//အက်ဆေး//
ဘယ့်နှယ်၊ လူတွေမှာ ဒီလောက်စစ်ဘေးစစ်ဒဏ်သင့်ပြီး၊ မိသားစုတွေ သေကွဲရော၊ ရှင်ကွဲပါ ခွဲခွာနေကြရချိန်မျိုးမှာ မှိုတွေ၊ မျှစ်တွေ လွမ်းကြောင်း ပြောနိုင်သေးလားရယ်လို့ အပြစ်တင်ရင်လည်း ငြိမ်ခံရဖို့ပဲ ရှိပါတယ်။ ဒါပေမယ့် လွမ်းတာကတော့ လွမ်းတာပါပဲ။
စစ်ဖြစ်တော့မယ်၊ ကြိုတင်ပြင်ဆင်ရှောင်ကြ၊ တိမ်းကြဟေ့လို့ ကြိုတင်လောဆော်ချိန်မှာ “ငါတို့မြို့လေး မဖြစ်နိုင်ပါဘူး၊ ငါတို့ဒေသက အေးချမ်းတယ်” ဆိုပြီး ပေတေ ကပ်သပ်ခံနေတဲ့ သူတွေ၊ နောက်ဆုံး စစ်က အိမ်နောက်ဖေးရပ်ကွက်ရောက်လာတော့မှ အဝတ်တထည် ကိုယ်တခုနဲ့ ထပြေးကြတယ်။
ဇွန်လနှောင်းပိုင်းမှာ သံတွဲနဲ့ ပိုမိုနီးကပ် ပြင်းထန်လာတဲ့ တိုက်ပွဲတွေကြောင့် အသက်ဘေးက လွတ်ရာကို ပြေးကြရချိန်မှာ “ငါ့အမေတော့ ငပိတဘူးပိုက်ပြီး ငါ့ဆီရောက်ချလာတယ်” ၊ ‘’စောစောကတည်းက ခေါ်နေတာမလာ၊ နေလို့မရတဲ့ အဆုံးကျမှ ငနီတူတထုတ်နဲ့ သခွပ်ပွင့်တထုတ် ဆွဲပြီး ထွက်လာကြတယ်” ဆိုတဲ့ ဆွေတွေမျိုးတွေ၊ မိသားစုဝင်တွေရဲ့ ဒေသက မခွာချင်တဲ့စိတ်နဲ့ စွန့်ခွာရပြီဆိုတဲ့အခါ မဖြစ်မနေပါလာကြတဲ့ တန်ဖိုးကြီးပစ္စည်းတွေအကြောင်း ပြောကြဆိုကြရင်း ငိုအားထက် ရယ်အား သန်ခဲ့ကြရပါတယ်။
သံတွဲချောင်း။
မြန်မာပြည် တနံတလျားက တိုင်းရင်းသားပေါင်းစုံ၊ လူမျိုးပေါင်းစုံဟာ သူတို့နေရာ၊ သူတို့ဒေသက ရိုးရာအစားအစာ၊ ရာသီပေါ်အစားအစာတွေကို တခုံတမင် စားသောက်ကြသလိုပဲ ကျမတို့ သံတွဲဒေသမှာလည်း သံတွဲသူ၊ သံတွဲသားတွေ ကိုယ်နဲ့မကွာဆောင်ထားတတ်တဲ့ ဒေသ အစားအစာတွေရှိကြတယ်။
လူတိုင်းဟာ သူ့အရပ်၊ သူ့ဒေသနဲ့ဝေးကွာနေချိန်မှာ ကိုယ်စီဒေသအစားအစာကို လွမ်းဆွတ်တတ်ကြတယ်။ စစ်ဘေးစစ်ဒဏ်ကြောင့် ပြေးရလွှားရ၊ သူစိမ်းပြင်ပြင် အရပ်တွေမှာ အခြေချကြရတဲ့အခါ စိတ်ရောကိုယ်ပါ အရာရာ အထိုင်မကျကြတဲ့အထဲ အစားအသောက်ပြဿနာလည်း ပါဝင်ပါတယ်။
တော်လှန်ရေးကာလ၊ ကိုယ့်အရပ်၊ ကိုယ့်ဒေသကို မလွဲသာမရှောင်သာလို့ စွန့်ခွာကြရသူတွေမှာ အိမ်ကိုလွမ်းစိတ်၊ မြို့ကို လွမ်းစိတ်နဲ့အတူ မွေးကတည်းက စားသောက်နေထိုင်မှုပုံစံလေးတွေကို လွမ်းတဲ့စိတ်က ခွဲလို့ မရနိုင်တာ အဝေးရောက်နေသူတိုင်းရဲ့ ခံစားချက်ဖြစ်ပါလိမ့်မယ်။
ကျမတော့ အခုအချိန်မှာ အလွမ်းဆုံးက မျှစ်ပါပဲ။ မျှစ်ဆိုလို့ ဘယ်နေရာဝယ်စားစားရတာပဲလို့ ပြောကောင်းပြောနိုင်ပေမယ့် သံတွဲကထွက်တဲ့ ခရင်မျှစ်ဟာ တခြားဘယ်ဒေသမှာမှ မတွေ့ဖူးတဲ့ ထူးထူးခြားခြား အရသာရှိတဲ့ ရာသီစာတမျိုးလည်းဖြစ်ပါတယ်။
အခုလို မိုးတွင်းအချိန်ဆိုရင် ကျမတို့သံတွဲဒေသမှာ အပေါဆုံး တောစာ၊ တောင်စာ၊ ရာသီစာက ခရင်မျှစ်ပါပဲ။ ဒီလိုအချိန်ဆိုရင် သံတွဲချောင်းရိုးအတိုင်း စုန်ဆင်းလာမယ့် မျှစ်လှေတွေကို တွေ့နိုင်တယ်။ ရခိုင်ရိုးမ အစွယ်ပွားတွေကို မြစ်ဖျားခံစီးဆင်းလာတဲ့ သံတွဲချောင်းရဲ့ အထက်ဘက်မှာ ခရင်မျှစ်တွေထွက်ရှိရာ ဝါးတောကြီးတွေရှိသလို၊ အခုလက်ရှိ စစ်ဖြစ်နေတဲ့ ကျိန္တလီဒေသ ချောင်းဖျားအရပ်ကနေလည်း ခရင်မျှစ်တွေ ထွက်တတ်ကြပါတယ်။
သံတွဲချောင်းဖျားက မျှစ်တွေဟာ သံတွဲချောင်းအတိုင်း လှေစီးပြီး စုန်ဆင်းကြတယ်။ ကျိန္တလီ ဒေသကထွက်တဲ့မျှစ်တွေကတော့ ဆိုင်ကယ်တတန်၊ ကားတတန်နဲ့ သံတွဲကို လာကြတယ်။ သံတွဲမှာ ဖြုန်းအားရှိတာကိုး။ ကျိန္တလီမျှစ်က ပွတယ်၊ နုတယ်၊ သံတွဲချောင်းဖျားမျှစ်က နည်းနည်းကျစ်တယ်၊ ကြွပ်တယ်။
အခုလိုမျှစ်လှိုင်လှိုင်ပေါတဲ့အချိန်ဆိုရင် အိမ်တိုင်းမှာ မျှစ်ဟင်းကတော့ မပါမဖြစ်ဘဲ။ တို့စရာမျှစ်ပြုတ်၊ အရံဟင်းမျှစ်ချက်ဆိုတာမျိုး အခေါင်းပွခရင်မျှစ်လေးတွေကို လေးစိပ်ခွဲပြီး၊ ငပိလေးနဲ့ ချက်စား တတ်ကြတယ်။ ဘာဟင်းချက်လဲလို့ ဘယ်သူအိမ်ကိုမေးမေး၊ “မျှစ်လှော်တယ်ဟေ့” လို့ ပြန်ဖြေသံကို ကြားရမယ်။ မျှင်ငပိမွှေးမွှေးလေးနဲ့ ငရုတ်သီးအစိမ်းတောင့်လေး ထက်ခြမ်းခွဲထည့်ပြီး ချက်စားတာကို လှော်စားတယ်လို့ သုံးကြတယ်။
“မျှစ်ဝယ်ရင် ဈေးတအားမဆစ်နဲ့၊ တောထဲတောင်ထဲ၊ ဝါးတောထဲမှာ ခြင်တွေ၊ မှက်တွေ အကိုက်ခံပြီး မျှစ်တချောင်းရဖို့ ချိုးကြရတဲ့လူတွေမှာ လွယ်တာမဟုတ်” လို့ ကျမတို့ငယ်ငယ်က လူကြီးသူမတွေက ပြောလေ့ရှိကြတယ်။
ဒီလို ချစ်စရာကောင်းတဲ့ တွေးတော သင်ကြားမှုကလည်း ကျမတို့ဒေသရဲ့ လူကြီးသူမတချို့ရဲ့ အရင်းခံ စိတ်စေတနာတွေလို့ဆိုရမယ်။
မျှစ်အပြင် ကျမအလွမ်းဆုံးနောက် ရာသီစာတမျိုးကတော့ မှိုညို(ခေါ်)တောင်ဘို့မှိုပါ။ သံတွဲမြို့ရဲ့ တောင်ဘက်၊ အထူးသဖြင့် အခုတိုက်ပွဲတွေပြင်းထန်နေတဲ့ ကျိန္တလီမြို့နယ်အနီးတဝိုက်ဟာ ဘယ်ရွာမဆို လက်ညှိုးထိုးမလွဲ မှိုညိုပေါ်တဲ့အရပ်ပါ။
မိုးဦးကျ ဝါဆိုလနဲ့ နေ နည်းနည်းပြန်သာတတ်တဲ့ မိုးလယ်၊ မိုးပြတ်စပြုလာတဲ့ သီတင်းကျွတ်လို အချိန်အခါမျိုးဆိုရင် ကျမတို့အရပ်မှာ တောထဲတောင်ထဲ၊ နေရာအနှံ့အပြားမှာ သဘာဝအလျောက် ပေါက်ရောက်တတ်တဲ့ မှိုညိုတွေ ပေါပြီ။ တောင်ဘက်လို့ခေါ်တဲ့အရပ်က မှိုရှာသူတွေဟာ တောထဲတောင်ထဲမှာ ညအိပ်ခရီးမှိုရှာထွက်ကြတယ်။
တချို့ကလည်း အိမ်စားအတွက် နီးနီးနားနားရှာဖွေထွက်ကြတယ်။ တချို့ကျတော့လည်း ပြန်ရောင်းချဖို့အတွက် အဝေးအထိ သွားရှာဖွေတတ်ကြတယ်။ မှိုက မျှစ်လို တမိုးတွင်းလုံး ပေါ်နေတတ်တာမျိုးမဟုတ်ဘူး။ တမိုးတွင်းလုံးမှာ ၃ ကြိမ်လောက်သာ ပေါ်တတ်တဲ့ ရာသီစာပါ။ တချို့နှစ်တွေဆို ၁ ကြိမ်လောက်ပဲ ပေါ်တယ်။
မှိုပေါ်ပြီဟေ့ ဆိုရင် သံတွဲရဲ့ တောင်ဘက်ဒေသတကြောက လူတွေဟာ သံတွဲမြို့ပေါ်ကို ဆိုင်ကယ်၊ သုံးဘီး၊ ကား ရရာယာဉ်နဲ့ အပြေးအလွှားလာပြီး ရောင်းကြချကြတယ်။ မြို့ပေါ်ကလူတွေဟာ တောင်ဘက်မှာ မှိုပေါ်ပြီဆိုတဲ့အသံကြားတာနဲ့၊ မြို့ထဲမှာ မှိုဈေးတန်းဖြစ်နေပြီဟေ့ ဆိုတဲ့ အသံကြားတာနဲ့ အဲဒီနေရာကို အပြေးအလွှားအရောက်သွားကြတာ။ အလုအယက်ဝယ်ကြတာ။
အိမ်မှာစားဖို့အတွက်ရော၊ ရာသီစာလွမ်းနေတဲ့ အဝေးရောက် မိသားစုဝင်တွေဆီကိုပါ ချက်ပြုတ် ပို့ပေးဖို့အတွက်ပါ တနင့်တပိုးဝယ်ကြတာ။ မြေပဲဆီစစ်စစ်နဲ့ နနွင်းလေးထည့်ပြီး ဝင်းဝင်းအိအိလေး ကြော်စားကြသလို၊ မှိုဟင်းချိုလေး ချက်စားကြတယ်။ ငရုတ်သီးနဲ့လည်း သောက်ဆမ်းချက်စားကြတယ်။ ကိုက်ဝါးလိုက်ရင် ထုပ်ထုပ်အရသာလေးက အခုလို အဝေးရောက်နေချိန်မှာ တကယ့်ကို လွမ်းစရာပါ။
မှိုတွေ၊ မျှစ်တွေပဲ လွမ်းတာလားဆိုတော့ မဟုတ်ပါဘူး။ လယ်ခရုလည်းလွမ်းကြတယ်၊ ကိုယ့် အရပ်ချဉ်ပေါင်လည်း လွမ်းကြတယ်။ ကိုယ့်အရပ်ငရုတ်သီး၊ ကိုယ့်အရပ် ပင်လယ်ငါး၊ ကိုယ့် အရပ်ချောင်းပုစွန်၊ ကိုယ့်အရပ်… ၊ ကိုယ့်အရပ်.. နဲ့ အစချီတဲ့ ဒေသအစားအစာတွေအပြင် သိပ်မကြာခင် ငသိန်းတုတ်ကိုလည်း လွမ်းရတော့မယ်။
မှို၊ မျှစ် စတဲ့ သဘာဝရာသီစာတွေဟာ ဒေသခံမိသားစုပေါင်း များစွာအတွက် ထမင်းအိုးတွေပါ။
သံတွဲချောင်း။
သံတွဲဒေသဟာ အခြားပြည်နယ်နဲ့တိုင်းတွေထက် မိုးရေချိန်လက်မ များတတ်တဲ့ ဒေသဖြစ်ပြီး၊ မိုးရာသီဆိုရင် အလုပ်အကိုင်လည်း ရှားပါးတတ်တယ်။ ငွေစကြေးစ ရှားပါးတတ်တဲ့အချိန်မှာ တောသူတောင်သားတွေလက်ထဲ မှိုတွေ၊ မျှစ်တွေကြောင့် ငွေကြေးလည်ပတ်စေတယ်။
မှိုပေါ်တဲ့ရက်တွေဆိုရင် မှိုရောင်းသူတွေဟာ လက်ဖျားမှာ ငွေသီးကြတယ်။ တောတိုးပြီး မှိုရှာဖွေရသူတွေဟာလည်း မှက်၊ ခြင်နဲ့ ကျွတ်တွေအပြင် မှိုကြိုက်တတ်တဲ့ ဝံနီတိုး(ဝက်ဝံ)လို တောကောင်မျိုးတွေရဲ့ အန္တရာယ်နဲ့ပါ ရင်ဆိုင်ရတတ်ပါတယ်။
တောထဲမှာ မျှစ်သွားချိုးရင်း၊ မှိုသွားရှာရင်း ဝံနီးတိုးနဲ့တွေ့လို့ အသက်ဆုံးရှုံးလိုက်ရသူတွေ၊ ကိုယ်လက်အင်္ဂါ ဆုံးရှုံးရသူတွေအကြောင်း ကျမတို့ငယ်စဉ်က မကြာမကြာ ကြားရတယ်။ ဒီလို အန္တရာယ်ရောပြွမ်းတဲ့ တောတိုးတောင်တက်အလုပ်နဲ့ အသက်မွေးကြ၊ မိသားစု စားဝတ်နေရေးကို ဖြေရှင်းကြရတဲ့ တောသူတောင်သားတွေကြောင့်သာ မှိုတွေ၊ မျှစ်တွေကို ကျမတို့ စားခွင့်ရကြ တာမဟုတ်လား။
ဒီနှစ်မှာတော့ တောတိုး မျှစ်ချိုး၊ မှိုရှာပြီး မိသားစု ဝမ်းရေး ဖြေရှင်းကြရတဲ့ တောသူတောင်သားတွေဟာလည်း တချို့က စစ်ဘေးရှောင် သူရှောင်၊ တချို့က တောလည်းမတိုးရဲ၊ တောင်လည်း မတက်ရဲတော့တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေကြရတယ်။ တောသူတောင်သားတွေကို မှက်တွေ၊ ခြင်တွေ၊ ဝံနီးတိုးတွေရဲ့ ရန်အပြင် နောက်ထပ် ကြိုမမြင်၊ ကြိုမကြားနိုင်တဲ့ လူသတ်စစ်လက်နက်ဖြစ်တဲ့ မြေမြှုပ်မိုင်းတွေစောင့်ကြိုနေပါပြီ။
အထူးသဖြင့် ကျိန္တလီဒေသက တောတောင်တွေ ပေါ်မှာ နှစ်ပေါင်း ဆယ်နဲ့ချီ မပျက်စီးဘဲနဲ့ သက်ရှိမှန်သမျှရဲ့ အသက်ဝိညဉ်နှုတ်ယူမယ့် မြေမြှုပ်မိုင်းတွေ ဘယ်လောက်တောင်များနေပြီ ဆိုတာ မိုင်းထောင်သူလူတစုကလွဲရင် ဘယ်သူမှ မသိနိုင်ပါဘူး။
ဘိုးဘေးလက်ထက်ကတည်းက သန့်ရှင်းတဲ့တောတောင်ရေမြေတွေဟာ အဆင်ခြင်မဲ့တဲ့ စစ်တပ်က ထင်တိုင်းကြဲ အသုံးချခဲ့တဲ့ မြေမြှုပ်မိုင်းတွေကြောင့် ညစ်ညမ်းသွားခဲ့တယ်။ အရပ်သားတွေ သွားလာတဲ့ တောတောင်လျှိုမြောင်နဲ့ လယ်ယာချောင်းကန်၊ ပင်လယ်ကမ်းနားက အုန်းတောထဲပါ မချန် လူသတ် မိုင်းတွေကို ထောင်ခဲ့ကြတယ်။
“မြေမြှုပ်မိုင်းတွေထောင်ထားလို့ တောထဲတောင်ထဲ မသွားကြနဲ့” ဆိုတဲ့ လက်လွတ်စပယ်၊ တာဝန်မဲ့ စကားတွေနဲ့ ဒေသခံပြည်သူတွေရဲ့ ထမင်းအိုးကို ရိုက်ခွဲလိုက်ကြတယ်။
ဇူလိုင်လဆန်းလောက်က ကျိန္တလီဒေသက လူမမယ်ကလေး ၃ ယောက်ရဲ့ ဖခင်ဟာ စစ်ဘေးထက် အငတ်ဘေးကို ကာလကြာရင်ဆိုင်လာရချိန်မှာ မြေမြှုပ်မိုင်းတွေထောင်ထားတယ်လို့ စစ်တပ်က အတိအလင်း အသိပေးထားတဲ့ တောထဲတောင်ထဲဆီ မှိုရှာ၊ မျှစ်ရှာ၊ ဟင်းရှာ ထွက်ခဲ့တယ်။
“မိုင်းကွဲသံကြားရင်၊ ငါလို့သာ မှတ်လိုက်” ဆိုတဲ့စကားကို သူမသွားခင်ပြောသွားတယ်လို့ တယောက် စကားတယောက်နားနဲ့ ကြားသိ လိုက်ရတယ်။
ဘယ်လောက်ရင်နာစရာကောင်းလိုက်တဲ့ အခြေအနေလဲဆိုတာ စဉ်းစားနေစရာတောင်မလိုတော့ ပါဘူး။ အသက်ကို လောင်းကြေးထပ်ပြီး၊ အသက်ကိုနှုတ်ယူမယ့် နေရာတွေဆီကိုသွားမှ ဒီသား၊ ဒီသမီး၊ ဒီဇနီးတွေရဲ့ ဝမ်းမီးငြိမ်းနိုင်မယ့်အရေးကို သူရွေးချယ်ခဲ့ရတယ်။
လူမမယ်ကလေးတွေနဲ့ ကျန်ရစ်သူ သူ့ဇနီးကို ကြည့်ပြီး လူတချို့က ပြောကြတယ်။
“မိုင်းထောင်ထားတယ်လို့ ပြောထားတာကို တောတွေတောင်တွေထဲကို သွားတယ်၊ အခုတော့ သေသွားရပြီ” တဲ့။
ကျုးလွန်သူကို အပြစ်မဆိုရဲတဲ့အခါ နစ်နာသူကို ဂရုဏာဒေါသနဲ့ အပြစ်ဆိုကြရတာ နာကျင်စရာ အဖြစ်ပါ။
ရွှေအံတော်စေတီတော်နှင့် သံတွဲချောင်းအလှ။
မှိုလွမ်းကြောင်း၊ မျှစ်လွမ်းကြောင်းပြောရင်း မြေမြှုပ်မိုင်းအကြောင်းပါလာလိမ့်မယ်လို့ ယောင်လို့ တောင် အိပ်မက်မမက်ဖူးတဲ့အခြေအနေကနေ အခုတော့ ကျမတို့တွေ လက်တွေ့ကျကျ ရင်ဆိုင်နေကြရပြီ။
စစ်ကောင်စီကင်းမဲ့သွားသည့်တိုင် စစ်ကောင်စီ ချန်ထားခဲ့တဲ့ လူသတ်မိုင်းမြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်ပစ္စည်းတွေ ရှာဖွေရှင်းလင်းရေးတွေ မလုပ်နိုင်သေးခင်အချိန်အထိ ပြည်သူတွေဟာ မလုံခြုံစွာ ရှေ့ဆက်လျှောက်လှမ်းရဦးမယ်။
စစ်ကြီးပြီးသွားလို့ ကျမတို့ အိမ်ပြန်ခွင့်ရတဲ့အခါ ကျမတို့ လွမ်းနေတဲ့ တောစာ၊ တောင်စာ၊ ဒေသစာ၊ ရာသီစာလေးတွေကို ဘေးကင်းလုံခြုံစွာနဲ့ ရှာဖွေစားသောက်ခွင့်ရကြပါစေလို့ ဆုတောင်းမိတယ်။