NewsPolitic

သံတွဲထောင်မှ လက်ကျန်အကျဉ်းသားများနှင့်အဆက်အသွယ်ရရန် မိသားစုဝင်များ မျှော်လင့်

သံတွဲ၊ ဇူလိုင် ၁၈၊ ၂၀၂၄။

ရခိုင်ပြည်နယ်၊ သံတွဲမြို့ရှိ အကျဉ်းထောင်အတွင်း မလွတ်မြောက်သေးဘဲ ကျန်ရှိနေသည့် အကျဉ်းသားများနှင့် ၎င်းတို့၏ မိသားစုဝင်များ အဆက်အသွယ်မရသေးသည့်အတွက် စိုးရိမ်ပူပင်မှုများဖြစ်နေကြောင်း မိသားစုဝင်အချို့ထံမှ စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၂ရက်ညနေပိုင်းတွင် သံတွဲအကျဉ်းထောင်တွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်က နိုင်ငံရေးအကျဉ်းသားအချို့ကို
ပြန်လွှတ်ပေးခဲ့ပြီး၊ မတရားအသင်းဆက်သွယ်မှုပုဒ်မနှင့် ဖမ်းဆီး ခံထားရသူများအပါအဝင် ကျန်အကျဉ်းသားများ ဆက်လက်ကျန်ရှိနေခဲ့သည်။

ထို့နောက် စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲခြင်းများကြောင့် အကျဉ်းထောင်အတွင်း ကျရောက် ပေါက်ကွဲ ကာ အကျဉ်းသူ ၂ဦးသေဆုံးမှုလည်းဖြစ်ခဲ့သည်။

“ကျနော့်အစ်ကိုက မတရားအသင်းနဲ့ဆက်သွယ်မှုပုဒ်မနဲ့ ၃နှစ်ချခံထားရတာ၊ အေအေ ကယ်ထုတ်သွားတာ သေချာတယ်ဆိုရင် စိတ်အေးပါတယ်၊ ဖုန်းအဆက်အသွယ်လေးရရင် ကျေနပ်ပါတယ် ”ဟု မိသားစုဝင် တဦးက ဒွါရာဝတီသို့ ပြောသည်။

သံတွဲထောင်တွင် စစ်တပ်က စတင်တပ်စွဲခဲ့သည့် ဇွန်လကတည်းက ထောင်ဝင်စာပို့ခွင့်မရတော့ဘဲ ယခု ၁လနီးပါး ကြာမြင့်ခဲ့ပြီဖြစ်ရာ၊ ထောင်အတွင်းသို့ လက်နက်ကြီးကျည်ကျရောက်ခဲ့သည့် သတင်းကြောင့် စိတ်ပူပင်မှုများဖြစ်နေရကြောင်း နောက် ထပ် အကျဉ်းသားမိသားစုဝင်တဦးက ပြောသည်။

“အဖေကြီးနဲ့ ၅လပိုင်းက နောက်ဆုံးအကြိမ်တွေ့ခဲ့ရတာ၊ ရွှေကျောင်းပြင်ဘက်ကို စဝင်တိုက်ကတည်း က ထောင်ဝင်စာပို့မရတော့တာ၊ ထောင်ကိုလက်နက်ကြီးကျတယ်ကြားတော့ အထိအခိုက်တွေများရှိလား၊ စားရေးသောက်ရေးအဆင်ပြေပါ့မလားတွေးပူတာပေါ့”ဟု မတရားအသင်းဆက်သွယ်မှု ပုဒ်မတပ်ကာ ဖမ်းဆီးခံထားရသူတဦး၏ သမီးဖြစ်သူက ပြောသည်။

ဇူလိုင် ၁၃ ရက်မွန်းလွှဲပိုင်းက စတင်ကာ သံတွဲမြို့တွင် အင်တာနက်လိုင်းနှင့်ဖုန်းလိုင်းများ ပြတ်တောက် သွားခဲ့ပြီး မကြာခင်ရက်ပိုင်းက သံတွဲမြို့ကို အာရက္ခတပ်တော်(အေအေ)ထိန်းချုပ်ထားနိုင်ပြီဖြစ်ကာ၊ အကျဉ်းသားများကို ကယ်ထုတ်သွားနိုင်ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

အဆိုပါသတင်းကြောင့် မိမိတို့ မိသားစုဝင်များမှာ အာရက္ခတပ်တော်(အေအေ)၏ ကယ်ထုတ်သူများ စာရင်းတွင် ပါဝင်ခြင်း၊ မပါဝင်ခြင်းကို သိရှိလိုကြောင်း သူက ဆက်လက်ပြောသည်။

စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုကြောင့် တယ်လီဖုန်းတာဝါတိုင်ကျိုးကာ အဝေးရောက် မိသားစုဝင် များနှင့် မြို့တွင်းတွင် အကြောင်းအမျိုးမျိုးဖြင့် ကျန်ရစ်သူများကြား အဆက်အသွယ်ပြတ်တောက် နေသည်မှာ ၅ရက်ကျော် ရှိလာပြီဖြစ်သည်။

မိသားစုဝင်များ၏ စိုးရိမ်ပူပင်မှုများမြင့်တက်နေပြီး သံတွဲတိုက်ပွဲအတွင်း လူပျောက် ရှာဖွေရေး အစီအစဉ်တွင် ထည့်သွင်းကြော်ငြာပေးရန် ဆက်သွယ်လာကြသူများမှာ တနေ့လျှင် စာအစောင်ရေ ရာနှင့်ချီ ဝင်ရောက်နေကြောင်း ရခိုင်ပြည်နယ်တောင်ပိုင်းအထူးပြုသတင်းဌာနတခုဖြစ်သည့် လေးဝတီ FM မှာ အယ်ဒီတာတဦးက ပြောသည်။

“တချို့ဆို လနဲ့ချီအဆက်အသွယ်ပြတ်နေတုန်းပဲ”ဟု သူက ဒွါရာဝတီသို့ ပြောသည်။

အလားတူ ငပလီကမ်းခြေမြို့၏ တိုက်ပွဲများစတင်ခဲ့ရာ ဂေါ့နှင့် စပါးကြီးရပ်ကွက်များတွင် ဇွန်လဆန်း ကတည်းက အဆက်အသွယ် ပြတ်တောက်သွားသည့် မိသားစုဝင်များရှိနေပြီး၊ အေအေ ကယ်ထုတ် သွားသည့် စာရင်းတွင် ပါဝင်သည် (သို့မဟုတ်) တိုက်ပွဲအတွင်း သေဆုံးသွားသည် စသည့် တိကျသည့် အချက်အလက်ကို မရရှိသေးသည့် မိသားစုဝင်များလည်းရှိနေဆဲဖြစ်သည်။

၎င်းတို့၏ ထိန်းချုပ်မှုအောက် ရောက်ရှိနေပြီဖြစ်သည့် သံတွဲမြို့၊ သံတွဲအကျဉ်းထောင်မှ အကျဉ်းသားများနှင့် ပတ်သက်၍ အေအေ၏ စစ်ရေးနီးစပ်သူတဦးအား ဒွါရာဝတီက ဆက်သွယ်မေးမြန်းခဲ့ရာ “ကာယကံရှင်တွေနဲ့ တာဝန်ရှိသူတွေ ညှိနှိုင်းပြီး အကောင်းဆုံးလုပ်ပါလိမ့်မယ်၊ ကမ်းခြေပွဲပြီးအောင် သည်းခံပြီး စောင့်ပေးကြဖို့ ပြောထားလိုက်ပါ၊ ဒီကြားထဲ အခြေအနေပေးရင်တော့ အချိန်စောပြီး ဝမ်းသာကြရပါလိမ့်မယ်”ဟု ပြန်လည်အကြောင်းပြန်ခဲ့သည်။

အဆက်အသွယ်ပြတ်တောက်နေသည့် လက်ကျန်အကျဉ်းသားတဦး၏ သမီးဖြစ်သူက “ကယ်ထုတ်သွားပြီး သူတို့ခဏခေါ်ထားတယ်ဆိုရင်တော့စိတ်အေးပါတယ်၊ အဆက်အသွယ် တခုခုလောက် ရစေချင်တာပါ”ဟု ပြောသည်။

သံတွဲတိုက်ပွဲများစတင်ခဲ့ပြီး ၃လစွန်းစွန်းအကြာတွင် သံတွဲမြို့သည် ဇွန်လ ဒုတိယပတ်အတွင်း အာဏာသိမ်းစစ်ကောင်စီ ကင်းစင်နယ်မြေဖြစ်ခဲ့သည်။ ငပလီကမ်းခြေတောင်ဘက်စွန်း ရပ်ကွက်များတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်လျှက်ရှိသည်။

ဓာတ်ပုံ- သံတွဲအကျဉ်းထောင်ရှေ့။

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button