BattleNews

စစ်တပ်၏ ကိုင်းခုံနှင့် ကံကော်တောင်စခန်းကို AA သိမ်းပိုက်၊ ကုလားပြင်တံတားကို စစ်တပ်က မိုင်းခွဲဖျက်ဆီးပြီး ထွက်ပြေး၊

ကျိန္တလီ၊ အောက်တိုဘာ ၈ ၊ ၂၀၂၄။

တိုက်ပွဲများပြင်းထန်နေသည့် ကျိန္တလီမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ကိုင်းခုံစခန်းနှင့် ကံကော်တောင်စခန်းကို အာရက္ခတပ်တော်(အေအေ)က အောက်တိုဘာ ၆ ရက် သိမ်းပိုက်ရရှိခဲ့သည်ဟု သိရသည်။

အောက်တိုဘာ ၈ ရက် ယနေ့ထုတ်ပြန်သည့် အာရက္ခတပ်တော်(အေအေ)၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား ခြင်းဖြစ်သည်။

အဆိုပါ ကုလားပြင်တံတားထိပ်ရှိ ကိုင်းခုံစခန်းနှင့် ကံကော်တောင်စခန်းကို စစ်ကောင်စီက ကြည်၊ ရေ၊ လေ စစ်ကြောင်းများဖြင့် ခုခံတိုက်ခိုက်နေသည့်ကြားက အာရက္ခတပ်တော်က သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

ကျိန္တလီဒေသအတွင်း၌ တိုက်ပွဲများဆက်လက်ပြင်းထန်လျက်ရှိသည်မှာ တပတ်ခန့်ကြာမြင့်ခဲ့ပြီဖြစ်ပြီး စစ်ကောင်စီသည် ကျိန္တလီပတ်ဝန်းကျင်၌ ကြည်း၊ ရေ၊ လေ ခုခံနေသည့်ကြားမှ စစ်ရေးအရများစွာရှုးနိမ့်နေသည့် အပြင် ကျိန္တလီချောင်းအား ဖြတ်သန်းတည်ဆောက်ထားသည့် ကုလားပြင်တံတားကို အောက်တိုဘာ (၇) ရက်၊ နံနက် (၂) နာရီ (၃၀) မိနစ်ခန့်အချိန်တွင် တံတားအလယ်အား ဖောက်ခွဲဖျက်ဆီးပြီး ဂွဘက်သို့ ဆုတ်ခွာသွားခဲ့ပြီ ဖြစ်ကြောင်း အေအေ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အာရက္ခတပ်တော်မှ ကုလားပြင်တံတားထိပ်ရှိ ကိုင်းခုန်နှင့် ကံဂေါ်တောင် (ကံကော်တောင်)၌ တပ်စွဲထားသော စစ်ကောင်စီ၏ စခန်းများကို အောက်တိုဘာ ၆ ရက်တွင် သိမ်းပိုက်ရရှိခဲ့ပြီးနောက် စစ်ကောင်စီသည် အဆိုပါတံတားအား ဖောက်ခွဲဖျက်ဆီးကာ ဆုတ်ခွာသွားခြင်းဖြစ်ကြောင်း၊ အေအေ အနေဖြင့် ဆုတ်ခွာသွားသည့် စစ်ကောင်စီစစ်ကြောင်းကို လိုက်လံချေမှုန်းတိုက်ခိုက်လျက်ရှိသည်ဟု အေအေက ဆိုသည်။

စစ်ကောင်စီတပ်သည် ကျိန္တလီမြို့အဝင် ချင်းကွင်းတံတား၊ ဇလွန်-မောင်ရွှေလေးကြားရှိ သရက်ပင်ကွင်းတံတား၊ ဆင်ဒင်လေးတံတား၊ ကျောက်ဖြူ-တောင်ကုတ်လမ်းပေါ်ရှိ မအီတံတား၊ ကျောက်ကြီးပေါက်တံတားများကို အသီးသီး မိုင်းခွဲဖျက်ဆီးခဲ့ပြီးဖြစ်သည်။

ပုံ-စစ်ကောင်စီ မိုင်းခွဲဖျက်ဆီးခဲ့သည့် ကုလားပြင်တံတား။ ဓာတ်ပုံ-AA Info Desk

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button