“စစ်ရှောင်ဘေးရှောင်တဦးရဲ့ အတိုဆုံးဝတ္ထု”

စစ်ရှောင်တွေအတွက် တိုက်ခန်းအငှား/ အိမ်အငှားတွေမှာ လူကြီး မပါရ၊ ကလေး မပါရ၊ ၃ ယောက်ထက်မပိုရ၊ ကန့်သတ်လူဦးရေထက်မပိုရတို့တွေ့ရင် ဝမ်းနည်းစိတ်၊ နာကျင်စိတ်၊ ခံပြင်းစိတ်တွေသိပ်ဖြစ်ရတယ်။
ရှောင်လာရတဲ့သူတွေဟာ ကိုယ့်အိမ် ကိုယ်ယာ အိမ်ကြီးရက်သာနဲ့ လူတွေချည်းပါပဲ။ အခြေမဲ့ အနေမဲ့သူတွေမဟုတ်ပါဘူး။ အိမ်ခြေရာမဲ့တွေမဟုတ်ပါဘူး။ ပျော်လို့ရှောင်လာတာလည်းမဟုတ်သလို ပျားရည်ဆမ်းခရီးထွက်ခဲ့တာလည်းမဟုတ်ပြန်ဘူး။
ကိုယ့်အိမ်ရာအကောင်းစား၊ ပရိဘောဂအစုံအလင်နဲ့ အိမ်အကောင်းကြီးတွေကိုစွန့်ပြီး ပြေးလာခဲ့ကြရသူတွေပါ။ ကိုယ့်နေရာမှာ နေမရလို့သာ ခြံဝန်းကျယ် အိမ်အကျယ်ကြီးတွေကိုထားခဲ့ပြီး မီးခြစ်ဆံဘူးပမာတွေမှာ ခိုနားဖို့လာရတာ။
မိသားစုနဲ့ပြေးကြသူတွေဆိုမှတော့ အသက်ကြီးအဖိုးအဖွားကစလို့ အသေးပိစိထိ အိမ်ရှိလူအကုန်ပြေးကြတာလေ။ စိတ်ပျော်လွန်းလို့ထွက်လာသူတွေမဟုတ်
စိတ်ဒဏ်ရာတွေရာတွေနဲ့ပြေးခဲ့သူတွေပါ။
ကိုယ့်နေရာကို တစ်ဖျာ တစ်ကွက် တစ်လက်မလည်း တ သ နှမြော စုံမက်မောသူတွေပါ။ သွေးနှင့်ချွေးနှင့် အဆင့်ဆင့်ဆက် အဆက်ဆက်ပေးဆပ်ပြီး
ရှာခဲ့တဲ့ဥစ္စာတွေကို စွန့်ခဲ့ရသူတွေပါ။
“၂ ယောက်ပဲရမယ်” ၊ “၃ ယောက်မရဘူး” ၊ “လူငယ်ပဲနေလို့ရမယ်” ၊ ” လူကြီးနေလို့မရဘူး” ၊ ” အိမ်မွေးတိလေးတွေခေါ်မရဘူး” ၊ “ကလေးပေါက်စတွေ မရဘူး” ဆိုတော့ မိသားစုတစ်စုထဲက ဒီအရာတွေကို…..
ဘယ်မှာလွှင့်ပစ်ကြရမလဲ။
ဘယ်နေရာမှစွန့်ပစ်ကြရမလဲ။
ကိုယ့်နေရာမှာ နေမရလို့သာ သူများနေရာ ပြေးခဲ့ကြသူတွေပါ။
နေလို့ရသရွေ့ နေခဲ့ကြသူတွေချည်းပါပဲ။
နေလို့ရတာနဲ့ ချက်ချင်းပြန်မယ့်သူချည်းပါပဲ။
ဒါဟာ ကမ်းမြောင်ရခိုင်ဒေသကလူတွေအပါအဝင်
ဟိုးအထက်ဖျား ရှမ်းရိုးမနားကလူတွေရဲ့စိတ်လည်း
ထပ်တူရှိနေကြမှာပဲ။
စစ်ရှောင်ဆိုရင်ကြည့်တဲ့အကြည့်
ပြောတဲ့အပြောတွေရဲ့ ဒဏ်။
အငှားပွဲစားတွေရဲ့ ဒဏ်။
မျက်နှာငယ်ကြရတဲ့ ဒဏ်။
ငမွဲတွေလိုကြည့်ခံရတဲ့ ဒဏ်။
ဒဏ်ပေါင်းများစွာနဲ့ ကံ။
ကံကြမ္မာရဟတ် တစ်ဖန်ပြန်ပတ်တတ်ပါတယ်။
အခုအေးနေပေမယ့် သိပ်မကြာခင်ပူနိုင်တယ်။
ဒီနေ့အေးပေမယ့် မနက်ဖြန်ပူနိုင်တယ်။
အလှည့်အပြောင်းဆိုတာခဏတာပါပဲ။
သမုဒ္ဒရာ ရေမျက်နှာထက်
ခဏတက်သည့် တစ်သက်လျာပါပဲ။
အပြောမှာသာ လက်သည်းဆိတ် လက်ထိပ်နာသတဲ့။ လက်တွေ့မှာတော့ လက်သည်းကိုဆိတ်တဲ့ အပြင် လက်ကိုပါလိမ်ချိုးသလိုပါပဲ။
တကယ်တော့ လက်ထိပ်နာပေးစရာမလိုပါဘူး
လက်ကိုမချိုးပစ်ရင်ကိုကျေးဇူးတင်နေပါပြီ။
ဒီနေ့ဒီနေရာဟာ ငြိမ်ပေမယ့် မနက်ဖြန်တော့ပြောင်းလဲနိုင်တယ်။
ဒီနေ့ ပြေးလာသူတွေကို ဂုတ်သွေးစုပ်ပေမယ့် မနက်ဖြန်တော့ ကိုယ်လည်းအဲ့လိုအခြေရောက်နိုင်တယ် အလှည့်အပြောင်းဆိုတာရှိစမြဲ။
လံကဓော လောကဓံမှာ ပျော်ပျော်ကြီးတွေ့ကြရစမြဲမို့
စောင့်မျှော်ကြတာပေါ့။
၁၁/ သတန(နိုင်) စစ်ရှောင်တဦး
//ပြင်ပစာမူရှင်တဦး၏ စစ်ရှောင်ခံစားမှုကို ဒွါရာဝတီက ဖော်ပြအပ်ပါသည်//