BattleNews

စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုကြောင့် ရွှေကျောင်းပြင်ရွာတွင် အရပ်သား ၂ဦးသေဆုံး

သံတွဲ၊ ဇွန် ၂၃၊ ၂၀၂၄။

ရခိုင်ပြည်နယ်၊ သံတွဲ-ကင်းမော်ကားလမ်းပေါ်ရှိ ရွှေကျောင်းပြင်ကျေးရွာအားယမန်နေ့ည ၉နာရီ ဝန်းကျင် တွင် စစ်တပ်က လေကြောင်းမှ ဗုံးကြဲသဖြင့် အရပ်သား ၂ဦးသေဆုံးကာ၊ ၃ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး၊ နွားတကောင်သေခဲ့ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

“ဂျိက္ကတောင်ပိုင်းမှာ အမျိုးသမီးကြီးတယောက်နဲ့ လူငယ်တယောက်သေတယ်၊ နွားတကောင်သေတယ်၊ ဗလီတောင်နားမှာ ၃ယောက် ဒဏ်ရာ ရတယ်လို့ သိထားတယ်၊ တယောက်က ရန်ကုန်သယ်ရဖို့အထိ ဒဏ်ရာပြင်းတယ်၊ တိုက်ပွဲဖြစ်နေတာမဟုတ်ဘဲ လေယာဉ်နဲ့လာကြဲတာလို့ ပြောတယ်” ဟု သံတွဲဒေသခံတဦးက ပြောသည်။

ယနေ့နံနက်ပိုင်းတွင်လည်း ထပ်မံဗုံးကြဲခဲ့ပြီး ရွာထဲတွင် ကျန်ရှိနေသူများနှင့် တယ်လီဖုန်းအဆက်အသွယ်ပြတ်တောက်နေသည့်အတွက် ထိခိုက်ပျက်စီးမှုအခြေအနေကို မသိရသေးကြောင်း သိရသည်။

ရွှေကျောင်းပြင်ကျေးရွာသည် သံတွဲမြို့နှင့် တဆက်တစပ်တည်းကပ်ရက်ကျေးရွာတခုဖြစ်ပြီး၊ သံတွဲ-ကင်းမော် ကားလမ်းမ ပေါ်တွင်တည်ရှိသည်။ သံတွဲမြို့လယ်ကောင်နှင့် ၁မိုင်ဝန်းကျင်ခန့်အကွာတွင်တည်ရှိသည်။

“ကင်းမော်ဘက်ကလူတွေက သံတွဲကို စစ်ရှောင်ဖို့အတွက် ရွှေကျောင်းပြင်ကို ဖြတ်ဖို့ မလွယ်တော့ဘူး၊ ရွာမှာ ပိတ်မိနေတဲ့သူတွေလည်း ရှိသေးတယ်” ဟု ကင်းမော်ကျေးရွာမှ ဒေသခံတဦးက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ရွှေကျောင်းပြင်ကျေးရွာအနီးဝန်းကျင်တွင် လက်နက်ကြီး၊ လက်နက်ငယ်သံများ ဆက်တိုက်ကြားနေရသလို ရွာသားများကို ရွာမှ ထွက်ခွာကြရန် သတိပေးသည့် သတင်းကြောင့် ရွာလုံးကျွတ်နီးပါး ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီသည် ယခုရက်ပိုင်းအတွင်း ညပိုင်းအချိန်မတော်လေကြောင်းဗုံးကြဲခြင်းများကို ဆက်တိုက် ပြုလုပ်နေပြီး ပြီးခဲ့သည့် ၂၁ ရက်နေ့က ဗုံးစထိမှန်သဖြင့် ရွှေလှေကျေးရွာမှ စစ်ရှောင်အရပ်သား အမျိုးသမီး ၃ဦးသေဆုံးကာ၊ သံတွဲမြို့နယ်၊ ကျောင်းတိုက်နှင့် ဇာဒီပြင်ကျေးရွာတို့မှ ဒေသခံ ၂ဦး သေဆုံးခဲ့ကာ နေအိမ် ပျက်စီးဆုံးရှုံးခြင်းများဖြစ်ပွားခဲ့သည်။ ဇွန် ၂၁ ရက်မှ ယနေ့အထိ စစ်ကောင်စီ၏ အရပ်သားပစ်မှတ်ထား လေကြောင်းဗုံးကြဲခြင်းများကြောင့် သေဆုံးသူ ၇ဦးအထိရှိလာပြီဖြစ်သည်။

ဓာတ်ပုံ- ဒေသခံတဦး
ပုံစာ- တိုက်ပွဲဖြစ်ပွားနေခြင်းမရှိဘဲ မေလလယ်က စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲခြင်းခံခဲ့ရသည့် သံတွဲမြို့နယ်၊ လင်းသီကျေးရွာမှ မီးလောင်ပျက်စီးသွားသည့် မြင်ကွင်းတခု။

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button