
သံတွဲ၊ ဇူလိုင် ၉၊ ၂၀၂၄။
အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ်ဖွဲ့ကြားတိုက်ပွဲများပြင်းထန်နေသည့် သံတွဲမြို့နယ်အတွင်း စစ်ကောင်စီက လက်နက်ကြီးများ၊ လေယာဉ်များဖြင့် ရမ်းသမ်းပစ်ခတ်လျက်ရှိရာ ယနေ့ ညနေပိုင်း ၆ နာရီခွဲ ခန့်မှာ သံတွဲမြို့အမှတ်(၄)ရပ်ကွက်၊ ညောင်ပင်ဈေးသို့ စစ်ကောင်စီက ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ရာ အမျိုးသား ၁ ဦးထိခိုက်ဒဏ်ရာရရှိသွားသည်ဟု ဒေသခံများထံက သိရသည်။
ညောင်ပင်ဈေးလူနေရပ်ကွက်လမ်းပေါ်တည့်တည့်သို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး အနီးအနားရှိ လူနေအိမ် ၂ လုံးပျက်စီးခဲ့သလို ဦးငပိန်ကို ဗုံးစထိမှန်ခဲ့ခြင်းဖြစ်သည်ဟု ဒေဿခံတစ်ဦးက ဒွါရာဝတီသို့ပြောသည်။
“ဦးငပိန်နဲ့ ဦးထိုက်တန်အိမ်ရှေ့လမ်းလယ်ခေါင်တည့်တည့်ကျတာ၊ ဦးငပိန်အိမ်တော်တော်ပျက်စီးသွားတယ်၊ ဦးထိုက်တန်ရဲ့အိမ်ပါထိတယ်” ဟု ၎င်းက ဆိုသည်။
အဆိုပါလက်နက်ကြီးကျရောက်သည့်နေရာသည် ရွှေဆံတော်ဘုရားတောင်၏ ခြေရင်းသို့ ကျရောက်ပေါက်ကွဲ ခြင်းဖြစ်သည်ဟု သိရသည်။
သံတွဲမြို့နယ်အတွင်း တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီသည် လက်နက်ကြီးများ၊ လေယာဉ်များဖြင့် မြို့အနှံ့သို့ ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်သည်။
ယခုရက်ပိုင်းအတွင်း သံတွဲမြို့၌ ပုံမှန်အခြေအနေပြန်ဖြစ်နေသည်ဟုသော သတင်းများကြောင့် တချို့သောမြို့ခံ များသည် မြို့ဝင်သို့ ပြန်လည်ဝင်ရောက်လာခြင်းများလည်းရှိသည်။
ပုံစာ- သံတွဲမြို့လယ်တနေရာကို တွေ့မြင်ရစဉ်။