သံတွဲ၊ ဇူလိုင်၊ ၂၃။
သံတွဲမြို့နယ်၏ ကွမ်းဝိုင်းရေတပ်စခန်းသို့သွားသည့် လမ်းပေါ်ရှိ သရက်ပင်ကွင်းကျေးရွာအနီးသို့ မနေ့ညနေပိုင်းက စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ဒေသခံတဦး သေဆုံးကာ၊ တဦးထိခိုင်ဒဏ်ရာရှိခဲ့ပြီး ဒေသခံများသည် လတ်တလောဘေးလွတ်ရာသို့ ညတွင်းချင်း တိမ်းရှောင် နေကြရကြောင်း ဒွါရာဝတီက စုံစမ်းသိရှိရသည်။
“သရက်ပင်ကွင်းရွာအစွန်က ကြက်ခြံပိုင်ရှင်သေတယ်၊ ကျွဲသောက်လမ်းခွဲက လယ်သမား တယောက်ထိတယ်၊ မနေ့က တနေကုန်ပစ်တယ်၊ ထိခိုက်မှုတွေ သေသေချာချာ ထပ်မသိရသေး”ဟု ရွာနှင့် အဆက်အသွယ်ရရှိခဲ့သည့် ဒေသခံတဦးက ဒွါရာဝတီသို့ ပြောသည်။
စစ်ကောင်စီ၏ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများကြောင့် ဇူလိုင် ၂၁ ရက်နှင့် ၂၂ ရက်နေ့ များတွင် ဇလွန်-သပြုချိုင်လမ်း အနီးတဝိုက်ရှိ မဒေါစမ်းကျေးရွာနှင့် ကျွဲသောက်လမ်းခွဲ တောစပ် နှင့် လယ်ကွင်းပြင်များကို ကျရောက်ခဲ့ကြောင်းသိရသည်။
စစ်ကောင်စီတပ်များသည် ဒေသခံများစစ်ရှောင်ကြရမည့် အဆိုပါလမ်းပေါ်ရှိ တံတားများကို မိုင်းခွဲဖျက်ဆီးခဲ့သလို၊ ကျေးရွာများအနီးဝန်းကျင်တွင် မိုင်းထောင်ထားခဲ့ခြင်းကြောင့် သရက်ပင်ကွင်း ရွာသားများထွက်ပြေးစဉ် မိုင်းကွဲကာ နွားတကောင် ထိမှန်ခဲ့ကြောင်းသိရသည်။
“ရွာပတ်လည်မှာ မိုင်းထောင်ထားခဲ့တယ်၊ အခုမိုင်းကွဲတာက သူတို့ချိုးခဲ့တဲ့ ရွာအဝင်က တံတား၊ ရွာသားတွေက တံတားနားအထိ ထွက်ပြေးကြပြီး မိုးရေထဲမှာ အိပ်ရတယ်၊ အနီးအနားတဝိုက်က ရွာတွေမှာ ခိုလှုံနေကြရတယ်”ဟု အထက်ပါပုဂ္ဂိုလ်က ဆက်ပြောသည်။
ဇလွန်-သပြုချိုင်ဆိပ်ကမ်း ကားလမ်းမပေါ်ရှိ ဆင်ဒင်ကြီးကျေးရွာနှင့် ဆင်ဒင်လေးကျေးရွာကြားရှိ သာယာကုန်းတံတားနှင့် သရက်ပင်ကွင်းတံတားတို့ကို ဇူလိုင် ၂၀ရက်နေ့ ညနေပိုင်းတွင်လည်းကောင်း၊ ဆင်ဒင်ကြီးရွာအနီးမှ ဝင်ရသည့် အုန်းပင်ဝ တံတားကို ဇူလိုင် ၂၂ရက်နံနက်ပိုင်းတွင်လည်းကောင်း အသီးသီးမိုင်းခွဲဖျက်ဆီးခဲ့ရာ ဒေသခံများ စစ်ရှောင်ရန် ခက်ခဲလျှက်ရှိသည်။
ဇူလိုင်တတိယပတ်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် အဘဲကျေးရွာတွင် စစ်ဘေးရှောင်နေကြသူများနှင့် ဒေသခံတို့ စုစုပေါင်း ၅ဦးသေဆုံးခဲ့သည်။
ဓာတ်ပုံ- ဇလွန်-သပြုချိုင်ကားလမ်းအပိုင်းတနေရာ။