ်၊ ရေကြောင်းကလည်းဆော်နေတယ်၊ မနေ့ကဆို နေ့လည်ပိုင်းကတည်းက လေယာဉ်ကပစ်နေတာ ညနေပိုင်းအထိ” ဟု အမည်မဖော်လိုသည့် ဒေသခံတဦးက ဒွါရာဝတီသို့ ပြောသည်။
အလားတူ အေအေနှင့် စစ်ကောင်စီတပ်ကြား ယခုလ ၁၀ရက်ကတည်းက ပြင်းထန်ခဲ့သည့် ကျိန္တလီ တိုက်ပွဲများအတွင်းမှ ထွက်ပြေးလွတ်မြောက်လာသူများ၏ အဆိုအရ အမှတ် ၁ ရပ်ကွက်နှင့် အမှတ် ၂ရပ်ကွက်သည် အပျက်အစီးအများဆုံးဖြစ်ပြီး တိုက်ပွဲအတွင်း လက်နက်ကြီးနှင့် ဗုံးထိမှန်မှုများ ကြောင့် အရပ်သားသေဆုံးမှုများပြားကြောင်း သိရသည်။
“ထွက်ပြေးလာတဲ့လူတွေကို မေးကြည့်ရသလောက် အသေအပျောက်များတယ်တဲ့၊ အိမ်အောက်ဘက် တွေမှာ သေနေတာတွေအများကြီးလို့ ပြောပါတယ်၊ လက်နက်ကြီးကျည်ထိလို့ သေနေတဲ့ သူတယောက်ကို ရိုက်လာတဲ့ ဓာတ်ပုံလည်း ပြတယ် အဲဒီရက်က အမှတ် ၂ရပ်ကွက်က သေတဲ့လူတွေကိုတော့ ကျိန္တလီအဝိုင်းမှာ ပုံထားတယ်၊ ထိခိုက်တဲ့လူတွေကိုတော့ အေအေက လွတ်ရာကို ခေါ်သွားပြီး ဆေးကုပေးတယ်လို့ ပြောတယ်” ဟု ဒွါရာဝတီ၏ သတင်းရင်းမြစ်တဦးက ပြောသည်။
ထွက်ပြေးလွတ်မြောက်လာသူ ၅ဦးထက်မနည်း၏ ပြောကြားချက်အရ ကျိန္တလီမြို့ပေါ် တိုက်ပွဲအတွင်း အရပ်သားသေဆုံးမှု ၂၀၀ နီးပါးရှိနိုင်ကြောင်း သိရပြီး ဒွါရာဝတီသတင်းဌာနအနေနှင့် သီးခြားအတည် မပြုနိုင်သေးပေ။
သံတွဲမြို့နယ်ဘက်မှ စစ်ဘေးရှောင်လာသည့် ဒေသခံတဦးက “ကျနော်တို့က (…) ကနေ ကျိန္တလီကို စစ်ရှောင်ဖို့ရောက်နေတာ ကျနော်တို့ သေတွင်းက ထွက်လာတာပါ၊ ကျနော်တို့ခေါင်းမှာ ကျည်ဆံတွေ ဝဲနေတယ်” ဟု ပြီးခဲ့သည့် ယခုလ ဒုတိယပတ်အတွင်းက အတွေ့အကြုံကို ပြန်လည်ပြောပြသည်။
ယမန်နေ့က ပြင်းထန်ခဲ့သည့် တိုက်ပွဲအတွင်း ကျိန္တလီမြို့၊ လယ်တီတောင်ပေါ်ကျောင်းရှိ ဘုရား ပြိုကျခဲ့ကြောင်းနှင့် စစ်ကောင်စီက ပစ်ခတ်သည့် လက်နက်ကြီး ကျည်များ သည် ရေလယ်ကျွန်းနှင့် ရမ္မာကျွန်းမော်ဖျားဘက်သို့ ကျရောက်ခဲ့ကြောင်း ကနဦးသိရပြီး ဆက်သွယ်ရေး အခက်အခဲများကြောင့် ပျက်စီးမှုအသေးစိတ်ကို မသိရသေးပေ။
ကျိန္တလီမြို့ပေါ်တိုက်ပွဲများအတွင်း စစ်ကောင်စီက ဘာသာရေးအဆောက်အအုံတခုဖြစ်သည့် ခရစ်ယာန်ဘုရားရှိခိုးကျောင်းတကျောင်းအား လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းကြောင့် ယခုလ ၁၆ရက်နေ့က စစ်ဘေးရှောင် အရပ်သား အနည်းဆုံး ၁၁ဦးသေဆုံးခဲ့ပြီး၊ ၁၁ဦး ထိခိုက်ဒါဏ်ရာ ရရှိခဲ့သည်။ အလားတူ ကျိန္တလီ ပြည်သူ့ဆေးရုံလည်း ပျက်စီးဆုံးရှုံးခဲ့ရသည်။
စစ်ကောင်စီ၏ ကြည်းတပ်များသည် ကျိန္တလီမြို့နယ်၊ ကျိန္တလီတံတားတဖက်ကမ်းရှိ ကုလားပြင် (ရတနာမြို့)ကျေးရွာ၊ ကြွေချိုင်ကျေးရွာ၊ ဆပ်သွားကျေးရွာနှင့် ဂွမြို့များတွင် အထိုင်ချ တပ်စွဲကာ စစ်အင်အားများဖြည့်တင်းထားသည်။
သံတွဲမြို့ မြောက်ဘက် မိုင် ၂၀ အကွာမှ တဖြည်းဖြည်းဆုတ်ခွာလာသည့် စစ်ကောင်စီတပ်များသည် ယခုလက်ရှိတွင် သံတွဲတောင်ဘက် မိုင် ၄၀ကျော်အကွာ ဂွမြို့နယ်အပိုင်၊ ကျိန္တလီမြို့နယ်အတွင်း ရောက်ရှိလာပြီဖြစ်သည်။ ဂွမြို့သည်ရခိုင်ပြည်နယ်၏ တောင်ဘက်အစွန်ဆုံးမြို့ဖြစ်ကာ ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်း၏ နယ်စပ်မြို့လည်းဖြစ်သည်။