မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် သံတွဲမြို့ မြေနိမ့်ပိုင်းများ ချောင်းရေ စလျှံ
ဒွါရာဝတီ၊ဇူလိုင်၂၄၊၂၀၂၄။
မိုးအဆက်မပြတ်ရွာသွန်းနေခြင်းကြောင့် နှစ်စဉ်ရေကြီးရေလျှံလေ့ရှိသည့်သံတွဲမြို့ မြေနိမ့်ပိုင်းရပ်ကွက်များတွင် ယနေ့ ချောင်းရေတက်လာကြောင်း သံတွဲဒေသခံတဦးက မှတ်တမ်းတင်ထားသည့် ဓာတ်ပုံများကို ဒွါရာဝတီက ထပ်ဆင့်ဖော်ပြအပ်ပါသည်။
ယခုပုံများသည် သံတွဲမြို့၊ အံတော်ရပ်ကွက်၊ ရွှေအံတော်စေတီတောင်ခြေရင်းရှိကုက္ကိုလ်ပင်တန်းဝန်းကျင် မြင်ကွင်းများဖြစ်သည်။
သံတွဲမြို့မှ ချောင်းဖျားရွာများဖြစ်သည့် ရှင်အောင်၊ မှတ်ချောင်း စသည့် ကျေးရွာများသို့ ဆက်သွယ်သွားလာရာလမ်းဖြစ်ပြီး၊ သံတွဲချောင်းဘေးတွင်တည်ရှိသည်။
ပုံမှန်အားဖြင့် သံတွဲချောင်းရေကြီးပါက မြေနိမ့်ပိုင်း ရပ်ကွက်များတွင် ပိတ်မိနေသူများကို ပြည်သူအချင်းချင်း ကယ်ဆယ်ရေးလုပ်ငန်းများ၊ စားနပ်ရိက္ခာမျှဝေခြင်းများ လုပ်ကိုင်ကြပြီး၊ ယခုနှစ်တွင်မူ ဒေသခံအများစု စစ်ဘေးရှောင်နေချိန်တွင် အကြောင်းအမျိုးမျိုးကြောင့် စစ်ဘေးမရှောင်နိုင်သည့် မြေနိမ့်ပိုင်းရပ်ကွက်နေပြည်သူများအတွက် ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများလုပ်ကိုင်ရန် အခက်ကြုံရမည့် အလားအလာရှိသည်။