//အင်တာဗျူးဆောင်းပါး//
လွတ်လပ်သူ မေးမြန်းသည်။
သံတွဲတိုက်ပွဲများအတွင်း စစ်စခန်းများကို လက်လွှတ်ဆုံးရှုံးထားရသည့် စစ်ကောင်စီသည် တဖြည်းဖြည်းဆုတ်ခွာကာ သံတွဲတောင်ဘက် မိုင် ၄၀ ဝန်းကျင်ရှိ ကျိန္တလီမြို့နယ်အတွင်းမှ ဂွမြို့အထိ လက်နက်ကြီးများ၊ ကင်းစခန်းခန်းများအထိုင်ချ တပ်စွဲထားသည်။
ကျိန္တလီမြို့နယ်၊ ချင်းကွင်းတံတားကို မိုင်းခွဲဖျက်ဆီးပြီးနောက် စစ်ကောင်စီသည် ချင်းကွင်းကျေးရွာမှ ဂွမြို့အထိ နယ်မြေစိုးမိုးထားကာ၊ ပြီးခဲ့သည့် ဩဂုတ် ၃ရက်မှစတင်ကာ လက်နက်ကြီးများ နေ့ရောညပါ ပစ်ခတ်ခြင်း၊ လက်နက်ငယ်များပစ်ခတ်ခြင်း၊ နေဗီစစ်သင်္ဘောများမှ အမြှောက်များဖြင့်ပစ်ခတ်ခြင်းတို့ကို စတင်ပြုလုပ်ခဲ့သည်။
တိုက်ပွဲမရှိသေးဘဲ လေကြောင်းဗုံးကြဲမှုကြောင့် ဩဂုတ် ၈ရက် နံနက်ပိုင်းတွင် အရပ်သား သေဆုံးမှုများလည်း ဖြစ်ပွားခဲ့သည်။
ယနေ့တွင် ဂွမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေပြီဆိုသည့် သတင်းများကြောင့် ကျိန္တလီမြို့နယ် အတွင်း နေထိုင်သူ(လတ်တလောတွင် စစ်ရှောင်နေရသူ) ဒေသခံတဦးနှင့် ဒွါရာဝတီက ယနေ့ ညနေ ပိုင်းတွင် ဤသို့ ဆက်သွယ် မေးမြန်းနိုင်ခဲ့ပါသည်။
ဒွါရာဝတီ – ထိတွေ့ တိုက်ပွဲတွေ ဖြစ်နေပြီလို့ ကြားလို့ပါ။ မြေပြင်အခြေအနေလေး သိချင်ပါရစေ။
ဒေသခံ – အခုအထိတော့ တိုက်ပွဲမဖြစ်သေးဘူး၊ အေအေက ဒုံးနဲ့လာချတာပဲရှိတယ်၊ ပြီးရင်ပြန်ရော၊ အဲ့လောက်ပဲ။ (ညနေ ၄နာရီဝန်းကျင်တွင် ဖြေကြားချက်) တိုက်ပွဲမရှိဘဲ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်နေတာ ၃၊ ၄ ရက်လောက်ရှိပြီ၊ မနေ့ကမနက် ၈နာရီလောက်ကတော့ ဘုန်းကြီးကျောင်းတောင်ကို AA ဘက်က ဒုံးနဲ့ ပစ်တယ်၊ ပြီးတော့ ပြန်သွားတယ်၊ ပြီးတော့ စစ်တပ်က သေနတ်တွေနဲ့ ပစ်တယ်၊ လက်နက်ကြီးတွေနဲ့ ပစ်သံတွေလည်း ကြားရတယ်။
ဒွါရာဝတီ – အခု စစ်ရှောင်နေရတာ ဘယ်နှစ်ရက်ရှိပြီလဲ။
ဒေသခံ – ၂ရက်ရှိပါပြီ၊ တရွာလုံးပဲ၊ ကလေးတွေက ကြောက်ကြတာပေါ့၊ အသံတွေက အနီးအနားက ကြားနေရတော့၊ မိုးမရွာလို့ တော်သေးတယ်၊ မိုးရွာရင် အဆင်မပြေဘူး။ အစားအသောက်ကတော့ ဆန်တွေယူလာပြီး၊ မျှစ်ချိုးချက်စားတယ်။ အကုန်သူ(အားလုံး) စုပေါင်းချက်စားတယ်၊ စုပြုံအိပ်နေတယ်။
ဒွါရာဝတီ – ကျိန္တလီအနီးဝန်းကျင်တောတောင်တွေမှာ မြေမြှုပ်မိုင်းထောင်ထားတာတွေ လည်းရှိတော့ စစ်ရှောင်နေရာတာ ဘယ်လိုတွေ အခက်အခဲရှိနေလဲ။
ဒေသခံ – မြေမြှုပ်မိုင်းက ကမ်းနားနဲ့တောင်ပေါ်တွေမှာအများကြီးရှိတယ်၊ ရွာမှာတော့ ထိတာ မရှိသေးဘူး။ အခုအချိန်မှာ ထိခိုက်မိတာ၊ နာမကျန်းတာဖြစ်ရင် အသေပဲခံရမှာပေါ့၊ ဘာမှမတတ်နိုင်တာ၊ ကျိန္တလီမှာလည်း ဆရာဝန်မရှိတော့ဘူးလေ။
ဒွါရာဝတီ – ဒီကြားထဲ အိမ်ပြန်ရောက်သေးလား။
ဒေသခံ – မရောက်သေးဘူး၊ ရှောင်နေရတုန်းပဲ။ ဒီမနက်က ရွာသားတယောက် အိမ်ပြန်တာ စစ်သားတယောက်နဲ့တွေ့ပြီး ဟိုလူ ဘာလုပ်နေတာလဲ မသွားသေးလားလို့ပြောလိုက်တယ် တဲ့။
ဒွါရာဝတီ – အခုလက်ရှိ အခြေအနေ အသံဗလံအခြေအနေဘယ်လိုရှိလဲ။
ဒေသခံ – (ညနေ ၄း ၁၅ နာရီပြောကြားချက်) အခု ပစ်နေတဲ့အသံတွေကြားနေရပြီ၊ ၂ဖက်ဖြစ်နေပြီ ထင်တယ်၊ သေနတ်သံတွေက မတူဘူး။ မပြတ်တမ်းပစ်နေတယ်။ လက်နက်ကြီးလဲ ပစ်နေပြီ၊ ၄ကြိမ်ရှိပြီ၊ ရင်တွေတောင်တုန်လာပြီ၊ အဲ့ဖက်က မဆက်သွယ်ပါနဲ့ဦးနော။