
သံတွဲ၊ စက်တင်ဘာ ၂၆၊ ၂၀၂၄။
ယနေ့နံနက်ပိုင်းတွင် သံတွဲမြို့အထွက်၊ ယခင် ၆၈ သစ်စက်ကြီးဝန်းအတွင်းရှိ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဆောက်အအုံသစ်အား စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အဆိုပါရုံးတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်ပြည်သူများသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ယနေ့နံနက် ၈နာရီဝန်းကျင်အချိန်တွင် စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်များအပါအဝင် အရပ်သား ၁၃ ဦးထက်မနည်းသေဆုံးကာ ၂၃ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Arakan Princess Media(APM)တွင် ဓာတ်ပုံများနှင့်တကွ ဖော်ပြထားသည်။
လေကြောင်းဗုံးကြဲမှုကြောင့် သေဆုံးသွားသူများမှာ မြို့နယ်ခန်းမတဝိုက်တွင် ဗုံးထိမှန်ကြခြင်း မဟုတ်ဘဲ၊ သံတွဲမြို့အထွက် စာနီတောင်ဂိတ်မျက်နှာချင်းဆိုင် (ဆင်စခန်းအသစ်တည်ထားရာ နေရာ)ရှိ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးရုံးတွင် ထိခိုက်သေဆုံးကြခြင်းဖြစ်ကြောင်း သံတွဲနှင့် အဆက်အသွယ်ရရှိခဲ့သူတဦးက ဒွါရာဝတီသို့ပြောသည်။

သူက “သိရသလောက် ပိန်းတောကြီး၊ ပိန်းတောလေးဘက်ကနေ စစ်ရှောင်လာကြတဲ့လူတွေ ခိုလှုံ နေကြတာကို ထိတာတဲ့၊ မြို့နယ်ခန်းမဘက်က အဆောက်အအုံပဲ ပျက်စီးတာ၊ အခု ကြည့်ရ သလောက် စစ်တပ်က အဆောက်အအုံအသစ်တွေ၊ အစိုးရရုံးတွေ၊ ဆေးရုံတွေကိုချည်း ဖျက်ဆီး နေတာပဲ”ဟု ပြောသည်။
Arakan Princess Media(APM)တွင် ဖော်ပြထားသည့် သတင်းဓာတ်ပုံများအရ သံတွဲရဲစခန်းရှေ့(ယခင်ဘောလုံးကွင်းဟောင်းနေရာ)တွင် တည်ဆောက်ထားသည့် မြို့နယ်ခန်းမ အဆောက်အအုံသစ်ကိုလည်း လေကြောင်းဗုံးကြဲခဲ့ပြီး အဆောက်အအုံတခုလုံး ပျက်စီးခဲ့သည်။
အဆိုပါမြို့နယ်ခန်းမသည် လူနေရပ်ကွက်နှင့် အနည်းငယ်လှမ်းပြီး၊ အစိုးရရုံးများဖြစ်သည့် အကောက်အခွန်ရုံး၊ အထွေထွေအုပ်ချုပ်ရေးရုံး၊ ရဲစခန်း၊ ဘဏ်များနှင့် အနီးဝန်းကျင်တွင် တည်ရှိသည်။
သံတွဲမြို့တွင် ဇွန်လ ၁၄ရက်နေ့ကတည်းက တယ်လီဖုန်းလိုင်းများပြတ်တောက်နေပြီး မြေပြင်နှင့် အဆက်အသွယ်ရရှိနိုင်ရန်နှင့် အရပ်သားများ လူ့အခွင့်အရေးချိုးဖောက်ခံရခြင်းအခြေအနေများကို သတင်းဌာနများတွင် သက်သေမှတ်တမ်းတင်နိုင်ရန် ခက်ခဲလျှက်ရှိသည်။



I don’t think the title of your article matches the content lol. Just kidding, mainly because I had some doubts after reading the article.