စစ်ကောင်စီ လေကြောင်းဗုံးကြဲမှုကြောင့် သာသနိက အဆောက်အဦ ပျက်စီးဆုံးရှုံးမှု မှတ်တမ်း

သံတွဲ၊ ဩဂုတ် ၁၅၊ ၂၀၂၄။
ဩဂုတ်လဆန်းအတွင်းက ရခိုင်ပြည်နယ်၊ သံတွဲမြို့တောင်ဘက် သံတွဲနှင့် ကျိန္တလီမြို့ကြားရှိ လူနေကျေးရွာများတွင် တိုက်ပွဲဖြစ်ပွားနေခြင်းမရှိဘဲ
စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေတပ်များက လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုများ၊ လေကြောင်းဗုံးကြဲမှုများ နေ့ရောညပါ ပြုလုပ်ခဲ့သည်။
ဩဂုတ် ၈ရက် နံနက် ၂နာရီ လူခြေတိတ်ဆိတ်ချိန်တွင် စစ်ကောင်စီက လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ညောင်ပင်ကွင်းကျေးရွာတွင် အရပ်သား ၁ဦးနှင့် ကျောက်ခေါင်းကွင်းကျေးရွာတွင် စစ်ရှောင်ပြည်သူတဦး ထိမှန်သေဆုံးခဲ့သည်။ ထို့ပြင် ကျောက်ခေါင်းကွင်းကျေးရွာတွင် အရပ်သား ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကာ ကျောက်ခေါင်းကွင်း၊ စေတီကွင်းကျေးရွာများတွင် လူနေအိမ်များ၊ သာသနိက အဆောက်အအုံများ နှင့် လယ်ယာသုံးတိရိစ္ဆာန်အချို့ ထိခိုက်ခဲ့သည်။

စစ်ကောင်စီလေကြောင်း ဗုံးကြဲခံခဲ့ရသည့် ဘုန်းတော်ကြီးကျောင်း။
ယခု မှတ်တမ်းတင်ထားသည့် ပုံသည် စစ်ကောင်စီ ၏ လေကြောင့်ဗုံးကြဲမှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စေတီကွင်းကျေးရွာမှ သာသနိက အဆောက် အအုံတခု(စေတီကွင်းကျောင်းသစ်)၏ ယနေ့နံနက်မြင်ကွင်းဖြစ်သည်။ ဩဂုတ်လ ၈ရက် နံနက် ၂နာရီ ဝန်းကျင်တွင် စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုကို ခံခဲ့ရသည်။
စစ်ကောင်စီရေတပ်သည် စစ်ဘေးရှောင်များခိုလှုံနေသည့် မဲနယ်ကွင်း၊ သရက်ပင်ကွင်း၊ အဘဲ၊ ကျောက်ကြီး စသည့် ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများကို ဇူလိုင်လလယ်ကလည်း အကြိမ်ကြိမ် ပြုလုပ်ခဲ့ပြီး အဘဲကျေးရွာ နှင့် သရက်ပင်ကွင်းကျေးရွာတို့တွင် မူလတန်းကျောင်းသားအရွယ် ကလေးငယ်တဦး အပါအဝင် စစ်ရှောင်နှင့် ရွာသား အရပ်သား ၆ ဦးသေဆုံးခဲ့ဖူးသည်။
ဩဂုတ် ၈ရက်တွင် ကျောက်ခေါင်းကွင်း နှင့် ညောင်ပင်ကွင်းကျေးရွာ၊ ဩဂုတ် ၁၀ ရက်တွင် သစ်ကောက်ကျေးရွာသို့ စစ်ကောင်စီ၏ လက်နက်ကြီးထိမှန်မှုကြောင့် အရပ်သား စုစုပေါင်း ၈ ဦးထပ်မံ သေဆုံးခဲ့သည်။
ဒွါရာဝတီက စုံစမ်းကောက်ယူထားသည့် အချက် အလက်များအရ ဇူလိုင်နှင့် ဩဂုတ်အတွင်း စစ်ကောင်စီက စစ်ပွဲနှင့်မသက်ဆိုင်သည့် ကျေးရွာများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းကြောင့် အနည်းဆုံး အရပ်သား ၁၄ဦး သေဆုံးခဲ့သည်။
ရခိုင်တောင်ပိုင်းဒေသတိုက်ပွဲများတလျောက် စစ်ကောင်စီသည် သာသနိကအဆောက်အအုံများ၊ စာသင်ကျောင်းများ၊ လူနေအိမ်များကို စစ်စခန်းအဖြစ်အသုံးချ တပ်စွဲခဲ့သလို၊ အရပ်သားများနေထိုင်သည့် ကျေးရွာများ၊ အများပြည်သူပိုင်ပစ္စည်းများ၊ သာသနိကအဆောက်အအုံများကို တိုက်ခိုက်ဖျက်ဆီးမှုများ ဆက်တိုက်ကျူးလွန်ခဲ့သည်။




Can you be more specific about the content of your article? After reading it, I still have some doubts. Hope you can help me.