BattleNews

သံတွဲ-ဂွလမ်းပေါ်ရှိ တတိယမြောက်တံတားတစင်းကို စစ်တပ်က မိုင်းခွဲဖျက်ဆီး

ဂွ၊ နိုဝင်ဘာ ၁၅၊ ၂၀၂၄။

အာရက္ခတပ်တော်(အေအေ)၏ထိုးစစ်ကို ကြည်း၊ ရေ၊ လေ ပစ်ခံမှုများနှင့် အပြင်းအထန်ခုခံနေရသည့် စစ်ကောင်စီသည် ယမန်နေ့ညဦးပိုင်းက သံတွဲ-ဂွလမ်းပေါ်ရှိ ဆပ်သွားတံတားကို မိုင်းခွဲဖျက်ဆီး လိုက်ပြီးနောက် ဆပ်သွားကျေးရွာအနီးဝန်းကျင်တွင် ယနေ့ ပစ်ခတ်သံများ ငြိမ်သက်နေကြောင်း မြေပြင်သတင်းရင်းမြစ်ထံမှ သတင်းရရှိသည်။

“တံတားချိုးပြီးနောက်ပိုင်း ပစ်ခတ်သံ ငြိမ်နေတယ်၊ ဆပ်သွားရွာထဲက အိမ်တွေမှာ ကင်းပုံးတွေ ဝပ်နေကြတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ဂွမြို့နယ်ဒေသခံတဦးက ယနေ့ ညနေပိုင်းတွင် ဒွါရာဝတီသို့ ပြောသည်။

အလားတူ နောက်ထပ် သတင်းရင်းမြစ်တဦးက “ရွာမှာ လူမရှိတော့ဘူး”ဟု ဆပ်သွားရွာလုံးကျွတ် တိမ်းရှောင်နေရသည့် အခြေအနေကို ပြောသည်။

ဂွမြို့နယ်အတွင်း အေအေနှင့် စစ်ကောင်စီတပ်တို့ကြား ဖြစ်ပွားနေသည့် တိုက်ပွဲများသည် ၃လကျော် ကြာမြင့်လာခဲ့ပြီဖြစ်ပြီး စစ်ကောင်စီသည် ကြည်း၊ ရေ၊ လေ ပူးပေါင်းကာ အပြင်းအထန်ခုခံလျှက် ရှိသည်။ ဒေသခံပေါင်း ထောင်နှင့်ချီ အရေးပေါ် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရသည်။

စစ်ကောင်စီသည် ကမ်းသာယာဆည်လမ်းနှင့် လမ်းမကြီး ဆုံချက်အနီးရှိ သန့်တည်းခိုခန်း၊ လှစေတမန် တည်းခိုခန်း၊ ရွှေယမုန်ဦးတည်းခိုခန်း၊ ချော်ခေါင်းတောင်၊ ဖာလာတောင်ကြောတလျှောက်၊ ရဟိုင်ကွင်း ရွှေနန်းခိုင်ဘုရားကုန်းနှင့် တောင်တန်းရိပ်စားသောက်ဆိုင်၊ ရဟိုင်ဖျား စသည့် နေရာများတွင် အသီးသီး နေရာယူထားကြပြီး၊ တိုက်ပွဲဖြစ်ပွားနေသည့် ဆပ်သွားကျေးရွာအနီးဝန်းကျင်သို့ စစ်ကားအသွားအလာပြုလုပ်ကာ အင်အားဖြည့်နေကြောင်းသိရသည်။

“ဒီနေ့မနက် ဆပ်သွားကို စစ်ကား ၂စီးထပ်ပို့တယ်၊ ဆပ်သွားမှာ အင်အားများပေမယ့် ဖမ်းပြီး စစ်သားလုပ်ခေါ်လာတာတွေ၊ အပြန်မှာ အကုန်ပြန်ပါလာပြီး ခြေပြတ်၊ ဝှေးပြတ်တွေ၊ ဗိုလ်လို့ ခန့်မှန်းရတဲ့ကောင်က ခြေထောက် သွက်သွက်လည်၊ ၇ကောင်လုံး ရှင်ဖို့အလားအလာ မရှိဘူးလို့ ပြောတယ်” ဟု မြေပြင်နှင့် အဆက်အသွယ်ရသည့် ဂွမြို့နယ်မှ စစ်ရေးသတင်းရင်းမြစ်တဦးက ပြောသည်။

နိုဝင်ဘာ ၁၄ ညပိုင်းတွင် ချိုးဖျက်ခံလိုက်ရသည့် ဆပ်သွားတံတားမတိုင်ခင်လည်း အောက်တိုဘာ ၇ရက်က ကျိန္တလီတံတားကို လည်းကောင်း၊ ဇူလိုင် ၂၄ ရက်နှင့် ၂၆ ရက်နေ့များတွင် ချင်းကွင်းတံတားကို လည်းကောင်း အသီးသီး မိုင်းခွဲဖျက်ဆီးကာ ဆုတ်ခွာခဲ့သည်။

မနေ့ညက မိုင်းခွဲချိုးဖျက်ခံလိုက်ရသည့် သံတွဲမြို့နှင့် ဂွမြို့ကြား(ဂွမြို့မြောက်ဘက် မိုင် ၂၀အကွာ) အဆိုပါတံတားသည် ရခိုင်တောင်ပိုင်းဒေသ လမ်းပန်းဆက်သွယ်ရေးအတွက် အရေးပါသည့် ချောင်းကူးတံတားတခုဖြစ်ပြီး သံတွဲ-ဂွလမ်းမပေါ်တွင် စစ်ကောင်စီဖျက်ဆီးလိုက်သည့် တတိယမြောက်တံတားလည်း ဖြစ်သည်။

သံတွဲမြို့နယ်နှင့် ဂွမြို့နယ်အတွင်း စစ်ကောင်စီက မိုင်းခွဲ ဖျက်ဆီးခဲ့သည့် ပြည်သူပိုင်တံတားပေါင်း ၆စင်းရှိပြီဖြစ်သည်။

အေအေ၏ ထိုးစစ်ရပ်တန့်သွားရန်ရည်ရွယ်၍ ပြည်သူပိုင်တံတားများကို ဖျက်ဆီးခဲ့သည့် စစ်ကောင်စီသည် ဂွမြို့မြို့မြောက်ဘက် မိုင် ၄၀အကွာမှ တဖြည်းဖြည်းတပ်ဆုတ်လာခဲ့ရာ ယခုလက်ရှိတွင် မိုင်ပေါင်း ၂၀အထိ ခရီးပေါက်လာပြီဖြစ်သည်။

စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုကြောင့် ဆပ်သွားတံတား တဖက်ခြမ်းရှိ ဂျိုင်ကောက်ကျေးရွာတွင် အရပ်သားသေဆုံးမှုများရှိခဲ့ကြောင်း

ရခိုင်ကမ်းရိုးတန်းအထူးပြုသတင်းဌာနတခုဖြစ်သည့် လေးဝတီသတင်းဌာနတွင် ဖော်ပြထားသည်။

ဂွမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေသည့် ဒေသတလျှောက် တယ်လီဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ တဖြည်းဖြည်းပြတ်တောက်လာနေပြီး မြေပြင်အခြေအနေများကို ဆက်သွယ်သတင်းရယူနိုင်ရန် ခက်ခဲလျှက်ရှိသည်။

ဓာတ်ပုံ- APM နှင့် လူမှုကွန်ရက်စာမျက်နှာ။

ပုံစာ- စစ်ကောင်စီ၏ မိုင်းခွဲဖျက်ဆီးခြင်းခံလိုက်ရသည့် ဆပ်သွားတံတား။

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button