BattleNews

သံတွဲတွင် တိုက်ပွဲများပြင်းထန်လာနိုင်သည့်အတွက် စစ်စခန်းများအနီး ပြည်သူများမနေကြရန်လိုအပ်

သံတွဲ၊ ဇူလိုင် ၁၂၊ ၂၀၂၄။

သံတွဲမြို့ပေါ်တွင် တိုက်ပွဲများပြင်းထန်လာနိုင်သည့်အတွက် စစ်ကောင်စီတပ်စခန်းများ၊ ရုံးဌာနများ၊ တပ်စွဲထားသည့် နေရာများရှိရာ ရပ်ကွက်များအားလုံးမှ ပြည်သူများ ဘေးလွတ်ရာသို့ အမြန်ဆုံး ရွှေ့ပြောင်းရန် လိုအပ်ကြောင်း အာရက္ခတပ်တော် အေအေနှင့် နီးစပ်သည့် ဒေသခံတစ်ဦးကပြောသည်။

“ဒီရပ်ကွက်မှာ စခန်းရှိနေရင် အဲဒီရပ်ကွက်ကို မနေသင့်တာ။ လက်နက်ကြီးကျည် ကျလိုက်ရင် ရပ်ကွက်တခုလုံးကို လွင့်စင်နိုင်တယ်။ လေယာဉ်နဲ့ ဗုံးကြဲလိုက်ရင် ပိုဆိုးတာပေါ့” ဟု ၎င်းကပြောသည်။

ဒေသခံများမှာ စစ်စခန်းများ၊ ရုံးများအနီး မနေရန် ပြည်သူအချင်းချင်း သတိပေးသည့်အခါ ရုံးများ စခန်းများပတ်လည်ရှိ ကပ်နေသည့်အိမ်များမှလွဲ၍ အနည်းငယ်ခန့်သာခြားသည့် အိမ်များတွင် ဆက်လက် နေထိုင်ကြသူများရှိနေကြောင်း အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

“သံတွဲတိုက်ပွဲမှာ စစ်တပ်က တအားရမ်းလိမ့်မယ်၊ ဂုဏ်သိက္ခာ တိုက်ပွဲလိုဖြစ်နေတယ်၊ ငါးမရရင် အိုင်ဖျက်တယ်၊ ဂဏန်းမရရင် တွင်းဖျက်တယ်ဆိုတာမျိုး အကြမ်းဖက်တဲ့စစ်တပ်ဖြစ်တယ်” ဟု သံတွဲမြို့ စစ်ရေးအခြေအနေကို လေ့လာစောင့်ကြည့်နေသည့် ရခိုင်အမျိုးသားတစ်ဦးကပြောသည်။

သံတွဲမြို့စစ်ရေးအခြေအနေကို လေ့လာနေသည့် တောင်ကုတ်ဒေသခံတစ်ဦးကလည်း သံတွဲမြို့သည် စီးပွားရေးမြို့တခုဖြစ်သလို ရုရှားနှင့်ဖက်စပ်လုပ်ငန်းများ မဆုံးရှုံးလိုသောကြောင့် စစ်ကောင်စီတပ်က ရုရှားအကူအညီဖြင့် စစ်အင်အားပြင်ဆင်နေသည့် သတင်းများထွက်ပေါ်လျက်ရှိကြောင်း ပြောသည်။

အာရက္ခတပ်တော် အေအေ က စစ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်လျှင် ၎င်းတို့ရှိမည်ထင်သည့် နေရာများကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် စစ်ကူဗုံးကြဲခြင်းများ ပြုလုပ်လေ့ရှိသောကြောင့် အနီးဝန်းကျင် နေရာများရှိ ပြည်သူများ အသက်အန္တရာယ် ထိခိုက်ပျက်စီးရသည့် သာဓကများစွာ ရှိနေပြီဖြစ်ကြောင်း စစ်ရေးနှင့်နီးစပ်သည့် ဒေသခံတစ်ဦးကပြောသည်။

“စစ်ကောင်စီဟာ ခံစစ်အဖြစ်ရသလောက်ခုခံမယ် ဆုတ်ခွာရမယ်ဆိုရင်တော့ မြို့ပတ်ဝန်းကျင်မှာ ကားလမ်း တွေကို ဖျက်စီးမယ်၊ မြို့ထဲမှာ ကျန်နေတဲ့ ပြည်သူတွေကို မြို့ပြင်ထွက်ခွာခွင့် မပေးဘူး၊ လူသားဒိုင်းကာ တနည်းအားဖြင့် ပြည်သူတွေကို ကာဗာလုပ်တာတွေကတော့ သူတို့ရဲ့ စစ်ဗျူဟာတွေပါ။တောင်ကုတ် မြို့မှာလည်း မြို့ပတ်ပတ်လည် လမ်းတွေကို ဖျက်စီးထားသလို မြို့ပြင်လည်း ထွက်ခွင့်မပေးပါဘူး။ မြို့ပြင်ထွက်ရင် အခွန်အခတွေကို မတရားတောင်းတာတွေ ရှိနေပါတယ်” ဟု တောင်ကုတ်မြို့ဒေသခံ တစ်ဦးက ရခိုင်ပြည်နယ် တောင်ပိုင်းရှိ စစ်ရေးအခြေအနေများကို ပြောပြသည်။

စစ်ကောင်စီတပ်က စစ်ရှုံး၍ မြို့ကိုစွန့်ခွာရသည့်အခါ မင်းပြားမြို့နယ်၊ ပေါက်တောမြို့နယ်၊ ရမ်းဗြဲမြို့နယ် တို့တွင် ပြည်သူ့အသက်အိုးအိမ် မကျန်အောင် ဖျက်စီးခဲ့သည့် သာဓကများရှိသလို မအီတံတား၊ ကျောက်ကြီးပေါက် တံတားတို့ကိုလည်း မြို့ကိုစွန့်ခွာရချိန်တွင် ဖျက်ဆီးခဲ့သည့် သက်သေများစွာရှိသည်။
ပုံ-စစ်ကောင်စီလက်ချက်ဖြင့် ပျက်ဆီးခဲ့သည့် ဒွါရာဝတီမြစ်သစ်၊ အထက ၂ စာသင်ကျောင်း။

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button