EssayLifestyle

စစ်ဘေးထဲက အိမ်ကလေး

ဒွါရာဝတီ၊ ဖေဖော်ဝါရီ ၁၀၊ ၂၀၂၅။

ပြီးခဲ့တဲ့ လအနည်းငယ်က ကမ္ဘာ့အနောက်ဘက်အခြမ်းမှာရှိတဲ့  အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ်၊ လူချမ်းသာတို့ မြို့ကြီးတမြို့မှာ တောမီးကြောင့် အိုးအိမ်တွေ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြတယ်။

အာမခံစနစ်ကောင်းတွေရှိတဲ့ စူပါပါဝါ နိုင်ငံကြီးတခုက မီးဘေးသင့် သူဌေးကြီးတွေကို ကြည့်ပြီး သူတို့တွေရဲ့ ဆုံးရှုံးမှုတွေကို သူတို့ ပြန်ရမယ်၊ သူတို့အတွက် စိတ်ပူပင်သောက ရောက်စရာ ထွေထွေထူးထူးမရှိပါဘူးလို့ ကျမတွေးခဲ့မိတယ်။

အဲ့ဒီတောမီးကြီး အဆုံးသတ်သွားတော့ မြို့သူမြို့သားတွေဟာ သူတို့အိမ်တွေကို ပြန်လာကြည့်ကြတယ်။ မီးလောင်ပြာကျနေတဲ့ အိမ်ကြီးတွေကြားမှာ တစိတ်တပိုင်းကျန်နေတဲ့ ပစ္စည်းလေးတွေကို ကိုင်တွယ်ကြည့်ရှုကြ၊ မျက်ရည်မဆည်နိုင်ဖြစ်ကြရတဲ့ မြင်ကွင်းတွေကို အင်တာနက်ပေါ်မှာ မြင်ရတွေ့ရတယ်ပေါ့။

လူမှုဖူလုံရေးစနစ်တွေ၊ လူသားချင်းစာနာထောက်ထားမှုတွေ၊ ပြန်လည်ထူထောင်ရေးအတွက် အဘက်ဘက်က စိတ်ပူစရာ မရှိသလို၊ သူတို့လို လူကို လူလို တန်ဖိုးထားတဲ့ ဖွံ့ဖြိုးပြီး တိုင်းပြည်ကြီးတွေမှာ ဒီလိုဆုံးရှုံးမှုတွေ ကြောင့် စိတ်ပူပင်စရာ မလိုဘူးလို့ တွေးခဲ့တဲ့ ကျမ ရုတ်တရက် ဆွံ့အသွားတယ်။

အိမ်ဆိုတာကို ရုပ်ဝတ္တုပိုင်ဆိုင်မှုတခုအဖြစ် လွယ်လင့်တကူတွေးမိလိုက်တဲ့အတွက် ဆုံးရှုံးရသူတွေကို အားနာစိတ်ကဖျတ်ကနဲ ပေါ်လာတယ်။

တဆက်တည်း စစ်ဘေးဒဏ်ခံ သံတွဲမြို့ကလေးမှာကျန်နေခဲ့တဲ့ ကျမတို့အိမ်ကလေးကို အောက်မေ့ လွမ်းဆွတ် စိတ်က ရင်ထဲကို တိုးဝင်လာတယ်။

“နင်တို့အိမ်ဘေးကို လေကြောင်းဗုံးကြဲလို့ အိမ်ခေါင် ပေါက်သွားတယ်၊ ဘေးခြံက ၂ အိမ်ကတော့ သိသိကြေ သွားတယ်၊ နောက်တနေ့ ထပ်ကြဲတာမှာ အရှိန်နဲ့ အိမ်အောက်ထပ် ပြတင်းပေါက်က မှန်တွေ အကုန်ကွဲသွား တယ်” ဆိုတဲ့ သံတွဲကလာတဲ့ သတင်းစကားက နားထဲ ထပ်တလဲလဲ ပြန်ကြား ယောင်မိတယ်။

ကျမတို့အိမ်ကို တည့်တည့်မထိသေးလို့ တအိမ်လုံး မဆုံးရှုံးသေးပေမယ့် သံတွဲမြို့သိမ်းတိုက်ပွဲ ကာလကတည်းက အခုချိန်ထိ နှစ်ဝက်ကာလအတောအတွင်း အိမ်ပတ်လည် ၄ နေရာလောက်က လက်နက်ကြီးကျည်၊ လေကြောင်းဗုံးဒဏ် ကျခဲ့ဖူးပါပြီ။

ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေက အစိုးရရဲ့ စနစ်ကောင်းတွေကြောင့် နိုင်ငံသားတွေမှာ အိမ်တလုံး ပိုင်ခွင့်ရဖို့ဆိုတာ လွယ်ကူချောမွေ့ပေမယ့် ဆင်းရဲတွင်းထဲက ကျမတို့ တိုင်းပြည်မှာတော့ ခက်ခဲလွန်းပါတယ်။

မိဘအမွေကျန်ခဲ့လို့ အသင့်တက်နေလို့ရတဲ့အိမ်ဟာလည်း မိဘဘိုးဘေးတွေရဲ့ ခွန်အားတွေ၊ လုပ်အားတွေ၊ ချွေးတွေနဲ့ တည်ဆောက်ခဲ့ကြရတယ်။ ကိုယ့်ခွန်ကိုယ့်အားနဲ့ ဖန်တီးရတဲ့ အိမ်တလုံးရဖို့ဆိုတာ လူ့သက်တမ်း ထက်ဝက်မက ကြိုးစားကြရတယ်။ တချို့က လူ့သက်တမ်း တလျှောက် အိမ်တလုံး၊ မြေတကွက် ပိုင်ဆိုင်ခွင့် မရှိခဲ့ကဘဲ လူ့လောကထဲက ပြန်ထွက်သွားကြတဲ့  ရင်နာစရာဘဝတွေလည်း ရှိကြတယ်။

ကျမငယ်ဘဝမှာ အဘိုးအဘွားပိုင်အိမ်မှာ နေခဲ့ဖူးတာကလွဲရင်  ကိုယ်ပိုင်အိမ် မရှိခဲ့ဖူးပါဘူး။ ကျမ အဖေက အမြဲပြောလေ့ရှိတယ်။ “မသေခင် တလုံးဆောက်သွားခဲ့ချင်သေးတယ်” တဲ့။ သူပြောချင်တာက အိမ်တလုံးပိုင်ချင် တယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။

အခု သံတွဲမှာ လူသူကင်းမဲ့ကျန်နေခဲ့တဲ့ ကျမတို့အိမ်ကလေးက ကျမ မိဘတွေ အသက် ၆၀ ကျော်မှ ဆောက်နိုင်ခဲ့တဲ့အိမ်ပေါ့။ ငွေကြေးချောင်လည်သူတွေ၊ လူချမ်းသာတွေအတွက် အိမ်တလုံးကို လပိုင်းအတွင်းမှာ အပြီးဆောက်နိုင်ကြပေမယ့် ကျမတို့မိသားစုက အဲဒီအိမ်လေးကို ၂ နှစ်၊ ၃ နှစ်မက ဆောက်ခဲ့ကြရတယ်။

အိမ်အတွက်လိုအပ်တဲ့အရာတွေကို တကြိမ်တည်း မဝယ်နိုင်တဲ့အတွက် ကာလတခုပြီးတခု ခေါင်မိုးဝယ်လိုက်၊ အုတ်ဝယ်လိုက်၊ သစ်ဝယ်လိုက်နဲ့ ခြတောင်ပို့လို စုဆောင်းပြီးဆောက်ခဲ့ရတယ်။ အခုထိလည်း အလုံးစုံ မပြီးသေးပါဘူး။ ပြူတင်းတံခါးရွက်တွေ မတပ်နိုင်သေးဘူး။ ဒီတိုင်း မာလွန်စလေးနဲ့ ပိတ်ပြီး ကာထားရတုန်း။ အိမ်နောက်ဖေး ရေချိုးခန်းအိမ်သာဆိုတာ အကြမ်းထည်ပဲရှိသေးတယ်။

အိမ်အောက်ထပ်ကြမ်းပြင်က ကြွေပြားတွေက ကျမလုပ်အားခ၊ စော်ဘွားကြီးကုန်းဝင်းထဲက ကြွေပြားဆိုင်မှာ မျက်စိအေးစေမယ့် အရောင်လေး သေချာရွေးဝယ်ခဲ့တာ။ 

စစ်ကောင်စီ လေကြောင်းဗုံးကြဲတဲ့ဒဏ်နဲ့ ဗုံးစစင်ပြီး ပေါက်သွားတဲ့ အဲဒီအိမ်ခေါင်မိုးဟာ ကျမရဲ့ လုပ်အားခနဲ့ ဝယ်ခဲ့တဲ့ အိမ်ခေါင်မိုး။ နောက်တကြိမ် လေကြောင်းဗုံးအရှိန်ကြောင့် အိမ်အောက်ထပ် က ကွဲသွားတဲ့ မှန်ပြူတင်းက ကျမအဖေရဲ့ လုပ်အားခနဲ့ ဝယ်ခဲ့တာ။ အိမ်ကြမ်းပြင်မှာ ခင်းထားတဲ့ သစ်တွေ၊ ကာထားတဲ့ သစ်တွေက ကျမ အမေနဲ့ အဖေရဲ့ တသက်လုံး စုဆောင်း ထားတဲ့ ငွေတိုငွေစလေးတွေနဲ့ ဝယ်ထားတာ။

ကိုဗစ်နဲ့ စစ်အာဏာရှင်လက်တဆုပ်စာနှိပ်စက်လို့  အချောမသပ်နိုင်သေးတဲ့ အိမ်ကလေးဟာ အခုတော့ ဘယ်ချိန် လေကြောင်းဗုံးကြဲထပ်ခံရမယ်မှန်းမသိတဲ့ အရပ်မှာ။

အဲဒီအိမ်ကလေးမှာ အမှတ်တရတွေအများကြီးရှိခဲ့တယ်။ အဲဒီအိမ်ကလေးမှာ ကျမငယ်ငယ်က ဝတ်ခဲ့ဖူးတဲ့ အနွေးထည်လေးတွေ၊ ကျမငယ်ငယ်ကရေးခဲ့ဖူးတဲ့ ဒိုင်ယာရီစာအုပ်လေးတွေ၊ ကျမငယ်ငယ်က မုန့်ဖိုးနဲ့ တအုပ်ချင်း ဝယ်စုခဲ့တဲ့ စာအုပ်စာပေတွေ၊ ကျမ တက္ကသိုလ်တက်တုန်းက အဝတ်ထည့်တဲ့ သေတ္တာလေး စတဲ့ ပြန်အစားထိုးလို့ မရတဲ့ အမှတ်တရတွေအကြောင်း ခေါင်းထဲရောက်လာတဲ့အခါ လော့စ်အိန်ဂျယ်လိစ်မြို့က တောမီးဒဏ်သင့် သူဌေးကြီးတွေရဲ့ နှမျောတသမှုတွေကို သိနားလည်သွားတယ်။

လေကြောင်းဗုံးကြဲမှုကြောင့် ခေါင်မိုး ပေါက်ရုံ၊ မှန်ပြူတင်းတံခါးကွဲရုံလောက်နဲ့ ကျမ ဒီလောက်နှမျောရင် အိမ်တအိမ်လုံး အရိုးပြိုင်းပြိုင်းကျန်ခဲ့တဲ့ အိမ်တွေရဲ့ အိမ်ရှင်တွေဟာလည်း သူတို့ ဘဝတလျှောက် ရုန်းကန်တည်ဆောက်ခဲ့ရတဲ့ သူတို့အိမ်လေးတွေကို ဘယ်လောက်တောင် နှမျောတသ ယူကြုံးမရဖြစ်ကြရမလဲ။

သူတို့ဘဝတလျှောက် ပြန်မရနိုင်တော့တဲ့ မိသားစုဘဝ အမှတ်တရပေါင်းများစွာက လူမဆန်တဲ့ စစ်အာဏာရှင် တွေရဲ့ အမိန့်တချက်အောက်မှာ၊ တွေးတောဆင်ခြင်နိုင်စွမ်းကင်းမဲ့တဲ့ လိုက်နာသူတွေလက်မှာ အလုံးစုံပျက်စီး ကြေမွသွားကြတာပါ။

ဘယ်အစိုးရမကူ မကယ်နိုင်၊ ဘယ်အာမခံစနစ်ကောင်းမှ မရှိတဲ့ တိုင်းပြည်မှာ စစ်ဘေးစစ်ဒဏ်ခံရတဲ့ ပိုင်ဆိုင်မှု တွေ၊ အိုးအိမ်တွေဟာ မျိုးဆက်နဲ့ချီ ပြန်လည်ထူထောင်ကြရဦးမှာ မဟုတ်ပါလား။ နောက်ထပ် အိမ်အသစ်တလုံး သာ ပြန်တည်ဆောက်လို့ ရမယ်၊ အဲ့ဒီအိမ်လေးတွေမှာရှိခဲ့တဲ့ အမှတ်တရကောင်းတွေကိုတော့ သူတို့ဘဝတသက် တာမှာ အပြီးတိုင်ဆုံးရှုံးလိုက်ရတာ မဟုတ်ပါလား။

ကိုယ်စွမ်းကိုယ်စနဲ့ ကိုယ့်မိသားစု၊ ကိုယ်မျိုးဆက် ကြိုးစားအားထုတ်မှုနဲ့တည်ဆောက်ထားတဲ့အိမ်မျိုးကို မပိုင်ဖူးတဲ့သူတွေကတော့ ဘယ်ကိုယ်ချင်းစာတတ်ပါ့မလဲလို့ ကောက်ချက်ချရမှာပါပဲ။

#သံတွဲ #အိမ် #လေကြောင်း #ဗုံးကြဲ #အမှတ်တရ #အက်ဆေး

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button