
သံတွဲ၊ ဩဂုတ် ၇၊ ၂၀၂၄။
ရခိုင်ပြည်နယ်၊ ကျိန္တလီမြို့နယ်အတွင်း ယနေ့ညနေပိုင်းတွင် ၂ ဘက်တိုက်ပွဲဖြစ်ပွားနေခြင်းမရှိဘဲ စစ်ကောင်စီ၏ လက်နက်ကြီး အထိုင်စခန်းများနှင့် ဘင်္ဂလားပင်လယ်ပြင်တွင် အထိုင်ချထားသည့် နေဗီစစ်သင်္ဘောတို့မှ ရမ်းသမ်းပစ်ခတ်မှုများစတင်ပြုလုပ်နေပြီဖြစ်ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။
ကျိန္တလီမြို့နယ်၊ လယ်တီတောင်ပေါ်ကျောင်း၊ ချင်းကွင်းကျေးရွာ ဘုန်းကြီးကျောင်းတောင်နှင့် သဖန်းကွင်း ကျေးရွာ၊ မြို့ဦးတောင်ကျောင်း စသည့် သာသနိကအဆောက်အအုံများတွင် အထိုင်ချထားသည့် စစ်ကောင်စီ လက်နက်ကြီး စခန်းများမှ မနေ့ကတည်းက ပစ်ခတ်မှုများကို ဆက်တိုက်ပြုလုပ်နေကခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။
“အခုညနေ ကျိန္တလီကရော၊ ချင်းကွင်းကရော လက်နက်ကြီးနဲ့ပစ်သံတွေရော၊ သေနတ်သံတွေရော ကြားနေရ တယ်၊ သဲကုန်းနောက်ကတောင်ကြောဘက်ကို ပစ်တယ်လို့သိရတယ်၊ အခု လူတွေ လည်း ရုတ်ရုတ် သဲသဲဖြစ် နေကြတယ်။ ဘေးလွတ်နိုင်ဖို့ နေရာကို ရွာကနေ ရှောင်တဲ့သူ ရှောင်နေကြ ပြီ” ဟု အထက် ပါ ပုဂ္ဂိုလ်က ပြောသည်။
စစ်ကောင်စီတပ်သည် ဩဂုတ်လဆန်းက စတင်ကာ ဂွမြို့နယ်၊ ကုလားပြင်ကျေးရွာ(ရတနာမြိုင်)နှင့် ကျိန္တလီမြို့နယ်၊ သဖန်းကွင်းကျေးရွာ၊ ချင်းကွင်းကျေးရွာများတွင် အထိုင်ချထားသည့် စခန်းများမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပစ်ခတ်နေပြီး၊ ယခုရက်ပိုင်းတွင် ရေတပ်စစ်သင်္ဘောမှလည်း ပစ်ခတ်နေခြင်းဖြစ်သည်။
“မနေ့ညက ပစ်တာဆိုရင် နေဗီကပစ်တာ၊ ပင်လယ်နားကနေ ကပ်ပြီးပစ်နေတဲ့အသံ၊ ကလေးတွေ ကြောက်လို့ မအိပ်ရဲကြဘူး၊ အခုညနေလည်း နေဗီကပစ်တယ်၊ ကုန်းပေါ်ကရော ရေထဲကရော သဲကုန်းရွာဘက်ကို ပစ်နေ တာ” ဟု ဒေသခံတဦးက ပြောသည်။
သဲကုန်းရွာသည် သံတွဲနှင့် ကျိန္တလီမြို့ကြားတွင် တည်ရှိသည့် ကျေးရွာတရွာဖြစ်ပြီး၊ အာရက္ခတပ်တော်(အေအေ) ရောက်နေနိုင်သည်ဆိုသည့် အထင်ဖြင့် စစ်ကောင်စီက ပစ်ခတ်နေခြင်းဖြစ်ကြောင်း ကျိန္တလီဒေသခံတဦးက ပြောသည်။
“သဲကုန်းမှာ အေအေရောက်နေတယ်၊ သွားကြည့်ပေးဆိုပြီး ချင်းကွင်းဘက်က ရွာသား ၂ယောက်ကို အတင်း အဓမ္မ လွှတ်တယ်လို့ကြားတယ်၊ အခုအထိ ပြန်မရောက်သေးလို့ မိသားစုတွေ စိတ်ပူနေကြ တယ်တဲ့၊” ဟု အထက်ပါဒေသခံက ပြောသည်။
သံတွဲတိုက်ပွဲများအပြီး တဖြည်းဖြည်းတပ်ဆုတ်သွားသည့် စစ်ကောင်စီသည် ယခုလက်ရှိတွင် ဂွမြို့နယ်၊ ကျိန္တလီမြို့နယ်(သံတွဲနှင့် မိုင် ၄၀ ဝန်းကျင်အကွာ)သို့ရောက်ရှိနေပြီး၊ ကျိန္တလီမြို့နယ်၊ ချင်းကွင်း၊ သဖန်းကွင်း၊ ရတနာမြိုင်၊ ဂွမြို့နယ်၊ ဆပ်သွားကျေးရွာ စသည့်နေရာများတွင် တပ်စွဲထားသည်။
ယခုစစ်ကောင်စီပစ်ခတ်နေသည့်သဲကုန်းကျေးရွာတွင် သံတွဲတိုက်ပွဲများကြားမှ တိမ်းရှောင်လာသည့် စစ်ဘေး ရှောင်ပြည်သူများလည်း ခိုလှုံလျှက်ရှိကြသည်။