BattleNews

စစ်ကောင်စီထောင်ထားသည့် မြေမြှုပ်မိုင်းကြောင့် ကျိန္တလီမြို့တွင် အရပ်သားတဦးသေဆုံးပြန်

ကျိန္တလီ၊ ဇူလိုင် ၂၄၊ ၂၀၂၄။

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့နယ်ခွဲရှိ သဖန်းကွင်းကျေးရွာအနီးတောင်ကြောသို့ ဒညင်းသီးခူးရန်သွားသည့် အရပ်သားတဦး စစ်ကောင်စီထောင်ထားသည့် မြေမြှုပ်မိုင်းနင်းမိကာ သေဆုံးသည့်ဖြစ်စဉ်တခု ယနေ့ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

သေဆုံးသူသည့် အသက် ၂၈နှစ်အရွယ်၊ ကိုပေါက်ကျိုင်းဟု သိရပြီး တောထဲတွင် ဒညင်းသီး ခူးပြီးအပြန်တွင် မိုင်းနင်းမိကာ သွားရောက်ကယ်ဆယ်ချိန်တွင် သွေးထွက်လွန်ကာ နေရာတွင် သေဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။
ကျိန္တလီမြို့နယ်တွင် ဇူလိုင်လအတွင်း စစ်ကောင်စီထောင်ထားသည့် မြေမြှုပ်မိုင်းကြောင့် ခြေထောက်ဖြတ်တောက်ရသည့် အရပ်သား ၂ဦးရှိခဲ့ကာ ယခု သေဆုံးသူက မြေမြှုပ်မိုင်းထိသည့် တတိယမြောက်အရပ်သားဖြစ်သည်။

“ဒီတယောက်နဲ့ဆို ၃ယောက်မြောက်ရှိပြီ၊ မြေမြှုပ်မိုင်းထောင်ထားတယ်လို့ စစ်တပ်က ကြော်ငြာထားတဲ့ နေရာတွေမှာဖြစ်ကြတာ၊ ဝမ်းရေးခက်တယ်ဆိုပေမယ့် မစွန့်စားသင့်ဘူးလေ၊ ဘယ်လိုပြောရမယ်မှန်း မသိတော့ပါဘူးဗျာ”ဟု ကျိန္တလီဒေသခံတဦးက ကရုဏာဒေါသောနှင့် ပြောသည်။

အလားတူ ဇွန်လ ၂၉ ရက်ကလည်း ဂွမြို့နယ် ရဟိုင်ကွင်းကျေးရွာက ဒေသခံတစ်ဦး တောတက်ဝါးခုတ် သွားစဉ် မြေမြှုပ်မိုင်းနင်းမိကာ ညာခြေထောက်ပြတ်တောက်ပြီး သွေးထွက်လွန်အသက်ဆုံးရှုံး ခဲ့ရသေး သည်။

ဂွမြို့နယ်အတွင်း မြေမြှုပ်မိုင်းကြောင့်ခြေထောက်ဆုံးရှုံးခဲ့ရသူ ၂ဦးနှင့် အသက်ဆုံးရှုံးရသူ ၂ဦးရှိပြီ ဖြစ် သည်။

ရခိုင်ပြည်နယ် တောင်ပိုင်းဒေသသည် သမိုင်းတလျှောက် မြေမြှုပ်မိုင်းကင်းစင်နယ်မြေဖြစ်ခဲ့ပြီး၊ ယခုကဲ့သို့ စစ်ကောင်စီ၏ လူသတ်မြေမြှုပ်မိုင်းများကြောင့် တောင်ကုတ်၊ သံတွဲနှင့် ဂွမြို့နယ်အတွင်း အမျိုးသမီးများအပါအဝင် ထိခိုက်သူနှင့် သေဆုံးသူ စုစုပေါင်း ၁၁ဦးအထိရှိလာပြီဖြစ်သည်။

အဆိုပါ အရပ်သား အားလုံးမှာ ၎င်းတို့ရွာအနီးဝန်းကျင်ရှိ အရပ်သားများ မိရိုးဖလာအစဉ်အဆက် သွားလာလေ့ရှိသည့် တောတောင်များတွင် ယခုကဲ့သို့ ကြုံတွေ့ခဲ့ကြရခြင်းဖြစ်သည်။

အထက်ပါပုဂ္ဂိုလ်က “မကြော်ငြာထားတဲ့နေရာတွေမှာလည်း ရှိ၊ မရှိ မသေချာဘူး၊ ဖြစ်နိုင်ရင် မသွားကြပါနဲ့၊ တိတိကျကျပြောထားတာမှမရှိတာ၊ ဝမ်းရေးဆိုပေမယ့် အသက်ကို ဉာဏ်စောင့်ပါတယ်၊ အသက်ထက်ဘာမှတန်ဖိုးမရှိပါဘူး၊ ဂရုစိုက်ကြပါ”ဟု ပြည်သူအချင်းချင်း သတိပေးစကားပြောသည်။

ယခုအချိန်သည် သံတွဲမြို့နယ်၊ ဂွမြို့နယ်တွင် မှိုပေါက်သည့်ကာလဖြစ်ကာ ပုံမှန်အချိန်ကာလများ၌ ဒေသခံ များသည် တောထဲသို့သွားကာ မှိုရှာထွက်လေ့ရှိကြပြီး ရရှိလာပါက သံတွဲမြို့၊ ဂွမြို့ပေါ်သို့ သွားရောက် ရောင်းချလေ့ရှိသည်။

စားဝတ်နေရေးအတွက် တောတောင်ယျာဉ်ခြံများကို မှီခိုနေရသည့် အရပ်သားများ သွားလာနေထိုင်ရာ ပတ်ဝန်းကျင်ဖြစ်သည့် ဂွမြို့နယ်၊ ကျိန္တလီ မြို့နယ်ခွဲ၊ ရေစမ်းကွင်းရွာနောက်ဘက်တောင်ကြောမှ သဖန်းကွင်းရွာအနောက်ဘက်တောင်ကြောအထိ မိုင်းများထောင်ထားပြီး အကယ်၍ သွားလာရင်း ထိခိုက်မှုရှိပါက မိမိတာဝန်သာဖြစ်ကြောင်း ဇူလိုင်လဆန်းက လက်လွတ်စပယ် ထုတ်ပြန်ကြေငြာ ထားသေးသည်။

ပုံစာ- ဂွမြို့နယ်၊ ရဟိုင်ကွင်းကျေးရွာရှိ ရဟိုင်ကွင်းဆည်နောက်ကျောဘက်တွင် ဇွန်လနှောင်းပိုင်းက မြေမြှုပ်မိုင်းနင်းမိကာ သွေးထွက်လွန်ပြီး အသက်ဆုံးရှုံးခဲ့ရသူအား သယ်လာစဉ်။

ဓာတ်ပုံ- ဒေသခံတဦး၏လူမှုကွန်ရက်စာမျက်နှာ။

Related Articles

One Comment

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button