တောင်ကုတ်-မအီကားလမ်းမအနီးရှိ တောင်ကုတ်တက္ကသိုလ်မောင်းတံစစ်ဆေးရေးဂိတ်တွင် ဩဂုတ် ၂၂ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က ဆေးကြီးကြပ်တာဝန်ရှိသူတဦးနှင့် သမီးဖြစ်သူ ကျောင်းဆရာမ တဦးကို တောင်ကုတ် ဗျူဟာမှူးကိုယ်တိုင် ဖမ်းမိန့်ပေး၍ ဖမ်းဆီးသွားကြောင်း မျက်မြင်ဒေသခံတဦးက ပြောသည်။
နံနက်ပိုင်းတွင် မြို့တွင်းသို့ ဆေးဝင်ဝယ်ပြီး ဂိတ်ပြန်ဖွင့်ချိန်တွင် ပြန်လည်ထွက်ခွာလာကြရာ ဗျူဟာမှူးက ဆေးပစ္စည်းများကို တွေ့ရှိပြီး အာရက္ခတပ်တော် (အေအေ) ထောက်ပံ့သူဟုစွပ်စွဲကာ ဖမ်းဆီးလိုက်ခြင်းဖြစ် ကြောင်း မျက်မြင်ဒေသခံက ပြောသည်။
“မြို့ကအထွက်မှာ ဖမ်းတာ၊ အဖဖြစ်သူကို စစ်မေးတော့ ဆေးဝန်ထမ်းလို့ဖြေတာ၊ အဲလိုဖြေလို့ ဗျူဟာမှူးက ဒါဆို မင်းက အေအေတွေကို ဆေးကုပေးနေတာပေါ့လို့ ပြောတယ်။ အဲလူက မကုပေးပါလို့ ပြန်ပြောတယ်၊ သူ့လက်ထဲ အိမ်သုံးဆေးထုတ်တွေ တွေ့တော့ သူ့ကိုဖမ်းလိုက်တာ” ဟု ဒေသခံတစ်ဦးကပြောသည်။
စစ်ကောင်စီသည် ၎င်းတို့၏စစ်ဆေးရေးဂိတ်များကနေ ဆန်နှင့် ဆေးဝါးများကို ဖြတ်သန်းသယ်ဆောင်ခွင့် မပြုကြောင်း၊ ကွမ်းစားထုံးကိုပင် ဆေးကုသ၍ ရသည်ဆိုကာ သယ်ယူခွင့်မပေးကြောင်း၊ ကျေးရွာနေ ပြည်သူများကို ဖြတ်လေးဖြတ်စနစ်ဖြင့် ဖြတ်တောက်နေကြောင်း ဒေသခံများက ပြောသည်။
ဗျူဟာမှူးက ဂိတ်တွင် စစ်ဆေးနေစဉ် နယ်ဘက်ပြန်သူများကို ရွာများအားလုံး ဗုံးကြဲဖျက်ဆီးခံရမည်ဟု ခြိမ်းခြောက်ပြောဆိုကြောင်း အမည်မဖော်လို့သည့် ကျေးရွာဒေသခံတဦးက ပြောသည်။
“အဲဒီသားအဖကို စစ်နေတုန်းမှာ ဗျူဟာမှူးက မင်းတို့ အေအေ အားပေးထောက်ခံ၊ ထောက်ပံ့နေတဲ့ ရွာက လူတွေ သတိထားနေကြတော့၊ အဲရွာအားလုံး ဗုံးကြဲ ဖျက်ဆီးခံရမှာပဲ၊ အခုလည်း မီးချောင်းထိုး ပုံစံပြထားတယ်၊ ဘယ်နှစ်အိမ်ကျန်သေးလဲ ကြည့်သွားကြလို့ ပြောတာ” ဟု ကျေးရွာဒေသခံတဦးက ပြောသည်။
ယခုစစ်ဆေးခြိမ်းခြောက်သည့် ဗျူဟာမှူးသည် တောင်ကုတ်မြို့သို့ ဩဂုတ်လလယ်ခန့်က ရဟတ်ယာဉ်ဖြင့် ရောက်ရှိလာသည့် ဗျူဟာမှူး အသစ်ဖြစ်ကြောင်း၊ နေ့လယ်တွင် ကိုယ်တိုင်ဂိတ်ထိုင်၍ စစ်ဆေးလျက်ရှိကြောင်း၊ ယခင်ဗျူဟာမှူးကို ဖမ်းဆီးပြီး မြို့မှခေါ်ထုတ်သွားသည်ကို တွေ့ရှိရကြောင်း၊ တပ်မိသားစုများကိုလည်း စစ်ရှောင်ရန် ဩဂုတ်လဆန်းက ခေါ်ထုတ်သွားပြီဟု အမည်မဖော်လိုသည့် ဒေသခံတဦးက ပြောသည်။
ဇူလိုင် ၃၁ ရက်၊ ညနေ ၄ နာရီဝန်းကျင်ခန့်ကလည်း တောင်ကုတ်မြို့နယ်၊ ဂျီပြင်ရွာတွင် တာဝန်ကျနေသော သူနာပြု(သားဖွား)များဖြစ်သည့် မမိုးစန္ဒာနှင့် မသီသီလွင်၊ ပညာရေးဝန်ထမ်း ဆရာမတဦးနှင့် သူ၏ ကလေးငယ် အပါအဝင် စုစုပေါင်း ၄ ဦးကို တောင်ကုတ်မြို့ပေါ် သို့ လစာ လာရောက်ထုတ်ယူပြီး အပြန် တောင်ကုတ်မြို့ အထွက် ဖုံညို စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခဲ့ပြီး ယနေ့အထိ မိသားစုနှင့် အဆက်အသွယ်မရရှိသေးကြောင်း စုံစမ်းသိရှိရသည်။
စစ်ကောင်စီတပ်သည် တောင်ကုတ်မြို့တွင် ဆေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများကို ဖမ်းဆီးမှုများရှိသလို ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်များကို ဖျက်ဆီးခြိမ်းခြောက်မှုများ ဆက်တိုက်ပြုလုပ်နေခြင်းကြောင့် လုံခြုံမှုကင်းမဲ့စွာ အသက်ရှင်နေကြရခြင်းသာဖြစ်သည်ဟု အိမ်စောင့်ကျန်နေရသည့် ဒေသခံတဦးက ဒွါရာဝတီသို့ ပြောသည်။
ဩဂုတ် ၂၂ ရက် မွန်းလွဲ ၁ နာရီအချိန်က လေယာဉ်ဗုံးကြဲမှုကြောင့် မီးချောင်းထိုးကျေးရွာရှိ နေအိမ်တလုံးပေါ်သို့ ဗုံးတလုံး ကျရောက်ပေါက်ကွဲကာ ကလေးမိခင်တဦး သေဆုံးခဲ့ပြီး ၎င်းနေထိုင်ရာအိမ်အပါအဝင် အိမ်သုံးလုံး လုံးဝပျက်စီးခြင်း၊ အခြားအိမ် ၅ လုံး အနည်းငယ် ထိခိုက်ခြင်းများ ဖြစ်ပွားခဲ့သည်ဟု စုံစမ်းသိရှိရသည်။
နောက်ထပ် ဗုံးတလုံးမှာ တောင်ကုတ်မြို့၊ မီးချောင်းထိုးကျေးရွာ မရောက်ခင် လျှပ်စစ်မီးတိုင်ကို ထိ၍ လျှပ်စစ် မီးကြိုးများ ပြတ်တောက်သွားကြောင်း၊ တတိယတလုံးမှာ မီးချောင်းထိုးရွာမှ မအီဘက်သို့ သွားသည့်လမ်းရှိ လျှပ်စစ် မိန်းကြိုးမကြီးကို ထိ၍ မီးကြိုးများ ပြတ်တောက်ခြင်းများကြောင့် တောင်ကုတ်မြို့ မြောက်ဘက်ရှိ ကျေးရွာများ လျှပ်စစ်မီးပြတ်တောက်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲမှုများ ယခုရက်ပိုင်းအတွင်း ပြုလုပ်လျက်ရှိပြီး ဩဂုတ် ၂၃ ရက်အထိ နေ့ရောညပါ မကြာခဏ လေယာဉ်ပျံဝဲနေသောကြောင့် တောင်ကုတ်မြို့ခံများအပါအဝင် ဒေသခံများ ထိတ်လန့် လျက်ရှိသည်။