ဂွ၊ ၂၉၊ ဇွန်၊ ၂၀၂၄။
ရခိုင်ပြည်နယ်၊ တောင်ဘက်အစွန်ဆုံးမြို့နယ်တခုဖြစ်သည့် ဂွမြို့နယ်အတွင်း အရပ်သားတဦး ဇွန် ၂၉ ရက် ယနေ့မှာ မြေမြှုပ်မိုင်းကြောင့် အသက်ဆုံးရှုံးခဲ့ရသည့် ဖြစ်စဉ်တခု ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့ကြောင်း ဂွမြို့ဒေသခံများထံမှ သတင်းရရှိသည်။
သေဆုံးသူသည် သက်ကြီးပိုင်းအမျိုးသားတဦးဖြစ်ပြီး၊ ဂွမြို့နယ်၊ ရဟိုင်ကွင်းကျေးရွာရှိ ရဟိုင်ကွင်းဆည်နောက်ကျောဘက်တွင် မြေမြှုပ်မိုင်းနင်းမိကာ ညာခြေထောက်ပြတ်တောက်ကာ သွေးထွက်လွန်ပြီး အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။
“တောထဲမှာ သစ်ခုတ်၊ ဝါးခုတ်တဲ့အလုပ်ကို လုပ်တဲ့ သက်ကြီးပိုင်းတယောက် ထိတာပါ၊ ဆေးရုံကို ရောက်လိုက်သေးတယ်လို့ကြားတယ်၊ သွားကယ်ကြတဲ့လူတွေ လူနာဆီရောက်ဖို့အရေး တော်တော် သွားရတယ်လို့ ပြောတယ်၊ သွေးထွက်လွန်သွားတာ” ဟု ဂွမြို့ခံတဦးက ဒွါရာဝတီသို့ပြောသည်။
ဂွမြို့သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးသည့် မြို့ဖြစ်ပြီး ယခုကဲ့သို့ မြေမြှုပ်မိုင်းထိသည့် ဖြစ်စဉ်ကို ဒေသခံများကြား ထူးခြားဖြစ်စဉ်အဖြစ် ပြောဆိုလျှက်ရှိကြသည်။
“ဂွကိုတောင်မှ မြေမြှုပ်မိုင်းရောက်လာပြီလား” ၊ “တိုက်ပွဲမဖြစ်သေးတဲ့ ဂွမြို့ကို မြေမြှုပ်မိုင်း ရောက်လာပြီ”၊ “ရွာနောက်မှာ မှို၊ မျှစ် ရှာစားရတဲ့လူတွေခက်ပြီပေါ့၊ အသက်နဲ့ရင်းရတဲ့ ထမင်းတလုတ်ဖြစ်လာပြီ” စသဖြင့် မှတ်ချက်များ ပေးကာ လူမှုကွန်ရက်တွင် ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုလျှက်ရှိကြသည်။
ရခိုင်ပြည်နယ်တောင်ပိုင်းတွင် စစ်ကောင်စီထောင်ထားသည့် လူသတ်မြေမြှုပ်မိုင်းများကြောင့် သံတွဲမြို့နယ်၊ ကွမ်းဝိုင်းကျေးရွာရှိ ဒေသခံတဦး အကြားအာရုံထိခိုက်ခဲ့ဖူးသလို၊ ကွေ့ချောင်းကျေးရွာ အုပ်စု၊ ဆိပ်ကြီးကျေးရွာသားတဦးလည်း ခြေထောက်ဖြတ်တောက်ခဲ့ရဖူးသည်။ ထို့ပြင် ဇွန် ၁၇ရက်ကလည်း သံတွဲ-တောင်ကုတ် ကားလမ်းပေါ်ရှိ အလယ်ရွာကျေးရွာတွင် စစ်ကောင်စီထောင်ထားသည့် မြေမြှုပ်မိုင်းနင်းမိ၍ အသက် ၇၀ ဝန်းကျင်အရွယ် အရပ်သားတဦးသေဆုံးခဲ့သေးသည်။
အလားတူ သံတွဲမြို့နှင့် မိုင် ၄၀ကျော်အကွာက တောင်ကုတ်မြို့တွင်လည်း ပြီးခဲ့သည့် မေလဆန်းက အမျိုးသမီးတဦး မြေမြှုပ်မိုင်းကြောင့် ခြေထောက်တဖက် ဖြတ်တောက်ခဲ့ရသလို၊ ဇွန်လ တတိယပတ်အတွင်း တောင်ကုတ်တက္ကသိုလ်နောက်ကျောတွင် အရပ်သား ၂ဦးမြေမြှုပ်မိုင်းနင်းမိကာ ခြေထောက်တဖက်စီ ဆုံးရှုံးခဲ့ရသည်။
ဂွမြို့တွင် ယခုကဲ့သို့ မြေမြှုပ်မိုင်းကြောင့် အရပ်သား အသက်သေဆုံးသည်အထိ ဖြစ်ပွားခဲ့ခြင်းသည် ရခိုင်ပြည်နယ်တောင်ပိုင်းတွင် ဒုတိယအကြိမ်ဖြစ်သည်။
ဓာတ်ပုံ- လူမှုကွန်ရက်မှ ကူးယူဖော်ပြပါသည်။