တောင်ကုတ်ချောင်းရေ စိုးရိမ်ရေမှတ်ကျော်လွန်ကာ လူနေရပ်ကွက်အားလုံးနီးပါး ရေမြုပ်

တောင်ကုတ်၊ ၂၅ ဇူလိုင်၊ ၂၀၂၄။
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် ယနေ့ နံနက်ပိုင်းက စိုးရိမ်ရေမှတ်ရှိနေသည့် တောင်ကုတ်ချောင်းရေသည် မွန်းလွဲပိုင်းတွင်ဆက်လက် မြင့်တက်လာရာ အမြင့်ပိုင်း ရပ်ကွက်များမှ နေအိမ်များအထိ လူတရပ်ကျော် ရေမြင့်တက်နေပြီ ဖြစ်ကြောင်း မြို့ပေါ်ရပ်ကွက်များမှ ဒေသခံများက ပြောကြားသည်။
“အိမ်မှာ အဖေက အသက် (၈၀)၊ အမေက (၇၈) နှစ်နဲ့ (၅) နှစ်ကလေးရှိတယ်၊ အိမ်အောက်ထပ် ရေဝင်နေပြီ၊ ခုထက်အခြေအနေဆိုးလာရင် အသင်းတွေကို အကူအညီတောင်းရလိမ့်မယ်” ဟု မေပိုးဝါလမ်းမကြီးအနီး နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

အလားတူ ကံပိုင်ရပ်ကွက်တွင်နေထိုင်သူတဦးကလည်း “ညစျေးနားက အိမ်တွေမှာ ၅ပေ ၇လက်မရှိသွားပြီ “ ဟု ယနေ့ မွန်းလွဲပိုင်းတွင် ဒွါရာဝတီသို့ ပြောသည်။
လက်ရှိတွင် ရေကြီးရေလျှံမှုအခြေနေကို စောင့်ကြည့်၍ ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်ရန် တောင်ကုတ်မြို့ရှိ လူမှုကူညီရေးအသင်းများ ပြင်ဆင်နေကြောင်း သိရသည်။

ဒေသခံများအနေဖြင့် အကူအညီလိုအပ်ပါက အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
ရှင်သန်ရေးကူညီမှုအသင်း တောင်ကုတ်မြို့ ၊ ကိုညီလင်းဇော်၊ ၀၉ ၆၈၈၀၄၈၀၉၃၊ ၊ ကိုထွန်းထွန်းနိုင်၊ ကိုရန်ရှင်းအေး၊ ၀၉၆၇၇၇၀၇၃၃၇ ၊ ဓမ္မဝိဟာရကျောင်းတိုက် ဗြဟ္မစိုရ် ဖောင်ဒေးရှင်း၊ ဦးပုဉာနန္ဒ၊ ၀၉ ၄၅၁၃၇၈၉၃၇၊ ၀၉ ၆၆၆၃၃၄ ၉၆၉ ဆက်သွယ်နိုင်ကြောင်း အသင်းများက သိရသည်။

တောင်ကုတ်ဒေသခံတဦးက “လူမှုရေးအသင်းရုံးခန်းတွေလည်း ရေဝင်နေပြီ၊ ဘယ်လိုကယ်နိုင်ကြဖို့ လဲတော့မသိ၊ ရှောင်စရာရှိလားဆိုရင် ဘုန်းကြီးကျောင်းရှိတယ်၊ အခု ကျောင်းတွေလည်း ရေတက်နေပြီ” ဟု တောင်ကုတ်ဒေသခံတဦးက ပြောသည်။

တောင်ကုတ်ချောင်းရေသည် နှစ်စဉ်မိုးရာသီတွင် မြင့်တက်လေ့ရှိသော်လည်း ယခင်နှစ်များကထက် ပို၍ မြင့်တက်နေကြောင်း၊ မြို့ပေါ်ရပ်ကွက်အားလုံးနီးပါး ရေနစ်မြုပ်နေပြီဖြစ်ကြောင်း တောင်ကုတ် မြို့ပေါ်ရပ်ကွက်မှ ဒေသခံအမျိုးသမီးကြီးတဦးက ဒွါရာဝတီသို့ ပြောသည်။
ဓာတ်ပုံ- တောင်ကုတ်ဒေသခံများ။