
သံတွဲ၊ ၁၂၊ ဇူလိုင်၊ ၂၀၂၄။
သံတွဲမြို့တွင်ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရသည့် ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးကင်းစကလေးငယ်များ အချိန်ကာလအလိုက်ထိုးနှံရမည့် ကာကွယ်ဆေးများ ထိုးနှံခွင့်မသေးကြောင်း ကိုယ်ဝန်ဆောင်မိခင်နှင့် စစ်ဘေးရှောင်များကို ကူညီပေးနေသည့် စေတနာဝန်ထမ်း အချို့ ထံမှ စုံစမ်းသိရသည်။
“ကျမနဲ့တွေ့တဲ့ ကိုယ်ဝန်ဆောင်တယောက်ဆိုရင် ဆေးတွေ ဝယ်လို့မရလို့ ကိုယ်ဝန် ဆောင်အားဆေးလည်းမသောက်ရသေး၊ ကာကွယ်ဆေးထိုးတာတွေလည်း မလုပ်ရသေးဘူး၊ အခု စစ်ရှောင်နေရတော့ ဘယ်မှာမွေးရမယ်မှန်းလည်း မသိသေးဘူးတဲ့”ဟု သံတွဲမြို့၏ တောင်ဘက်ကျေးရွာတခုတွင် စစ်ဘေးရှောင်နေသည့် သံတွဲဒေသခံ အမျိုးသမီးတဦးက ပြောသည်။
အလားတူ တိုက်ပွဲဖြစ်နေစဉ် ၎င်းတို့နေထိုင်သည့် ကျေးရွာတွင် အရပ်လက်သည်ဖြင့် မွေးဖွားထားသည့် မွေးကင်းစကလေးငယ်များလည်း ကာကွယ်ဆေးထိုးနှံခွင့် မရရှိ သေးကြောင်း စစ်ရှောင်အချင်းချင်း ကူညီပေးနေသည့် စေတနာ့ဝန်ထမ်းတဦး ကပြောသည်။
သံတွဲမြို့နယ်တွင် လျှပ်စစ်မီးပြတ်တောက်နေသည်မှာ ၂လနီးပါးကြာမြင့်နေပြီဖြစ်ပြီး၊ အဆိုပါ ကာကွယ်ဆေးများ သိုလှောင်သိမ်းဆည်းရေးအတွက် ရေခဲသေတ္တာ၊ ရေခဲဘူး အခက်အခဲများကြောင့် ဆေးဝါးပြတ်တောက်နေသည်မှာ အချိန်ကာလ ကြာခဲ့ပြီ ဖြစ်ကြောင်းသိရသည်။
“မွေးကင်းစကလေးတချို့ ကာကွယ်ဆေးမထိုးရသေးလို့ ဘယ်လိုကူညီနိုင်မလဲ ဆိုပြီး နီးစပ်ရာ ကျန်းမာရေးဝန်ထမ်းတချို့ကို မေးကြည့်တဲ့အခါ အဲဒီဆေးတွေက အစိုးရက ချပေးတဲ့ဆေးတွေ၊ ဆရာဝန်ကြီးမရှိတော့ကတည်းက မရောက်တာကြာပြီလို့ ပြောပါတယ်၊ ပြီးတော့ အပြင်ဆေးဆိုင်မှာလဲ မရှိဘူး”ဟု အထက်ပါ စေတနာ့ဝန်ထမ်းက ပြောသည်။
တိုက်ပွဲများနီးကပ်လာခြင်းကြောင့် ဆေးဆိုင်များလည်း ပိတ်ထားသလို၊ သာမာန်ဖျားနာခြင်းမျိုးအတွက်ပင် ဆေးဝါးရရှိနိုင်ရန် ခက်ခဲနေကြောင်း သံတွဲဒေသ စစ်ဘေးရှောင်သူများထံမှ သိရသည်။
မြန်မာနိုင်ငံရှိ တိုက်ပွဲများဖြစ်ပွားနေသည့် ပြည်နယ်နှင့်တိုင်းများတွင်လည်း ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်များ ကာကွယ်ဆေးတိုးနှံခွင့်များ ဆုံးရှုံးကာ ကိုယ်ဝန်ဆောင်မိခင်သေဆုံးမှု၊ မွေးကင်းစကလေးသေဆုံးမှုများ ဖြစ်ပွားသည့် အဖြစ်အပျက်များရှိနေသည်ကို ဒေသတွင်းသတင်းဌာနများတွင် ဖော်ပြချက်အရ သိရသည်။
ကာကွယ်ဆေးတစ်ကြိမ်မှမရရှိသည့် ကလေးများ၊ အကြိမ်ပြည့်မရရှိသည့် ကလေးများသည် ပြင်ပမှ ရောဂါများကူးစက်ဝင်ရောက်လာပါက ရောဂါကာကွယ်ရန် လိုအပ်သည့် ကိုယ်ခံ စွမ်းအား ထုတ်လုပ်နိုင်ရန် အင်အား နည်းပါး/မရှိခြင်းများကြောင့် ဖျားနာခြင်းနှင့် နောက်ဆက်တွဲ ပြင်းထန် ရောဂါလက္ခဏာများခံစားရတတ်ပြီး အသက်သေဆုံးတဲ့အထိ ခံစားရနိုင်ကြောင်း ကျန်းမာရေး အသိပညာပေးအစီအစဉ်များမှ သိရသည်။
သံတွဲဒေသတွင် ဧပြီလလယ်ကတည်းက ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရသည့် အရပ်သားပြည်သူဦးရေ တိုးပွားလာလျှက်ရှိနေကြသည်။ ငွေကြေး တတ်နိုင်သူများက ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း စသည့် ဒေသများအထိ တိမ်းရှောင် ကြ၍ ဆေးဝါးများ လက်လှမ်းမိနိုင်သော်လည်း၊ အဝေးသို့ ထွက်ခွာနိုင်ရန် မတတ်နိုင်ဘဲ သံတွဲမြို့နယ်အနီးဝန်းကျင်တွင် စစ်ဘေးရှောင်နေရ သူများအတွက် ယခုကဲ့သို့ အခက်ကြုံနေကြရခြင်းဖြစ်သည်။
ပုံစာ-သံတွဲဒေသက စစ်ဘေးရှောင် မိခင်နှင့် မွေးကင်းစကလေး။