ဂွမြို့နယ်တွင်း တိုက်ပွဲများငြိမ်သက်နေသော်လည်း စစ်တပ်က တဖက်သပ် လေကြောင်းဗုံးကြဲမှုများပြုလုပ်နေ
ဂွ၊ အောက်တိုဘာ ၁၄၊ ၂၀၂၄။
ဂွမြို့နယ်အတွင်း အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ်များကြား နှစ်ဖက်တိုက်ပွဲသံများ တိတ်ဆိတ်နေသည်မှာ ၂ ရက်ရှိပြီဖြစ်သော်လည်း စစ်ကောင်စီက လေကြောင်း ဗုံးကြဲမှုများကို တဖက်သပ်ပြုလုပ်လျက်ရှိကြောင်း ဒေသခံများထံ စုံစမ်းသိရရှိသည်။
တိုက်ပွဲဇုန် နှင့် နီးကပ်နေသော ကုလားပြင်အောက်ဘက်ကျေးရွာများဖြစ်သည့် ကူးတို့လေး၊ သပြုချောင်း၊ သိုင်းကျွန်း စသည့် ကျေးရွာများမှ ဒေသခံတချို့သည် ဂွမြို့ဘက်သို့ အရေးပေါ် စစ်ဘေးရှောင်လျှက် ရှိကြောင်း ဒေသခံတဦးက ပြောသည်။
“ဒီနေ့ လေကြောင်းကနေ လာပစ်တယ်၊ ဘယ်ကိုပစ်မှန်း မသိ၊ လမ်းလျှောက်လာကြတဲ့စစ်ရှောင်တွေတော့ အများကြီးပဲ၊ သပြုချောင်းနဲ့ သိုင်းကျွန်းဘက်က” ဟု စစ်ရှောင်များကို ကိုယ်တိုင်မြင်ခဲ့သည့် ဒေသခံတဦးက ဒွါရာဝတီသို့ ပြောသည်။
စစ်ကောင်စီသည် ဂွမြို့မြောက်ဘက် မိုင် ၃၀ခန့်အကွာ၊ ကုလားပြင်ကျေးရွာအနီးဝန်းကျင်ရှိ ဒယ်ပုတ်၊ သပြုချောင်းကြား တောင်ခြေဝန်းကျင်သို့ ယနေ့ လေယာဉ်၊ ဒရုန်းများဖြင့် လေကြောင်းဗုံးကြဲခြင်းများပြုလုပ်လျက်ရှိသည်ဟု ဒေသခံတဦးက ပြောသည်။
“အခြေအနေက ငြိမ်နေတယ်၊ ဒီနေ့လာကြဲသွား၊ နှစ်ဘက်ဖြစ်တာတော့ မဟုတ်ဘူး၊ (စစ်ကောင်စီက) တဖက်သတ်တော့ ပစ်သံ၊ ဒရုန်းနဲ့ ကြဲတာတော့ရှိတယ်၊ ရွာတွေဘက်တော့မဟုတ်” ဟု တိုက်ပွဲဇုန် အနီးတဝိုက်တွင် နေထိုင်သည် အမည်မဖော်လိုသူ ဒေသခံတဦးက ဒွါရာဝတီသို့ ပြောသည်။
စစ်ကောင်စီသည် အောက်တိုဘာ ၇ရက်နေ့တွင် ကျိန္တလီချောင်းကူးတံတားကို မိုင်းခွဲဖျက်ဆီးကာ ကုလားပြင်(ရတနာမြိုင်)ကျေးရွာမှ ၅မိုင်ကျော်အကွာရှိ ကြွေချိုင်ကျေးရွာသို့ တပ်ဆုတ် အထိုင်ချခဲ့သည်။
ထို့နောက် ဂွမြို့နယ်၊ ကုလားပြင်၊ ဘဲအင်း၊ ဒယ်ပုပ် စသည့် ကျေးရွာများတလျှောက် တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီက ကြည်း၊ ရေ၊ လေ ပူးပေါင်း ပစ်ကူခဲ့ကာ၊ အောက်တိုဘာ ၁၂ရက်နေ့တွင် ကူးတို့လေး ကျေးရွာသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ကူးတို့လေးကျေးရွာသည် ဂွမြို့နှင့် မိုင် ၃၀နီးပါးအကွာတွင်တည်ရှိသည့် ပင်လယ်ကမ်းနားကျေးရွာဖြစ်သည်။
အေအေနှင့် စစ်ကောင်စီတို့၏ ထိတွေ့တိုက်ပွဲများသည် သြဂုတ် ၁၀ရက်ကစတင်ကာ ကျိန္တလီမြို့အနီးဝန်းကျင်တွင် စတင်ဖြစ်ပွားခဲ့သည်။