EssayLifestyle

ပွဲတော် (အက်ဆေး)

//မီးခိုးမြူ//

ဒွါရာဝတီ၊ စက်တင်ဘာ ၄၊ ၂၀၂၄။

ပွဲတော်တွေမှာ ရနံ့တွေရှိတယ်ဆိုတာ မိတ်ဆွေ သိပါသလား။ ဒီနေ့တော့ မိတ်ဆွေကို ကျွန်တော်နဲ့အတူ ပွဲတော်ဆီ အတူသွားဖို့ ဖိတ်ခေါ်ပါတယ်။ ပွဲတော်ရဲ့ ရနံ့လို့ ယေဘုယျဆိုလိုက်ပေမဲ့ တကယ်တော့ ပွဲတော်တွေမှာ မြင်ကွင်းတွေရှိတဲ့အပြင် အသံဗလံတွေလည်း ရှိပါသေးတယ်။

ပွဲတော်တွေက လူတွေကို ရွှင်မြူးစေတယ်။ မျှော်လင့်ချက်တွေ သယ်ဆောင်လာပေးတယ်။ မိသားစုတွေကို ဆုံစည်းစေတယ်။ စိတ်လက်ပေါ့ပါးမှု ။ ပျော်ရွှင်ကြည်နူးမှုတွေကို ပေးတယ်။ ရှေးခေတ်ပွဲတော်တွေနဲ့ အခုခေတ်ပွဲတော် ဘာတွေ ဘယ်လိုကွာခြားသွားပြီထင်ပါသလဲ။ ကျေးလက်နဲ့ မြို့ပြပွဲတော်တွေကရော တူညီကြရဲ့လား။ ပွဲတော်လာသူတွေ ပွဲတော်အပေါ် အာရုံတိမ်းညွှတ်မှုက ဘယ်လိုရှိနေသလဲ။

အဲဒီမေးခွန်းတွေက ပွဲတော်တွေကို စိတ်ဝင်စားသူတွေအနေနဲ့ စိတ်ဝင်စားဖွယ်မေးခွန်းတွေပါပဲ။ မြန်မာစာရေးဆရာတွေက ပွဲတော်တွေအကြောင်း မမေ့မလျော့ မှတ်တမ်းတင်ခဲ့ကြပါတယ်။ ဒေါက်တာမောင်ဖြူးက  မရွှေဖဲကဗျာနဲ့ ဘုရားပွဲအကြောင်းရေးခဲ့တယ်။ သတင်းစာဆရာမကြီး လူထုဒေါ်အမာကလည်း အညာကပွဲတော်တွေအကြောင်း ဆယ့်နှစ်ပွဲဈေးသည်ဆိုပြီး ရေးသား ထုတ်ဝေခဲ့တယ်။

ဘယ်သွားနေလဲ မရွှေဖဲ ဘုရားပွဲကို လှည်းနဲ့ဆို ဘာဝယ်ခဲ့လဲ မရွှေဖဲ ပင်နီအင်္ကျီ ‌ယောထဘီ ဘာစားခဲ့လဲ မရွှေဖဲ ကြာဇံလက်သုပ် မုန့်ဖက်ထုပ် စက္ကူတကျပ် ငွေတမတ် ဘာမြင်ခဲ့လဲ မရွှေဖဲ ဈေးသည် ဈေးဝယ်စုံလို့ကွယ်။

ပွဲတော်တွေအကြောင်း ရေးဖွဲ့ကြရာမှာ တေးရေးတေးဆိုတွေကိုလည်း ချန်ထားလို့ မရပါဘူး။ ရေနံ့သာဝင်းမာင် ရေးစပ်သီကုံးပြီး အဆိုတော်တွေ ဆိုခဲ့‌တဲ့တေးသီချင်းက “အတူတွဲကာ” ဖြစ်ပါတယ်။ အခုချိန်ထိ အကြောင်းတိုက်ဆိုင်တိုင်း ကျေးလက်ကလူတွေပါးစပ်ဖျားမှာ ရေပန်းစားနေဆဲ တေးသီချင်းတပုဒ် ဖြစ်ပါတယ်။ မောင်ရေသွားကြစို့××× ကျွန်မတို့ရဲ့အညာ××× ဆူးလေကစူး××× လေပွေရူးတွေ×× တဟူဟူးတိုက်တဲ့ အချိန်များမှာ××× ထနောင်းပွင့်တွေ××× ဝေဝေဆာ××× တပေါင်းရောက်ပြီ နွေခါ×××ချောင်းတလျှာက်ဆီ ရေကြည်ဖြာ××× ရေနံစင်ကြီးများနဲ့ ××× မီးမငြိမ်းမြို့တော် ပျော်စရာ ရေနံ့သာ××× မေရေ လိုက်လို့ပို့မယ်××× မောင်တို့ရဲ့အညာ ××× ပုပ္ပါးတောင်ကြီး ညို့ညို့မှိုင်း ××× ရှုတိုင်းလှတဲ့ ဒီနေရာ/×××ထန်းတောကြီးတွေ အုံးမှိုင်းဖြာ××× လှည်းတန်းခရီးရှည် ဖြောင့်ဖြူးစွာ××× သာယာဖွယ်ကောင်း××× နေရာ‌ဟောင်းကို××× အောက်မေ့လို့ ×××တခေါက်တခါ ××× သွားဖို့ပြင်ပါ××× ပို့ဖို့ဝန်တာ××× မောင့်အတွက်သာ ထားပါ။ ဒီနှစ်အညာ  နွေဦး အခါ ××× နှစ်‌ယောက်တွဲကာ××× အတူသွားမှာ။ မင်းဘူးက ရွှေစက်တော် ××× ဖူးချင်ပါတယ်××× မောင်လိုက်ပို့ပါ××× တန်ခူးလရဲ့ ဒီပွဲတော်××× ပျော်စရာကောင်းတယ်××× မောင်လို့ပို့မှာ××× မကွေး မြသလွန် ကျောင်းတော်ရာ×××သွားရောက်ကာ××× ဖူးမြော်မြင်ပါ××× မုန်းချောင်းကို ကျော်တဲ့အခါ××× ရောက်ပါတော့မယ်××× ကျွန်မတို့ ကုန်းဇောင်းရွာ။ ဒီနှစ်အညာ××× နွေဦးအခါ××× နှစ်ယောက်တွဲကာ ××× အတူသွားမှာ …။

ပွဲတော်တွေကို မြန်မာလူ့အဖွဲ့အစည်းမှာ ပွဲလမ်းသဘင်ရယ်လို့ ဝိဂြိုလ်ပြုကြတယ်။ ပွဲတော်တွေမှာ သဘင် ဂီတ သုခုမ ပါရမယ်ဆိုတဲ့ သဘောမျိုးပါပဲ။ မြန်မာတွေကိုယ်တိုင်ကလည်း ပွဲကြိုက်တဲ့ လူမျိုးပေကိုး။ ရုပ်သေးပွဲနဲ့ နတ်ကနားပွဲ ကြည့်ခဲ့တဲ့ နိုင်ငံခြားသားတယောက်ရဲ့ မှတ်ချက်ကလည်း လူမျိုးရဲ့ ဓလေ့စရိုက်နဲ့ ကွက်တိပါပဲ။ သူ့မှတ်ချက်က ဒီလိုပါ။ ရုပ်သေးပွဲကိုကြည့်ပြီး သူ့မှတ်ချက်စကားက ” အရုပ်‌တွေက လူတွေကို  ကပြလိုက်။ လူတွေက အရုပ်တွေကို ကပြလိုက်။ တော်တော်ပျော်တတ်တဲ့ လူမျိုးပဲနော်” တဲ့။

မြန်မာလူ့အဖွဲ့အစည်းက ပွဲကြိုက်တာတော့ အမှန်ပါပဲ။  ဘုန်းကြီးပျံလွန်တော်မူတာတောင် ပွဲထည့်ပြီး ဧယဉ်ကျူးကြလေ့ရှိတယ် မဟုတ်လား။ တခါတရံများ ဧယဉ်ကျူးပြီးတာတောင် ပွဲကြည့်တာ အားမရတဲ့အခါ အရိုးကောက်ပွဲရယ်လို့ ပွဲထည့်ကြတာတွေလည်း ရှိတတ်တယ်။

အရင်ခေတ်ကဆိုရင် အလှူအောင်ပွဲလည်း ပွဲထည့်။ တိုက်တက် အိမ်တက်လုပ်လည်း ပွဲထည့်။ ကလေး ရက် ၁၀၀ ပြည့်လည်း ပွဲထည့်တတ်ကြသေးတယ်။  ဆိုက်ကားလေးငါးခြောက်စီးလောက်ရှိတဲ့ ဂိတ်ကလည်း ကထိန်ရောက်ရင် ပွဲလေးလမ်းလေးထည့်ပြီး ဧည့်ခံလိုက်ရမှ။ ဆယ်တန်းစာမေးပွဲအောင်ရင်တောင် အိမ်ရှေ့လမ်းမပေါ် ဗီဒီယို မိုးအလင်းပြပြီး ပွဲခံကြသေးတာကလား။

ပွဲတော်တွေမှာ ရနံ့တွေရှိတယ်လို့ တစုံတစ်ယောက်က ပြောလာရင် လက်ခံယုံကြည်လိုက်ပါ။ ပွဲတော်ရဲ့ ရနံ့တွေထဲမှာ ရေမွှေးနံ့ ။ မိတ်ကပ်နံ့။ ပေါင်ဒါနံ့။ ချွေးနံ့။ မုန့်ဆိုင်တန်းက ထွက်လာတဲ့ ညှော်နံ့။ ယမကာနံ့။ စတဲ့အနံ့ပေါင်းစုံက ကြိုင်လှောက်နေတတ်တယ်။ ဇွန်ပန်းရနံ့။ ဆေးလိပ်မီးခိုးနံ့  ပရုပ်လုံးနံ့တွေ သင်းတဲ့အခါ လည်း ရှိတာပေါ့။

ရနံ့တွေအပြင် အသံဗလံပေါင်းစုံလည်း ကြားရနိုင်ပါသေးတယ်။ ဈေးသည်တွေရဲ့ အလုအယက် ဈေးဝယ်ခေါ်သံတွေ။ ချားရဟတ်သမားတွေရဲ့ ကပ်စတန်မှာ ဖိတ်ခေါ်သံ။ စတိတ်စင်ပေါ်က ပွဲတော်လုံခြုံရေးအဖွဲ့ရဲ့ ဥပဒေကဲ့သို့ အာဏာတည်စေမယ့် အမိန့်တွေကလည်း အသံချဲ့စက်ကနေတဆင့် ပွဲတော်အတွင်းပျံ့နှံ့နေတယ်။

ဆေးမင်ကြောင်စက်သံ တဒီဒီ။ ကြံရည်ကြိတ်စက်သံ တဒုန်းဒုန်း။ လိဂ်ဂစ်တာသမားရဲ့ လက်စွမ်းပြသံ တဂွီဂွီလည်း ကြားရနိုင်သေးတာပေါ့။ ပွဲတော်တွေကို ကလေးလူကြီး။ ယောက်ျား မိန်းမ အယုတ်အလတ် အမြတ်မရွေး အားလုံးနီးပါးက စိတ်ဝင်စားကြတယ်။

ပွဲတော်လာကြသူတွေမှာ တူညီတဲ့ ဘုံသဘောတူညီချက်လည်း ရှိကြတယ်။ အဲဒါက ဘာလည်းဆိုရင် လွတ်လပ်ကြည်နူး ပျော်ရွှင်လိုစိတ်နဲ့ ပွဲတော်ကို ဖြတ်သန်းချင်ကြတာပါပဲ။ မပျော်ရွှင်ရတာ ကြာတဲ့အခါ ပျော်ရွှင်ကြည်နူးခဲ့ဖူးတဲ့ ပွဲတော်တွေကို အောက် မေ့တမ်းတကြတယ် မဟုတ်လား။ ပျော်ရွှင်ခြင်းက လူတိုင်းနဲ့ ထိုက်တန်ပါတယ်။ လာမယ့် ပွဲတော်မှာ ကျနော်တို့အားလုံး တူတူပျော်ကြသေးတာပေါ့။

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button