
သံတွဲ၊ သြဂုတ် ၁၅၊ ၂၀၂၄။
တိုက်ပွဲများပြင်းထန်နေသည့် ရခိုင်တောင်ပိုင်းဒေသတွင် သံတွဲနှင့် ဂွဒေသခံများ အားကိုးနေရသည့် ကျိန္တလီ၊ ဆပ်သွားဆေးရုံနှင့် ဂွဆေးရုံတို့ ယခုတပတ်အတွင်း လည်ပတ်မှုရပ်တန့်သွားပြီဖြစ်ရာ ဒေသတွင်း ပြည်သူများ ကျန်းမာရေး စောင့်ရှောက်မှု ခံယူနိုင်ခွင့်အခြေအနေ အဆိုးဆုံးနှင့် ရင်ဆိုင်ရဖွယ်ရှိကြောင်း ဒေသခံများထံမှ စုံစမ်းမေးမြန်းချက်အရ သိရသည်။
“အခုအချိန်မှာ အရေးပေါ်တခုခုဖြစ်ရင်လည်း ဘာမှ မတတ်နိုင်ဘူး၊ သေဖို့ပဲရှိတာပေါ့” ဟု ကျိန္တလီမြို့ နယ်၊ ချင်းကွင်းကျေးရွာတွင် တိုက်ပွဲစတင်ချိန် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရသူတဦးက ပြောသည်။
သံတွဲဒေသအတွင်း ဧပြီလက စတင်ကာ ဆက်တိုက် ပြင်းထန်ခဲ့သည့် တိုက်ပွဲများကြောင့် သံတွဲမြို့နယ် အတွင်းရှိ ရွှေလှေတိုက်နယ်ဆေးရုံ၊ သံတွဲဆေးရုံ၊ ကျောက်ကြီးတိုက်နယ်ဆေးရုံတို့ လည်ပတ်မှု ရပ်တန့်ခဲ့ရသည်။

ထို့နောက် ဂွမြို့နယ်နှင့် သံတွဲမြို့နယ်အတွင်းမှ အရေးပေါ်ကုသရန်လိုအပ်သူများနှင့် ကိုယ်ဝန်ဆောင်များ သည် ကျိန္တလီဆေးရုံ၊ ဆပ်သွားဆေးရုံနှင့် ဂွဆေးရုံတို့ကို အားကိုးခဲ့ရရာမှ သြဂုတ် ၁၀ရက်နေ့က ဂွမြို့ နယ်၊ ကျိန္တလီ မြို့နယ်ခွဲအတွင်း စတင်ခဲ့သည့် တိုက်ပွဲများကြောင့် အဆိုပါဆေးရုံများပါ ထပ်မံ၍ ပိတ်လိုက် ရခြင်းဖြစ်သည်။
“ဆေးရုံတွေ ပိတ်သွားပြီ၊ ဆရာ၊ ဆရာတွေလည်း စစ်ဘေးရှောင်ကုန်ကြပြီ၊ ကျန်းမာရေးကိစ္စတွေ အခက်အခဲရှိတော့မယ်၊ ဘယ်လို ဖြေရှင်းကြမလဲဆိုတာ မတွေးတတ်တော့ဘူး” ဟု ဂွမြို့ ဒေသခံတဦးက ပြောသည်။
စစ်ကောင်စီသည် သံတွဲနှင့် ဂွမြို့နယ်ကြားရှိ ပြည်သူများနေထိုင်ရာကျေးရွာများကို ကြည်း၊ ရေ၊ လေ ပူးပေါင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်း၊ မြေမြှုပ်မိုင်းများကြောင့် အရပ်သားအများအပြား ထိခိုက်ဒဏ်ရာရရှိကာ အရေးပေါ်ဆေးဝါးကုသခြင်းများအတွက် ဆပ်သွားဆေးရုံနှင့် ဂွဆေးရုံကို ပို့ဆောင်ကုသရကြောင်း သိရသည်။
“အခုကတော့ ဖြစ်လာရင် ငသိုင်းချောင်း၊ ရေကြည်ဘက်ကို သွားရဖို့” ဟု ဂွမြို့နယ် ဒေသခံတဦးက ပြောသည်။
သို့သော် သံတွဲနှင့် ဂွမြို့ကြား လမ်းခုလတ်မြို့ဖြစ်သည့် ကျိန္တလီတွင် တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ရာ သံတွဲမြို့နယ်တဝိုက်မှ ပြည်သူများသည် ဧရာဝတီတိုင်း၊ ငသိုင်းချောင်းနှင့် ရေကြည်မြို့များသို့ သွားလာ ရန် လက်လှမ်းမမီပေ။
ရခိုင်တွင် တကျော့ပြန်တိုက်ပွဲများ ပြန်လည်စတင်ခဲ့သည့် ၂၀၂၃၊ နိုဝင်ဘာ ၁၃ ကစတင်ကာ စစ်ကောင်စီ က ရခိုင်နှင့်ပြည်မ၊ ရခိုင်ပြည်တွင်း မြို့နယ်အချင်းချင်း အများပြည်သူဆက်သွယ် သွားလာရေး လမ်းကြောင်းများကို ပိတ်ဆို့ခြင်း၊ အခြေခံစားသောက်ကုန်စည်နှင့် တင်သွင်း ရောင်းချခွင့်ကို အကန့်အသတ်များစွာဖြင့် ပိတ်ပင်ခြင်း၊ ဆေးဝါးများကို စစ်တပ်က သိမ်းဆည်းခြင်း တို့ကို ပြုလုပ်ခဲ့သည်။
“ဖျားရင်သောက်ဖို့ ပါရာစီတမောတောင် ဝယ်လို့မရတော့တာ ကြာပါပြီ” ဟု သံတွဲမြို့နယ်၊ ကွမ်းဝိုင်းကျေးရွာမှ စစ်ဘေးရှာင်လာသူတဦးက ပြောသည်။
ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ဧပြီလနှင့် မေလကတည်းက ဆေးဝါးရှားပါးမှု စတင် ကြုံတွေ့ခဲ့ရပြီး၊ သံတွဲဒေသတဝိုက်တွင် ကျေးရွာအများစုတွင် အခြေခံအိမ်သုံးဆေးများ ပြတ်တောက်နေခဲ့သည်။ ဆေးရုံဆေးခန်းများလည်း တဖြည်းဖြည်းပိတ်ကာ ကျန်းမာရေးစောင့်ရှောက်မှု ခံယူနိုင်ခွင့်များ ဆုံးရှုံး ခဲ့ကြသည်။