
ကျိန္တလီ၊ ဩဂုတ် ၁၂၊ ၂၀၂၄။
ရခိုင်ပြည်နယ်၊ ကျိန္တလီမြို့ပေါ်တွင် ယနေ့ ညနေပိုင်းက တိုက်ပွဲပြင်းထန်နေပြီး၊ စစ်ကောင်စီက လေကြောင်းပစ်ကူခြင်းကြောင့် မြို့ပေါ်ရပ်ကွက်အချို့ မီးလောင်နေကြောင်း ဒွါရာဝတီ၏ သတင်းရင်းမြစ်များထံမှ ကနဦး သတင်းရရှိသည်။
အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ်များကြား ပြီးခဲ့သည့် ၁၀ ရက်နေ့ ညနေက ကျိန္တလီမြို့နှင့် ၅မိုင်ခန့်အကွာရှိ ချင်းကွင်းကျေးရွာတွင် စတင်ခဲ့သည့် တိုက်ပွဲများသည် ဩဂုတ် ၁၁ရက် ညနေတွင် ကျိန္တလီမြို့ပေါ်သို့ စတင်ကူးစက်နေပြီး စစ်ကောင်စီ နေဗီမှ လက်နက်ကြီးနှင့် လေကြောင်း ပစ်ကူခြင်းများ ပြုလုပ်နေကြောင်း သိရသည်။
“ကျိန္တလီကို လေယာဉ်နဲ့ ဗုံးအလုံး ၃၀လောက် ကြဲတယ်၊ မီးတွေလောင်နေတယ်၊ ရဲစခန်းက စလောင်တယ်လို့ ပြောတယ်၊ ညနေ ၄နာရီကနေ ချတာ ၉နာရီမှ တိမ်း(တိတ်)သွားတယ်လို့ ပြောတယ်၊ အခြေအနေကို မနက်ကျမှ သိဖို့ထင်တယ်တဲ့၊ မြို့ကို ဖုန်းထပ်ဆက်တာ မရတော့ဘူး” ဟု ကျိန္တလီမြို့ အနီးဝန်းကျင် နှင့် အဆက်အသွယ်ရခဲ့သည့် သံတွဲဒေသခံတဦးက ဒွါရာဝတီသို့ ပြောသည်။
အလားတူ လွန်ခဲ့သည့် နာရီဝက် ဝန်းကျင်ကလည်း စစ်ကောင်စီတပ်သားများ အပြည့်တင်ဆောင်ထား သည့် စစ်ကား ၂စီး ဂွမြို့မှ ကျိန္တလီဘက်သို့ ထွက်ခွာသွားကြောင်း ဂွမြို့ ဒေသခံတဦးက ပြောသည်။
ကျိန္တလီအနီးဝန်းကျင် ကျေးရွာတခုမှ ဒေသခံတဦးက “ကျိန္တလီဘက်မှာ ပွဲကြမ်းနေပြီ၊ ရွာကနေ မီးခိုးတွေ လှမ်းမြင်ရတယ်၊ အသံတွေလည်း အကျယ်ကြီးကြားရတယ်၊ တခါတလေဆို အိမ်ပါ တုန်သွားတယ်” ဟု ဒွါရာဝတီသို့ ယနေ့ ညနေပိုင်းက ပြောသည်။
ဩဂုတ် ၁၀ရက် ညနေပိုင်းကလည်း တိုက်ပွဲသံများ တိတ်ဆိတ်သွားပြီးနောက် စစ်ကောင်စီက လေကြောင်း ဗုံးကြဲမှု ၃ကြိမ် ပြုလုပ်ခဲ့ပြီး၊ မြေပြင်နှင့် ဆက်သွယ်ရခက်ခဲခြင်းများကြောင့် ထိခိုက်မှုနှင့် ပတ်သက်၍ အသေးစိတ် သတင်းရယူနိုင် ခြင်းမရှိခဲ့ပေ။
စစ်ကောင်စီသည် ကျိန္တလီမြို့နှင့် အနီးတဝိုက်ကို စစ်အင်အား ဖြည့်တင်းနေရသလို ယနေ့နံနက်ပိုင်းတွင် စစ်ကောင်စီသည် ဂွမြို့ဘက်မှ ကျိန္တလီဘက်သို့ စစ်သင်္ဘောတစီး ထပ်မံ မောင်းနှင်သွားသည်ကို တွေ့ရကြောင်း ဒေသခံတဦးကပြောသည်။
“အခုလေးတင် စစ်သင်္ဘောအကောင်ကြီးတကောင်သွားတယ်၊ တော်တော်ကြီးတယ်၊ တော်တော် မြန်တယ်၊ အရင်ကောင်တွေနဲ့မတူ၊ အဖြူရောင် အလျှားရှည်တယ်၊ ကမ်းနဲ့ဝေးတယ်၊ အရင်ကောင် တွေထက် စက်သံပိုပြင်းတယ်” ဟု မြင်တွေ့လိုက်ရသည့် ဒေသခံတဦးက ဩဂုတ် ၁၀ရက် နံနက် ၉နာရီ ဝန်းကျင်တွင် ပြောသည်။
ပြီးခဲ့သည့် တပတ်အတွင်း တိုက်ပွဲများ မဖြစ်ပွားမီကပင် စစ်ကောင်စီက ကုန်းနှင့်ရေမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်နေခြင်းကြောင့် ကျိန္တလီနှင့် အနီးတဝိုက်ကျေးရွာများမှ ဒေသခံရွာသားများ ဘေးကင်းရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး၊ စစ်ရှောင်ဦးရေ အများအပြား မြင်တွေ့ရကြောင်း ဂွမြို့ဒေသခံတဦးက ပြောသည်။
အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ်များကြား တိုက်ပွဲပြင်းထန်နေသည့် ကျိန္တလီမြို့ သည် သံတွဲနှင့် ဂွမြို့ ကြား တဖက်စီမှ မိုင်ပေါင်း ၄၀ ခရီးအကွာအဝေးတွင်ရှိသည့် လမ်းခုလတ်မြို့ ဖြစ်သည်။ ကျိန္တလီသည် ရေလုပ်ငန်းဖွံ့ဖြိုးသည့် ဒေသတခုလည်းဖြစ်ပြီး၊ သံတွဲဒေသတိုက်ပွဲများ ကြားမှ စစ်ဘေးရှောင်လာကြသူများ ခိုလှုံနေသည့် မြို့တမြို့လည်း ဖြစ်သည်။