“စာမူများ ဖိတ်ခေါ်ခြင်း”

ဇူလိုင် ၂၇၊ ၂၀၂၅။
ဒွါရာဝတီသတင်းဌာနသည် ဒေသလူထုအတွက် အရေးကြီးသည့် သတင်းအချက်အလက်များကို တင်ပြနိုင်ရန် ဒေသချစ်စိတ်ရှိသော သတင်းသမားများစုပေါင်းတည်ထောင်ကာ ရခိုင်ပြည်တောင်ဘက်ခြမ်းရှိ တောင်ကုတ်၊ သံတွဲ၊ ကျိန္တလီ၊ ဂွမြို့နယ်များကို အထူးပြုဖော်ပြနေသည့် လူထုသတင်းဌာနဖြစ်သည်။
စစ်ကောင်စီလက်အောက်တွင်နေထိုင်ရစဉ်နှင့် စစ်ဖြစ်ပွားနေစဉ်ကာလအတွင်း ဒေသတွင်းသတင်းများကို တစိုက်မတ်မတ်ရေးသားဖော်ပြကာ၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများနှင့် လူထု၏ အခက်အခဲ အကြပ်အတည်းများကို မီးမောင်းထိုးပြနိုင်ခဲ့သည့် ဒေသတွင်း သတင်းဌာနတခုဖြစ်သည်။

စစ်ကောင်စီကင်းစင်သွားသည့်နောက်ပိုင်းတွင် အင်တာနက်နှင့် တယ်လီဖုန်းများ ပြတ်တောက်သွားပြီး ဒေသအလိုက် သတင်းအချက်အလက်များ ရရှိနိုင်ခြင်း တဖြည်းဖြည်းရပ်တန့်ခဲ့သည်။ ဒေသတွင်းရှိ လူထုသတင်းအချက်အလက်သိရှိပိုင်ခွင့်များ ဆုံးရှုံးခဲ့ရသည်။
အလားတူ ဒွါရာဝတီလူထုအခြေပြုသတင်းဌာနကို အစဉ်တစိုက် သတင်းရေးသားပေးပို့နေသော လူထုသတင်းသမားများကလည်း နေရာအနှံ့ပြန့်ကျဲကာ စစ်ဘေးမှတိမ်းရှောင်ကြရခြင်း၊ လက်နက်ကြီးထိမှန်ကာ နေအိမ်နှင့် ကျွဲနွားပျက်စီးဆုံးရှုံးခြင်းများ ရင်ဆိုင်ခဲ့ရသည်။ လက်နက်ကြီး၊ လက်နက်ငယ်များကြားမှ ဒေသတွင်းသတင်းများကို အားသွန်ခွန်စိုက် ရေးသားပေးပို့ခဲ့ကြသည့် မြေပြင်သတင်းထောက်၊ အယ်ဒီတာအချို့နှင့် သတင်းဌာနကြား အဆက်အသွယ်ပြတ်တောက်ခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။
အချို့ လူမှုဘဝ သတင်းအချက်အလက်များကို လက်ခံရရှိသော်လည်း မြေပြင်လုံခြုံရေးနှင့် အုပ်ချုပ်ရေး လုပ်ငန်းများကို အကောင်အထည်ဖော်ရာ၌ တစုံတရာ အဟန့်အတားဖြစ်စေနိုင်ခြင်း၊ အချို့ အချက်အလက် များကို ထပ်မံအတည်ပြုနိုင်ရန် အခက်အခဲကြုံရခြင်းတို့ကြောင့် သတင်းများကို အချိန်နှင့်တပြေးညီဖော်ပြနိုင်ရန် အခက်ကြုံခဲ့ရသည်။
ယခုအခါ မြေပြင်ရှိ အချို့သော လူမှုဘဝများ၊ လူထုနှင့် တိုက်ရိုက်သက်ဆိုင်သောကိစ္စရပ်များကို သတင်းစာပညာ၊ ကျင့်ဝတ်စံနှုန်းများနှင့်အညီ ဆက်လက်ရေးသားတင်ဆက်သွားနိုင်ရန် အယ်ဒီတာအဖွဲ့က ကြိုးပမ်းလျှက်ရှိပါသည်။
သို့ဖြင့်ပါ၍ သံတွဲ၊ တောင်ကုတ်၊ ကျိန္တလီ နှင့် ဂွ မြို့နယ်များတွင်ဖြစ်ပေါ်နေသည့် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စစ်ဘေးစစ်ဒဏ်ကြောင့် ဒေသခံများ ရင်ဆိုင်နေရသည့် လူမှုအခက်အခဲများနှင့် သတင်းအချက်အလက်များကို ပေးပို့နိုင်သကဲ့သို့ သတင်းနှင့် ဆောင်းပါးရေးပို့ခြင်းများ ကိုလည်း ဒွါရာဝတီသတင်းဌာနက လက်ခံသွား မည်ဖြစ်ပါသည်။
မြေပြင်က ရေးသားပေးပို့လာသည့် သတင်းနှင့် ဆောင်းပါးများအတွက်လည်း မများလှသော စာမူခ (ဥာဏ်ပူဇော်ခ)ကို ချီးမြှင့် ပေးသွားမည်ဖြစ်ပါသည်။
ဆောင်းပါးများ ပေးပို့ချင်သူများသည် သံတွဲ၊ တောင်ကုတ်၊ ကျိန္တလီ၊ ဂွ စသည့်မြို့နယ်များနှင့်သက်ဆိုင်သော လူမှုဘဝများ၊ အမှတ်တရများ၊ အက်ဆေးများ၊ အတွေးအမြင်စာစုများကို ပေးပို့နိုင်ပါသည်။
ရွေးချယ်ခံရသည့် စာမူများကို ဒွါရာဝတီသတင်းဌာန၌ ဖော်ပြသွားမည်ဖြစ်ပြီး မရွေးချယ်သည့်စာမူများကိုလည်း မရွေးချယ်သည့်အကြောင်း ပြန်လည်အကြောင်းပြန်သွားမည်ဖြစ်ပါသည်။
သတင်းနှင့်ဆောင်းပါးများပေးပို့သူများသည် ဒွါရာဝတီ၏ အီးမေးလ်ကဖြစ်စေ၊ Facebook Page မက်ဆင်ဂျာကဖြစ်စေ နာမည်အရင်းနှင့်အတူ ဖော်ပြစေလိုသည့် ကလောင်အမည်ကိုပါ တပါတည်း ပေးပို့ရမည်ဖြစ်ပါသည်။ ပေးပို့လာသည့် လူကြီးမင်း၏ အချက်အလက်များလုံခြုံမှုရှိစေရန် ဒွါရာဝတီ သတင်းဌာနက တာဝန်ယူပါသည်။
မိမိတို့ အရပ်ဒေသအလိုက် လူထုနှင့် သက်ဆိုင်သော၊ အများအကျိုးအတွက် ထုတ်ဖော်တင်ပြရန်လိုအပ်သော သတင်းနှင့် ဆောင်းပါးများကို ယုံကြည်လွတ်လပ်စွာ ပေးပို့နိုင်ကြောင်းကိုလည်း ဒွါရာဝတီသတင်းဌာနက ထပ်လောင်းတိုက်တွန်းလိုပါသည်။
ဒွါရာဝတီ လူထုအခြေပြု သတင်းဌာန အယ်ဒီတာအဖွဲ့။



Your point of view caught my eye and was very interesting. Thanks. I have a question for you.
Can you be more specific about the content of your article? After reading it, I still have some doubts. Hope you can help me.