LifestylePoem

လမ်းပျောက် ရက်စွဲများ…

ညီညီခိုင်

မဟာရန်ကုန်ရွှေမြို့တော်ကြီးကို ၁၀ တန်းကျောင်းသားဘဝကစ ဘွဲ့ရပြီးတဲ့အထိ
အပေအတေပုံစံမျိုးနဲ့ရော၊ အလုပ်အကိုင်နဲ့ပါ ဒုက္ခ၊ သုခ နှစ်ဘဝနဲ့ နေခဲ့ဖူးတယ်။

တစ်ကိုယ်ရည် အပူအပင်မရှိ လူပျိုဘဝ ရန်ကုန်ညတွေက ပျော်စရာ အပြည့်ပေါ့။

ဒါပေမဲ့ ဒီတစ်ခါတော့ ရန်ကုန်ခရီးက လမ်းပျောက်နေမိတယ်။

ဇွန် ၂၃ ရက် သံတွဲမြို့က လူဦးရေတစ်ဝက်လောက် စစ်ရှောင်ကြတယ်။ ငှားစရာ ကားမရှိ၊ စီးစရာတုတ်တုတ် မရှိအောင်ဖြစ်ရတယ်။ အဲဒီအချိန်အထိ ကိုယ့်မှာ ဘာလုပ်ရမှန်း မသိ။

အဝတ်အစား လေးငါးစုံကို ကျောပိုးအိတ်ထဲထည့်၊ ပြီးတော့ အထီးကျန်ခဲ့မယ့် အိမ်ကလေးကို လုံခြုံအောင် အတတ်နိုင်ဆုံးလုပ်။

တစ်လီတာ ၈ ထောင်ကျပ်ရှိတဲ့ ဓာတ်ဆီကို ဆိုင်ကယ်ထဲ အပြည့်ထည့်။ မြို့လေးကနေ ချက်ချင်းကြီး မခွဲနိုင်လေ တော့ အိမ်အခြေအနေကို စောင့်ကြည့်ပါဦးမယ်ဆိုပြီး အသိအိမ်မှာ တစ်ညအိပ်လိုက်သေးတယ်။

သံတွဲမြို့လေးမှာ နောက်ဆုံးအိပ်ခဲ့ရတဲ့ညက အမြောက်သံ ၂ ချက်၊ ၃ ချက်က အိပ်ငွေ့ချလိုက်သလိုပဲ။

သံတွဲမြို့ကို ၁၄၄ ထုတ်တယ်လို့ ကြားတော့ မနက် ၅ နာရီကျော်မှာ သံယောဇဉ်မပြတ်နိုင်တဲ့ အိမ်ကလေးဆီ ပြန်သွားပြီး မျက်နှာသစ်လိုက်သေးတယ်။

နေလို့မဖြစ်နိုင်တော့တဲ့အဆုံးမှာ မြို့လေးကိုနှုတ်ဆက်ရင်း မိသားစုနဲ့အတူ မဟာရန်ကုန်မြို့ကြီးဆီ ထွက်လာခဲ့ ရတယ်။

ညသွား မနက်ရောက်တဲ့ ရန်ကုန်မြို့ကို ၂ ညအိပ်သွားခဲ့ရတယ်၊ ဂွမှာ တစ်ည၊ သီတာကုန်းမြင့်မှာ တစ်ည။

သံတွဲက စီးလာတဲ့ဆိုင်ကယ်ကို ဘုန်းကြီးကျောင်းမှာထားပြီး လိုင်းကားနဲ့ ခရီးဆက်တယ်။ ရွာတန်းရှည်၊ လယ်ကွင်းတွေနဲ့ မြို့တွေကိုဖြတ်လို့ပေါ့။

ရင်ခွင်ထဲ ထိုင်နေတဲ့သမီးလေးကတော့ ပျော်လို့၊ သမီးလေးမျက်နှာကြည့်ပြီး “ပျော်လား” မေးတော့၊ “ပျော်တယ် ဖေဖေရေ” တဲ့။

သမီးလေးကို ရင်ခွင်ထဲ ထွေးပွေ့ပြီး ကျွန်တော်လမ်းတွေ ပျောက်နေမိတယ်…

၂၇.၆.၂၀၂၄။

Related Articles

One Comment

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button