BattleNews

စစ်ရှောင်မည့် သံတွဲပြည်သူများကို စစ်ကောင်စီက သွားလာခွင့်များ ကန့်သတ်

သံတွဲ၊ ဇူလိုင်၊ ၁၃၊ ၂၀၂၄။

စစ်ကောင်စီသည် သံတွဲမြို့ကို လေကြောင်းမှ အဆက်မပြတ်ဗုံးကြဲ တိုက်ခိုက်ခြင်းများ ပြုလုပ်နေသလို စစ်ဇုန်အတွင်းမှ ထွက်ပြေးတိမ်းရှောင်နေကြသူများအား လမ်းပိတ်ဆို့ ခြင်း၊ အဓမ္မငွေတောင်းခြင်းများ ပြုလုပ်နေကြောင်း သံတွဲဒေသခံများထံမှ သတင်းရရှိ သည်။

ရခိုင်ပြည်နယ်၊ သံတွဲမြို့ပေါ်တွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိသေးဘဲ စစ်ကောင်စီ က လေကြောင်းဗုံးကြဲမှုများကို နေ့ရောညပါ ရက်ဆက်ပြုလုပ်နေခြင်းကြောင့် ကျန်ရှိ နေသေးသည့် ပြည်သူများသည် သံတွဲ-ဂွလမ်းကို အသုံးပြုကာ ဘေးလွတ်ရာသို့ တိမ်းရှောင်ရန် ကြိုးစားနေကြစဉ် ယင်းသို့ ကြုံတွေ့နေရခြင်း ဖြစ်ကြောင်း သိရသည်။

“တောင်ဘက်မှာ အတူတူ စစ်ရှောင်နေတဲ့သူငယ်ချင်းက သံတွဲမှာကျန်နေခဲ့တဲ့ သူ့အဒေါ် ကို ပြန်ခေါ်တာ၊ ကျားကိုက်ရွာကနေ ဒီဘက်ကို ဖြတ်လို့မရတော့ဘူး၊ အခု သံတွဲကို ပြန်ရောက်သွားပြီလို့ ဖုန်းလှမ်းဆက်တယ်”ဟု သံတွဲမြို့နယ်နှင့် မိုင် ၃၀ကျော်အကွာသို့ စစ်ရှောင်နေရသည့် သံတွဲဒေသခံ တဦးက ဇူလိုင် ၁၂ရက် နေ့လည်ခင်း အခြေအနေကို ဒွါရာဝတီသို့ ပြောသည်။

သံတွဲမြို့အထွက်ဂိတ်တွင် အထိုင်ချထားသည့် စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်များ မရှိတော့သလို၊ မှတ်ပုံတင်လည်း မစစ်တော့ကြောင်း သံတွဲနှင့် ဂွလမ်းတလျှောက်ရှိ ကျေးရွာအချို့တွင် စစ်ဆေးရေး ဂိတ်များ ချကာ စစ်ရှောင်ပြည်သူများထံမှ ငွေတောင်းခြင်းများ ပြုလုပ်နေကြောင်း အမည်မဖော် လိုသည့် သံတွဲဒေသခံတဦးက ပြောသည်။

”ကျိန္တလီ မြို့နားက ချင်းကွင်း ရွာ မှာ စကစ ဂိတ်တခုရှိတာ လာသမျလူ ပိုက်ဆံတောင်း မပေးရင် မဖြတ်ရ လုပ်နေတယ်၊ သားအဖ ၂ယောက်မှာ ငွေ ၃၀၀ ပဲပါတာကို တောင်းယူထား လိုက်တယ်”ဟု မျက်မြင်ကြုံတွေ့ခဲ့ရသူ အဆိုပါ ဒေသခံက ပြောသည်။

အလားတူ သံတွဲချောင်းကူးတံတားဖြစ်သည့် ဒွါရာဝတီမြို့ဦးတံတားကိုလည်း စစ်ကောင်စီက ပိတ်ထားပြီး၊ အချိန်ပိုင်းနှင့် ဖွင့်ပေးနေကြောင်း ဒွါရာဝတီမြို့သစ်မှ ဒေသခံတဦးက ပြောသည်။

သံတွဲဒေသတွင် အာရက္ခတပ်တော်(အေအေ)နှင့် အာဏာသိမ်းစစ်တပ်ကြား တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ ၄လတင်းတင်း ပြည့်ပြီဖြစ်သည်။
တဖြည်းဖြည်းပြင်းထန်လာသည့် တိုက်ပွဲများ၊ စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုများကြောင့် မြို့မှထွက်ခွာလိုသူ ဒေသခံများစွာ သံတွဲမြို့ပေါ်တွင် ကျန်ရှိနေသေးသည်။

ဓာတ်ပုံ- သံတွဲမြို့အထွက်။

Related Articles

One Comment

Leave a Reply to binance US registrieren Cancel reply

Your email address will not be published. Required fields are marked *

Back to top button